×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 29 August 2019

ပတ်ဝန်းကျင်မှာ လူရာဝင်ဆန့်တဲ့သူ တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?

ပတ်ဝန်းကျင်မှာ လူရာဝင်ဆန့်တဲ့သူ တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ? google.com

၁။ နေရာလဲပြီး စဉ်းစားတတ်အောင်လုပ်ပါ

သူများနေရာဝင်ပြီး စဉ်းစားပေးတဲ့ အကျင့်မျိုးဖြစ်တယ်။ တစ်ယူသန်ခြင်း၊ အတ္တကြီးခြင်း၊ ဗိုလ်ကျခြင်းများ ကင်းအောင်နေပါ။

၂။ ပတ်ဝန်းကျင်ကို ၀င်ဆန့်လွယ်ခြင်း

သတ္တလောကကြီးဟာ ဘယ်လိုတရားသဘောနဲ့ ပဲ ပြည့်ဝနေပါစေ၊ ကြီးနိုင်ငယ်နင်း၊ ၀င်ဆန့်နိုင်တဲ့ တတ္တ၀ါ နေရာယူသွားတာ များပါတယ်။

လူသားတွေလည်း ဒီလိုပါပဲ၊ သေရေးရှင်ရေး ဖြစ်လောက်အောင် မယှဉ်ပြိုင်ရပေမဲ့ အရည်အသွေးထိန်းထားနိုင်တဲ့လူဟာ ရပ်တည်မူ ရှည်ကြာ သွားတာပါ။

 

၃။ သူများ အပေါ် သဘောထားကြီးပါ

လူရာဝင်ကြတဲ့သူများဟာ သဘောထားကြီး ကြပါတယ်။ ရက်ရောကြပါတယ်။ အသေးအဖွဲမှာ တွက်ကပ်မနေပါဘူး။

သူတို့ဟာ ကိစ္စကြီးကြီး ဆိုရင် သတိဝိရိယ နဲ့ ကိုင်တွယ်ကြတယ်။ မိမိကိုယ်မိမိစည်းကမ်း ကြပ်မတ်နိုင်သူများဖြစ်ကြတယ်။ သူများအပေါ် ခွင့်လွတ်လွယ်တဲ့သူများ ဖြစ်ကြပါတယ်။

လူဆိုတာ စိတ်ရင်းခံ ကောင်းမွန်ခြင်းဟာ ဥာဏ်ကောင်းခြင်း ထက် အရေးကြီးပါတယ်။ ဥာဏ်ကောင်းခြင်း၊ ထက်မြက်ခြင်းဟာ မွေးရာပါဖြစ်တတ်ပြီး စိတ်ရင်းခံကောင်းမွန်ခြင်းဟာ ရွေးချယ်မူ တစ်မျိုးဖြစ်ပါတယ်။

 

၎။ မိမိကိုယ်မိမိ နှိမ့်ချ နေထိုင်ပါ

Keep Low Profile ကို ဆိုလိုတာပါ။ သူတို့ဟာ အပြောထက် အလုပ်ကို ဦးစား ပေးဖို့ လိုပါတယ်။

ကြည့်တတ်တဲ့သူ မြင်ပါလိမ့်မယ်။ Keep Low Profile ပုံစံနဲ့ နေထိုင်ခြင်းဖြင့် သူတို့ဟာပြိုင်ဘက်ကို နည်းပါးစေပါတယ်၊ ရန်သူနည်းပါးစေပါတယ်။ လုပ်ဖေါ်ကိုင်ဘက် ကောင်းတွေ့ ရှိစေနိုင်ပါတယ်။

 

၅။ သူတစ်ပါးကို ရက်ရက်ရောရော ချီးမွမ်းပါ

ချီးမွမ်းတတ်ပါ။ ရိုးရိုးရှင်းရှင်း ချီးမွမ်းတတ်ပါ။ ရက်ရက်ရောရော ချီးမွမ်းတတ်ပါ။ ချီးမွမ်းတတ်ခြင်းကြောင့် သင်လူချစ်လူခင် ပေါများလာပါလိမ့်မယ်။

