×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 07 August 2019

“ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုး (၇) ချက်”

“ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုး (၇) ချက်” pexels

ဒီနေ့ခေတ် ကျွန်တော်တို့တွေရဲ့ လူနေမှုဘ၀မှာ ဆိုရှယ်မီဒီယာဟာ အင်မတန်မှကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အရင်ကတော့ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ရင် အကောင်းတွေချည်း ပြောကြတာ များတယ်။ ခုလို အသုံးပြုမှုတွေ များလာ၊ အသုံးပြုတာတွေ ကြာလာတဲ့နောက်မှာတော့ ဒီဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကိုလည်း မြင်လာကြတယ်။

ဒါကြောင့် ဒီဆောင်းပါးထဲမှာလည်း အဲ့လို သတိထားသင့်တဲ့ အချက် ၇ ချက်ကို ပြောပြချင်ပါတယ်။

 

၁။ သတင်းအချက်အလက် များလွန်းခြင်း

Information overload လို့ ခေါ်ပါတယ်။ သတင်းစာတစ်စောင်၊ မဂ္ဂဇင်းတစ်အုပ်ဟာ စာမျက်နှာရှိသလောက်ပဲ သတင်းအချက်အလက် ပေးလို့ရတယ်။

ဒါပေမဲ့ ဆိုရှယ်မီဒီယာကတော့ ကိုယ်ယူချင်ရင် ယူချင်သလောက်၊ ယူနိုင်ရင် ယူနိုင်သလောက် သတင်းအချက်အလက်တွေ အကန့်အသတ်မဲ့ ရှိနေတယ်။

သတင်းအချက်အလက် ရှားတော့ မရမက လိုက်ရှာရတယ်။ ခုခေတ်ကျ များလွန်းပြီး စိတ်ချယုံကြည်ရမှု နည်းလာတဲ့အခါ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရွေးချယ်တတ်ဖို့က သိပ်လိုလာတယ်။

Newsfeed မှာ ပေါ်လာသမျှ အကုန်လိုက်ဖတ်နေလို့တော့ မဖြစ်ဘူး။ မြောက်များစွာသော သတင်းတွေကြားထဲမှာ နစ်မျောရင်း အချိန်တွေ ကုန်မယ်။

အရေးမပါတာတွေနဲ့ ဦးနှောက်တွေ ပြည့်ကြပ်နေမယ်။ ဒါကြောင့် ဘယ်လိုအကောင့်တွေ၊ ပေ့ခ်ျတွေကို ကြည့်မယ်၊ အချိန်ဘယ်လောက်ပဲ သုံးမယ် ဆိုတာမျိုးတွေ ကန့်သတ်ထားမှ ရတော့မယ်။

 

၂။ ၀ါဒဖြန့်လွယ်ခြင်း

ကျွန်တော်တို့နိုင်ငံဟာ ပညာရေးစနစ် ဖျက်ဆီးခံခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ ရလဒ်အနေနဲ့ Critical thinking လို့ ခေါ်တဲ့ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်း အားနည်းကုန်ကြတယ်။

 နောက်ပြီး အများစုဟာ Digital illiterate ဖြစ်တယ်။ ဆိုလိုတာက နည်းပညာကလည်း မကျွမ်းကျင်ဘူး။

ဒီအပေါ်မှာ သတင်းတု၊ သတင်းမှားတွေ၊ ရည်ရွယ်ချက်နဲ့ တမင်ဖြန့်တဲ့ သတင်းတွေ ရှိနေတယ် ဆိုတာ သဘောမပေါက်ဘူး။ မြင်သမျှကို အကုန်ယုံတယ်။ တကယ် လို့ထင်တယ်။

အဲ့လိုအခြေအနေမျိုးမှာ အယူအဆတစ်ခု၊ အကြောင်းအရာတစ်ခုကို ၀ါဒဖြန့်ချင်သူတွေ၊ လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခုခုကို ပုံဖျက်တိုက်ခိုက်ချင်သူတွေအတွက်က သိပ်လွယ်သွားတယ်။

ဒါကြောင့် ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး တို့၊ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး တို့ဆိုတာတွေက ဆိုရှယ်မီဒီယာခေတ်၊ အထူးသဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းပြီး မြင်မြင်သမျှ၊ ကိုယ်သဘောကျတဲ့လူ ပြောပြောသမျှ အဟုတ်ထင်တဲ့ လူတွေ အများစုရှိနေတဲ့ ခေတ်မှာ သိပ်မမှန်ချင်တော့ဘူး။

