ကမ္ဘာကြီးရဲ့ အပြောင်းလဲက အရမ်းမြန်နေပါတယ်။ ဒီတော့ ခင်ဗျားရဲ့ ဘွဲ့လက်မှတ်က ဒီလို မြန်ဆန်တဲ့ လောကကြီးထဲမှာ ရှင်သန်နိုင်ဖို့ လုံလောက်တာ သေချာရဲ့လားဗျ? စဉ်းစားစရာပဲနော်…..။
ဘွဲ့နဲ့ ပတ်သတ်လို့ ပြောရရင် ကျွန်တော့်မှာ ခွဲခြားပြစရာ ၂ မျိုးရှိတယ်ဗျ။
(၁) PhD အထိရအောင်ယူပြီး သုတေသနတွေနဲ့ လူ့လောကကို အကျိုးပြုချင်တဲ့သူ နဲ့
(၂) အလုပ်တခုရဖို့နဲ့ ဂုဏ်သီးသန့်အတွက် ဘွဲ့တခုယူတဲ့သူ ဆိုပြီး ခွဲခြားကြည့်လို့ရပါတယ်။
ဒီလိုခွဲခြားပုံမျိုးကို ကြိုက်တဲ့ကမ္ဘာ့နိုင်ငံတွေမှာ လိုက်ကြည့်လို့ရတယ်ဗျ။ အားလုံးက ဒီအတိုင်းပဲ။
ကျွန်တော် ၂ မျိုးခွဲပြထားပေမယ့် နောက်ဆုံးအမျိုးအစားဖြစ်တဲ့ နံပါတ် (၃) သိလိုစိတ်ပြင်းပြသူ ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ အကြောင်းက သူတို့တွေက နောက်ထပ် Bill Gate တွေဖြစ်လာနိုင်လို့ပါပဲ။
(၁) PhD အထိရအောင်ယူပြီး သုတေသနတွေနဲ့ လူ့လောကကို အကျိုးပြုချင်တဲ့သူ
ဒီလိုလူမျိုးက ရှားပါတယ်။ အများစုက PhD ယူကြတယ်ဆိုတာ ဂုဏ်ပုဒ်နဲ့ အချိန်တန်ရင် ဌာနမှူး လုပ်ချင်ကြတဲ့ သူတွေများပါတယ်။ မြန်မာပြည်မှာတော့ အများဆုံးတွေ့ရတာပေါ့လေ။ တကယ်တမ်း သုတေသနဌာနတွေဖွဲ့ ၊ အဖွဲ့တွေဖွဲ့ပြီး နည်းပညာအသစ်တွေ ၊ ရှာဖွေတွေ့ရှိမှုအသစ်တွေ လုပ်နိုင်မယ်ဆိုရင်တော့ ဒီလမ်းကြောင်းကို ဆုံးအောင်လျှောက်ပြီး PhD တွေဖြစ်အောင် လုပ်ကြပါလို့ပဲ ပြောချင်ပါတယ်။
PhD လမ်းစဉ်ဟာ ဘယ်ခေတ်မှာမဆို အရေးအပါဆုံးဖြစ်သလို ၊ လူအလေးစားခံရဆုံး တွေထဲက တခုဆိုလဲမမှားပါဘူး။ ကျွန်တော်လေးစားရတဲ့ သူတွေကတော့ Stephen Hawking နဲ့ Einstein တို့ပေါ့လေ။ အခြားသူတွေလဲ အများကြီးရှိပါတယ်။
ဒီတော့ ဒီလိုမျိုး လူ့လောကကို အကျိုးပြုပေးချင်တာမဟုတ်ရင် ကိုယ့်အချိန်ကို မဖြုန်းပါနဲ့။ ဘွဲ့တခုယူပြီး ကုမ္ပဏီဝန်ထမ်းလုပ်ရင်း အောင်မြင်အောင် ကြိုးစားလိုက်ပါ။ PhD ရလည်း ၀န်ထမ်းက ၀န်ထမ်းပါပဲ။ ကိုယ် PhD ယူရတဲ့ ရည်ရွယ်ချက်က ရာထူးကြီးဖို့ သက်သက်ဆိုရင်တော့ လူ့လောက အတွက် အဆိပ်လိုဖြစ်နေလိမ့်မယ်ဗျ။
(၂) အလုပ်တခုရဖို့နဲ့ ဂုဏ်သီးသန့်အတွက် ဘွဲ့တခုယူတဲ့သူ