ချီးမွမ်းခြင်းနဲ့ ဖားတတ်ခြင်း မတူညီပါ။ ချီးမွမ်းခြင်းဟာ သူများကောင်းကွက်ကို ဖေါ် ထုတ်အသိ အမှတ်ပြုခြင်းဖြစ်ပြီး ဖားတတ်ခြင်းဟာ အကျိုးမျော်လို့ ညောင်ရေလောင်းခြင်း သာဖြစ်တယ်။

 

၆။ ယဉ်ကျေးမှုရှိပါ

ကျနော်တို့နဲ့ ဆက်ဆံတဲ့လူတိုင်း စိတ်ချမ်းသာအောင် ကျနော်တို့မှာ တာဝန်မရှိပါ။ သူများစိတ်မချမ်းသာအောင် မလုပ်မိဖို့တော့ ဆင်ခြင်ရပါ လိမ့်မယ်။ ယဉ်ကျေးပါ။ အောက်မကျို့ ပါနှင့်။

 

၇။ မိမိကိုယ်မိမိ စမ်းစစ်ပါ

လူဆိုတာ သူများကို ပိုအစိုးမရတာမို့ သူများအပြစ်ကို ထိုင်ပြောနေရင် ကိုယ့်အတွက် အကျိုးမရှိပါ။ မိမိကိုယ်မိမိ စမ်းစစ်တတ်မှသာလျှင် တစ်စတစ်စ ပိုမိုတိုးတက်သွားမှာပါ။

 

၈။ ကျေးဇူးတင်ပါ

ကျေးဇူးတင်ရင် ကျေးဇူးရဲ့ အကျိုးကျေးဇူးကို ခံစားရပါတယ်။ ကျေးဇူးရှင်လုပ်ခြင်းထက် ကျေးဇူးတင်တတ်တဲ့လူကို ဖြစ်အောင် ကြိုးစားပါ။

တိုင်းပြည်တစ်ခုလုံး၊ အဖွဲ့အစည်းတိုင်း ကျေးဇူးရှင်အဖြစ် သရုပ်ဆောင်နေရင် တော့ တိုးတက်ဖို့ အဟန့်အတားပါ။

 

၉။ အချိန်တိကျမှုရှိပါ

ကိုယ်သာ စောင့်ဆိုင်းတဲ့လူဖြစ်ပါစေ၊ သူတစ်ပါးကို မစောင့်ဆိုင်းစေပါနှင့်၊ အချိန်ကိုလေးစားခြင်းဟာ သူတစ်ပါးကို လေးစားခြင်းဖြစ်ပါတယ်။

ရာထူးကြီးလေ အစည်းအဝေးကို နောက်ကျမှ ရောက်တတ်လေဆိုတဲ့ အကျင့်မျိုးကို လူကြီးတွေကစပြုပြင်သင့်ပါတယ်။

 

၁၀။ မူမှန်စိတ်ကို မွေးမြူပါ

အနိစ္စတရားဟာ သဘာဝလည်းဟုတ်တယ်၊ ကြောက်စရာလည်း ကောင်းပါတယ်၊ မူမှန်စိတ်ကို မွေးမြူထားခြင်းဖြင့် လောကဒဏ်ကို ပိုခံနိုင် ပါလိမ့်မယ်။

 

၁၁။ သည်းခံပါ

ဘယ်ကိစ္စကြုံကြုံ တည်ငြိမ်ဖို့ လိုပါတယ်။ သီးခံတတ်ဖို့ လိုပါတယ်။ တစ်ခါတစ်လေ သူများသင့်ကို ဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါ။

သင်ဘယ်လို အသက်ရှင် တယ်ဆိုတာ သူများနဲ့ မသက်ဆိုင်ပါ။ သူများအကြည့်၊ သူများအထင်ကြီးအထင် သေးမူကို သိပ်ဂရုစိုက်စရာ အကြောင်း မရှိပါ။ သူများကို သိပ်ဂရုမစိုက်ရင် သီးခံမူကို အထောက်အကူ ဖြစ်ပါတယ်။

 

၁၂။ ကတိတည်ပါ

ကတိပေးမလွယ်ပါစေနဲ့၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို လျှော့ပြီးပြောပေးပါ။ ကတိမတည်တဲ့လူဟာ စီးပွားကြီးကြီးမားမား ဖြစ်ဖို့ ခက်ခဲတတ်ပါတယ်။

 

ဆရာဦးအောင်သင်း

sayar.com.mm

Read times
Rate this articles
(1 Vote)