ကိုယ်ကောင်းလည်း ခေါင်းရွေ့သွားနိုင်တဲ့ခေတ်မျိုး ဖြစ်နေပါပြီ။ "အားလပ်ချိန်မှာ စာဖတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ"

 

၃။ အပေါ်ယံဆန်တဲ့ ရင်းနှီးမှုတွေ

ဖေ့စ်ဘွတ်မှာ သူငယ်ချင်း ဘယ်နှယောက်ရှိသလဲဆို အယောက် ၅ ထောင် ရှိတယ်။ ဒါပေမဲ့ အပြင်မှာ ကိုယ်နေထိုင်မကောင်းလို့ သတင်းလာမေးမယ့်သူ၊ စောင့်ရှောက်မယ့်သူကျ ၅ ယောက်တောင် မရှိဘူး။

ကိုယ်ဝမ်းသာစရာတစ်ခုကို တင်လိုက်တယ်။ တကယ်လည်း ၀မ်းမသာဘဲနဲ့ Congratulations လို့ ၀င်ရေးသွားကြတယ်။ ကိုယ် စိတ်ထိခိုက်စရာတစ်ခုခု၊ ကျရှုံးမှုတစ်ခုခုကို ရင်ဖွင့်တဲ့အနေနဲ့ တင်လိုက်တယ်။

တအားကို ၀မ်းသာသွားတဲ့ မျက်နှာတွေကို အုပ်ပြီး Fighting လို့ ၀င်ပြောသွားကြတယ်။

ဒီလိုမျိုး အပေါ်ယံဆန်တဲ့ ရင်းနှီးမှုတွေ၊ Relationship တွေနဲ့ပဲ နေနေရတဲ့အခါ၊ ဒါတွေကို တကယ်ထင်လာတဲ့အခါ၊ သာယာလာတဲ့အခါ လက်တွေ့ပြင်ပဘ၀မှာ အနှစ်သာရ ပြည့်ဝတဲ့ ရင်းနှီးမှုမျိုးတွေ တည်ဆောက်ဖို့ ပျက်ကွက်လာကြတယ်။

ရလဒ်အနေနဲ့ လူတွေက အထီးကျန်လာတယ်။ အဖော်မဲ့လာတယ်။ ယုံကြည်စိတ်ချရတဲ့သူ၊ ကိုယ်နဲ့ စိတ်ချင်းဆက်နွယ်မှု (Emotional attachment) ရှိတဲ့သူ ရှားလာတယ်။ မှီစရာ ပခုံးတစ်ဖက်၊ ရင်ဖွင့်စရာ နားတစ်စုံတောင် မရှိတော့ဘူး ဖြစ်လာတယ်။

 

၎။ စိတ်ဓါတ်ကျလာခြင်း

ဆိုရှယ်မီဒီယာ သုံးတဲ့သူ၊ ကျွန်တော်ထင်တယ်၊ ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းလောက်ဟာ ကောင်းတာတွေပဲ ပြကြတယ်။

ချစ်သူနှစ်ယောက် ရန်ဖြစ်နေချိန် အဆင်မပြေတာတွေကို ဖေ့စ်ဘွတ်ပေါ် တင်တာထက် ကောင်လေးက ရိုမန်တစ်ဆန်ဆန်တွေ လုပ်ပြတဲ့အချိန်ကို တင်တာက ပိုများတယ်။

အလုပ်၊ ပညာရေး၊ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း အောင်မြင်တဲ့အချိန်သာ လူသိခံကြတာ။ ရှုံးနိမ့်နေတဲ့အချိန် ဘယ်သူမှ ပို့စ်တင်ကြတာ မဟုတ်ဘူး။

အဲဒီလိုပို့စ်မျိုးတွေကို မြင်ပြီး ကိုယ့်ဘ၀နဲ့ သူတို့ဘ၀ကို ယှဉ်ပြီး စိတ်အားငယ်လာတာ၊ စိတ်ဓါတ်ကျတာမျိုးတွေ ရှိလာနိုင်ပါတယ်။

သူတစ်ပါး အောင်မြင်ပျော်ရွှင်နေတာကို ၀မ်းမသာပေးရဘူး မဟုတ်ပါဘူး။ နှစ်ခုပဲ သတိရစေချင်တယ်။

ဆိုရှယ်မီဒီယာမှာ အကောင်းတွေချည်း တင်ထားတိုင်း သူတို့ဘ၀မှာလည်း အရာရာ ပြည့်စုံနေတာ မဟုတ်ဘူး၊ သူလိုကိုယ်လို စိတ်ညစ်စရာတွေ၊ ဒုက္ခတွေတော့ ရှိတာပဲ ဆိုတာလေး သိထားပေးဖို့ရယ်၊