ဒီ နံပါတ် ၂ အမျိုးစားကတော့ လူအများစုပါပဲ။ ဘွဲ့ရမှ အလုပ်ရမယ် ၊ ဘွဲ့လက်မှတ်ပြမှ အလုပ်ကောင်းလေး တခုရမယ် ၊ နောက်ပြီး အချိန်တန်ရင် ပြစရာ ဂုဏ်ကလေးတခုတော့ ရှိမယ်လို့ တွေးထားကြတဲ့သူတွေပါ။ မြန်မာပြည်မှာကတော့ ဒီလို တွေးတဲ့သူအရမ်းများပါတယ်။ ဘွဲ့ဆိုရင် ဘာဘွဲ့ပဲဖြစ်ဖြစ် ရအောင်ယူမယ်… ဒါမှ အလုပ်ရမယ်လို့ တွေးထင်ကြတာမျိုးပေါ့ဗျာ..။
အရင်ခေတ်ကတော့ သာမာန် ဘွဲ့ရတယောက်ရဲ့ အရေးပါမှုက ကြီးချင်ကြီးပါလိမ့်မယ်။ ဒီခေတ်မှာတော့ တပိုင်းတစလောက်တောင် သိပ်ပြီး အရေးမပါလှတော့။ “အော်အေး… ဘွဲ့ရထားပါလား…” ဆိုတာမျိုးလောက်ပဲ။ မြန်မာပြည်မှာက Skilled Labor အများကြီးလိုတယ်။ ဘွဲ့ကြီးတခုကိုင်ထားပြီး ယောင်လည်လည် ဖြစ်နေမယ့်သူတွေကို ဘယ်သူကမှ မခိုင်းချင်ကြဘူး။
ဒီတော့ ဘွဲ့တခုနဲ့ ဘယ်လိုမှ မလုံလောက်ဘူး ။ အခြားအရည်ချင်းတွေ အများကြီးရှိထားမှ ရမယ်။ လက်မှတ်တွေကို ပြောတာမဟုတ်ဘူးနော် အရည်ချင်းတွေကို ပြောတာ။ ထိပ်ဆုံးဆိုတာကို တက်သွားချင်ရင်တော့ ဘွဲ့တခုထက်ပိုတဲ့ အဖိုးထိုက်တန်မှု ကိုယ့်မှာ ရှိမှရမယ်။
(၃) သိလိုစိတ်ပြင်းပြသူ
သူတို့တွေကတော့ အင်မတန်ရှားပါတယ်။ တချိန်လုံး ဘယ်လိုလုပ်ရမလဲ ၊ ဘာကို ထပ်ပြီးလေ့လာရမလဲ ၊ ဘယ်အရည်ချင်းတွေ ထပ်ဖြည့်ရမလဲ ၊ လောကကြီးဘာတွေဖြစ်နေလဲ ၊ သိပ္ပံလောကဘာတွေ ဖြစ်နေလဲ ၊ ဘယ်သူတွေက ဘာတွေ တီထွင်လိုက်ပြီလဲ … စသဖြင့် အရမ်းကို သိချင် တတ်ချင်နေတဲ့သူမျိုးပေါ့လေ။
ခင်ဗျားနဲ့ စကားပြောရတာ နားကိုမလည်ဘူးတို့ ၊ စောက်ကြီးစောက်ကျယ်တွေ အရမ်းပြောတယ်တို့ စတဲ့ စကားသံတွေကို ခဏခဏ ကြားဖူးကြပါလိမ့်မယ်။ အဲ့လိုလူမျိုးထဲမှာ ပါရင်တော့ ခင်ဗျားကို အရူးလို့ သမုတ်ခံရတာ မကြာခဏ ကြုံဖူးမှာပါ။
အဲ့လိုလူတွေအတွက်က ဘွဲ့တွေ ၊ ဂုဏ်တွေဆိုတာ ဖွဲပြာလိုပဲ။ စားလို့လဲမရ ၊ သောက်လို့လဲမရတဲ့ ဟာတွေပေါ့။ သူတို့အတွက် အရေးပါတာက အသိပညာ နဲ့ အတတ်ပညာ။ ဒါပဲ။ အခြားဘာမှ မရှိ။
အကြမ်းမျဉ်းအားဖြင့်တော့ ဘွဲ့အပေါ် ထားတဲ့အမြင်က လူအုပ်စု ၃ ခုအပေါ်မူတည်ပြီးတော့ အများကြီး ကွဲပြားပါလိမ့်မယ်။ အကယ်လို့ ခင်ဗျားအတွက်က ဘွဲ့တခုနဲ့ အဆင်ပြေတယ်ဆိုလဲ အိုကေတယ်။ ဘယ်သူဘာပြောပြော သောက်ဂရုစိုက်မနေနဲ့။ ကိုယ့်လမ်းကိုယ်ဖောက် ၊ ကိုယ့်ထမင်းကိုယ်စားရတဲ့ သူတွေချည်းပဲ။
ဒီတော့ ဘွဲ့တခုနဲ့ လုံလောက်ပါသလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ …. မိတ်ဆွေ… ခင်ဗျား အပေါ်ပဲ မူတည်တယ်။
Source; Lunge.media