သူ့ဘ၀၊ ကိုယ့်ဘ၀ ဘယ်လိုမှ ထပ်တူမညီနိုင်ဘဲ ကိုယ့်ဘ၀က ပေးလာတဲ့ အခြေအနေကိုပဲ အကောင်းဆုံး လျှောက်လှမ်းကြရမှာ ဆိုတာကို လက်ခံထားပေးဖို့ရယ်ပါ။

 

၅။ စွဲလမ်းလာခြင်း

ဆိုရှယ်မီဒီယာမှာ ပို့စ်တစ်ခု တင်လိုက်ပါ။ ဓါတ်ပုံဖြစ်ဖြစ်၊ စာဖြစ်ဖြစ်ပေါ့။ အဲဒါကို မြင်ပြီး သဘောကျ နှစ်သက်သူတွေက Like လုပ်ပါလိမ့်မယ်။

အဲဒါက စိတ်ကျေနပ်မှုကို ပေးပါတယ်။ အဲ့လိုနဲ့ ကျေနပ်မှုကို ရရင်း၊ ရရင်းကနေ ဒါကို ဆေးလိပ်စွဲသလို၊ မူးယစ်ဆေး စွဲသလို စွဲလာပါတယ်။ ဒါကိုမှ မရရင် မနေတတ်တော့ဘူး ဖြစ်လာတယ်။

အဲ့လိုနဲ့ နေရာတကာ ၀င်ပါတယ်၊ ပို့စ်တွေ ခဏခဏ တင်တယ်၊ အကြောင်းအရာပေါင်းစုံကို ထင်မြင်ချက် ၀င်ပေးတယ်။ Notification တက်မလာရင် လူက မနေတတ်တော့ဘူး ဖြစ်လာတယ်။

ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာပဲ အချိန်တွေကုန်ပြီး တကယ့်အလုပ်မှာ အာရုံစူးစိုက်မှုတွေ လျော့နည်းလာပါတယ်။

ပြောရရင် ဆိုရှယ်မီဒီယာကို ကိုယ်က သုံးတာ မဟုတ်တော့ဘဲ သူက ကိုယ့်ကို ပြန်သုံးနေတဲ့ အခြေအနေမျိုး ဖြစ်သွားပါတော့တယ်။

 

၆။ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အနိုင်ကျင့် စော်ကားမှုများ

ဒီကနေတစ်ဆင့် ခင်ကြ၊ မင်ကြ၊ တချို့ဆို ချစ်သူဖြစ်ကြ။ အဲ့လိုနဲ့ အပြင်မှာတွေ့၊ တွေ့တဲ့ရက်မှာပဲ လိင်မှုကိစ္စ ဖြစ်သွား။

အဲ့ဒီနေ့ကစပြီး ဒီကောင်လေးကို ရှာလို့မရတော့။ ကိုယ်ဝန်နဲ့များ ကျန်ခဲ့ရင်၊ ရောဂါတွေ ရခဲ့ရင်၊ ဗီဒီယိုရိုက်ခံလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေက ကြီးဦးမယ်။

မိန်းကလေးတွေရဲ့ ဓါတ်ပုံအောက်မှာ ညစ်ညစ်ညမ်းညမ်း ပြောသွားတာမျိုးတွေ၊ အဲဒီပုံတွေကို သုံးပြီး အကောင့်တုဖွင့်၊ Sex chat တာတွေ၊ ခြိမ်းခြောက်စော်ကားတာတွေ၊

မက်ဆန်ဂျာကနေတစ်ဆင့် ညစ်ညမ်းဓါတ်ပုံ ပို့တာမျိုးတွေ၊ လိင်စိတ်တိမ်းညွှတ်မှုအရ အမျိုးသားချင်း စုံမက်သူတွေကို နှိမ့်ချစော်ကားတာတွေ စသဖြင့် စသဖြင့် မမြင်ချင်မှအဆုံးကို တွေ့နေရပါတယ်။

"အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိနဲ့ သွက်သွက်လက်လက်ပြောနိုင်ဖို့ နည်းလမ်း(၉) ခု"

 

၇။ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း

Cyberbullying ဆိုတဲ့ စကားနဲ့တော့ သိပ်မစိမ်းကြလောက်တော့ဘူး ထင်ပါတယ်။ ဆိုရှယ်မီဒီယာဟာ အမှားမခံပါဘူး။

လူတွေဟာ စိတ်ခံစားချက်ကိုလည်း သိပ်ရှေ့တန်းတင်ကြတယ်။ အဲဒီအပြင် တခုခုဆို ၀င်ပြီး အဆုံးအဖြတ်ပေးလိုက်ဖို့ (Judgement လုပ်ဖို့) လည်း ၀န်မလေးကြဘူး။

ပြဿနာတစ်ခု ဖြစ်တယ်ဆိုပါစို့။ တကယ်တမ်း ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာ ကာယကံရှင်တွေပဲ သိကြမယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ရေးရင်၊ ပြောရင်တော့ ဘယ်သူမဆို ကိုယ်မှန်တဲ့ဘက်ကပဲ ရေးကြတာပဲ။

ကိုယ်လွန်ခဲ့တာတွေ ရေးရင်တောင် နည်းနည်းတော့ ဖော့ရေးတာပဲ။ ဒါကိုဖတ်ပြီး သူ အမှန်လို့ ဆုံးဖြတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေကတော့ ၀င်ဆုံးဖြတ်တယ်။ ခေတ်စကားနဲ့ ပြောရရင် ဆွမ်းကြီးဝိုင်းလောင်းတယ်။

သဘောမကျလို့ ဝေဖန်ရာကနေ အုပ်စုဖွဲ့ အနိုင်ကျင့်သလို လွန်လွန်ကျူးကျူးတွေ ဖြစ်လာတယ်။

ဒါကြောင့် ဒီအဖြစ်အပျက် အစအဆုံး၊ ဒီလူ့အကြောင်း ခရေစေ့တွင်းကျ တကယ်သိမှပဲ ၀င်ပါကြ၊ ၀င်ပြောကြတာ ကောင်းပါလိမ့်မယ်။

ကျွန်တော်ဆိုလည်း ခုနောက်ပိုင်း ဆိုရှယ်မီဒီယာမှာ လူပြောများတဲ့ အကြောင်းအရာ တော်တော်များများကို ၀င်မပါတော့သလို၊ ထင်မြင်ချက် ပေးခိုင်းတဲ့အခါမှာလည်း ငြင်းလေ့ရှိပါတယ်။

ကိုယ်မှ တကယ်မသိဘဲကိုး။ တစ်ချိန် အဲ့လိုအထင်လွဲခံ၊ Judge လုပ်ခံရတဲ့သူဟာ ကိုယ် မဖြစ်လာဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ဘူးလေ။

ဆိုရှယ်မီဒီယာမှာ ရစရာမရှိအောင် ဆဲခံရတယ် ဆိုတာ ရုတ်တရက်ဆို ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ တကယ်ကြုံဖူးမှ သိလိမ့်မယ်။

တစ်ယောက်ကိုမှ ကွန်မန့်တစ်ခုပဲ ၀င်ရေးသွားကြတာပဲ၊ ဒါပေမဲ့ အဲ့ဒီကွန်မန့်တွေ ပေါင်းပြီး ခံရတဲ့သူကျ အတော်လေးကို စိတ်ဓါတ်မာကြောမှ ရနိုင်တာမျိုး။

သူတို့ တကယ်မမှားဘဲ ဆဲခံရသူတွေ၊ မှားတာနဲ့ မထိုက်တန်လောက်အောင် ဆဲခံရသူတွေ အများကြီး ရှိခဲ့ဖူးတယ်၊ ရှိလည်း ရှိနေဆဲ၊ နောင်လည်း ရှိနေဦးမှာပဲ။

ဆိုရှယ်မီဒီယာဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘ၀မှာ ထဲထဲဝင်ဝင် ပတ်သက်နေပါတယ်။

လုံးဝ ရှောင်လိုက်ဖို့တော့ လတ်တလောမှာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဆိုးကျိုးတွေ၊ ကိုယ့်ကို ပြဿနာ ပေးနိုင်တာတွေကို သိထားပြီးမှ သုံးရင်တော့ ပိုကောင်းပါလိမ့်မယ်။

အနည်းဆုံး ကိုယ်တော့ စိတ်ချမ်းသာရတာပေါ့။ ဒါကြောင့် ခုဆောင်းပါးမှာ ဆိုရှယ်မီဒီယာရဲ့ အနှုတ်လက္ခဏာ ဆောင်တဲ့ အချက်တွေကို ဝေမျှပေးလိုက်ခြင်း ဖြစ်ပါတယ်။

ဖတ်ပြီး စဉ်းစားစရာ တခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ "ဂစ်တာတီး စသင်နေတဲ့ သူတွေအတွက် အကြံပြုချက် (၇) ချက်"

 

 

ရေးသားသူ : ဒေါက်တာဖြိုးသီဟ

sayar.com.mm

 

Read times
Rate this articles
(0 votes)