×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 07 June 2018

ဒါဖတ်ပြီးမှ Jack Ma ဗီဒီယို ကြည့်ပါ

ဒါဖတ်ပြီးမှ Jack Ma ဗီဒီယို ကြည့်ပါ google.com

Jack Ma ပြောပြတဲ့ ဗီဒီယိုတွေ အင်တာနက်မှာ တင်လိုက်တိုင်း ကြည့်ရှုသူ သိန်းသန်းချီတယ်။ ဂျက်မက ကြွယ်ဝသူ၊ ကျော်ကြားသူ၊ အောင်မြင်သူ ဖြစ်နေတာကြောင့် သူ့ဗီဒီယိုကို ကြည့်ဖြစ်ကြတာ မှန်ပေမဲ့ သူထက်မက ချမ်းသာ၊ သူ့ထက်မက အောင်မြင်၊

သူ့ထက်မက ကျော်ကြားသူတွေရဲ့ ပညာပေး ဗီဒီယိုတွေကို ဂျက်မရဲ့ ဗီဒီယိုလောက် မကြည့်ကြဘူး။ အထူးသဖြင့် အာရှမှာ ဂျက်မဗီဒီယိုက လူကြည့်အများဆုံးစာရင်းရဲ့ ဗီဒီယိုတိုင်းလိုလို ပါဝင်နေတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဂျက်မက နည်းပညာနယ်ပယ်မှ ပုဂ္ဂိုလ်ကျော်တွေ မလုပ်တဲ့ နည်းနာတွေကို အမြဲသုံးစွဲပြီး ပြောဆိုလို့ ဖြစ်ပါတယ်။

၁။ စကားကို ဖြည်းဖြည်းချင်းနဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုတယ်

ဒီစာကို ဖတ်ပြီးတဲ့အခါ ဂျက်မရဲ့ ဗီဒီယိုကို ကြည့်လိုက်ရင် သူ အင်္ဂလိပ်စကားပြောတဲ့အခါ သူ့ရဲ့ တင်ပြပုံကို သင် သဘောပေါက်သွားမယ်။ ဖြည်းဖြည်းပြောတယ်။ ခဏရပ်ထားတာတွေလည်း ရှိတယ်။ အဲဒါ တမင်ရပ်ထားတာ ဖြစ်ပါတယ်။ သူက တရုတ်ဆိုတော့ အင်္ဂလိပ်စကားက မိခင်ဘာသာစကား မဟုတ်တာကြောင့် စကားပြောရင် ရပ်ရပ်နေတာ မဟုတ်ဘူး။ သူက တရုတ်စကားနဲ့ ပြောဆိုရင်လည်း အခုလိုပဲ ဖြည်းဖြည်းပြောတယ်။ ခဏရပ်ရပ်ထားတာတွေ ရှိတယ်။ 

သူက ပရိသတ် နားလည်သဘောပေါက်တာ အမြင့်မားဆုံး ရအောင် ကျကျနန လုပ်ဆောင်တာ ဖြစ်ပါတယ်။ သူက ဖြည်းဖြည်းပြောတဲ့အတွက် နားထောင်တဲ့သူတွေ သူပြောတဲ့စကားကို အမီလိုက်နိုင်ကြစေတယ်။

ပရိသတ်က နည်းနည်းလေး တွေးတောစဉ်းစားဖို့ လိုမယ့်နေရာတွေမှာ သူက ပြောလက်စစကားကို ခဏရပ်ပေးထားလိုက်တယ်။

သူ့စကားကို စိတ်ထဲ မှတ်သားထားစေချင်တဲ့အခါမျိုးမှာ ပြောဆိုတဲ့ စကားလုံးတွေ ဝေါဟာရတွေကို အရပ်သုံးစကားလုံး ရိုးရိုးစင်းစင်းတွေ သုံးပြီး ပြောဆိုတယ်။ နည်းပညာရှင်တွေသာ နားလည်နိုင်မယ့် ဝေါဟာရတွေကို ရှောင်တယ်။ ပညာရပ် စကားလုံးကြီးတွေနဲ့ ပရိသတ်ကိုမဖိစီးဘူး။

ဒီတော့ နည်းပညာနယ်ပယ်ထဲမှာ ကျင်လည်နေတဲ့သူ မဟုတ်ရင်လည်း သူပြောတာကို သဘောပေါက်တယ်။ သူမှတ်သားစေလိုတာကို မှတ်မိသွားစေတယ်။ 

သူ့လို ပြောချင်တယ်ဆိုရင် ရိုးရိုးလေး ပြောပါ။ ခပ်တုံးတုံး တစ်ယောက်လို စကားလုံးတွေ သုံးနှုန်းပြီး ပြောပါ။

တောသားတစ်ယောက် စင်ပေါ်ရောက်ပြီး ပြောပြနေသလို ပြောပါ။ 

၂။ ထပ်ပြောခြင်းနဲ့ အသားပေးအလေးထားခြင်းကို သုံးစွဲတယ်

ဂျက်မက ထပ်ပြောပြခြင်း မကြာခဏ သုံးတယ်။ ဥပမာ သူက ၀န်ထမ်းတွေ ခန့်အပ်တဲ့အကြောင်းကို ပြောပြတဲ့အခါ  ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်သင်ယူသူဟာ အမြဲတစေ အကောင်းဆုံး ၀န်ထမ်းပဲတဲ့။ အဲဒီဟာကို ပြောပြီးတဲ့အခါ နောက်ထပ် စကားမှာသူက အဲဒါကိုပဲ စာလုံးတွေ နည်းနည်းပါးပါး ပြောင်းပြီး ထပ်ပြောပြန်ပါတယ်။ 

အမှားမှားအယွင်းယွင်းဖြင့် သူက ဓာတ်ပြားထစ်သလို နောက်တစ်ခေါက် ထပ်ပြောလိုက်တာ မဟုတ်ဘူး။ တမင်ရည်ရွယ်ချက်ရှိရှိဖြင့် စကားလုံးနည်းနည်းပါးပါး ပြောင်းပြီး ထပ်ပြောလိုက်တာ ဖြစ်ပါတယ်။ သူပြောချင်တဲ့အချက်ကို ပရိသတ်ရဲ့ ခေါင်းထဲကို ရိုက်ထည့်နေတာ ဖြစ်ပါတယ်။ နှစ်ခါထပ်မှ မှတ်မိမယ်ဆိုတဲ့နိဿယကို သုံးလိုက်တာ ဖြစ်ပါတယ်။ အရေးပါကြောင်း အလေးထားကြောင်း သိသွားစေပြီး သူက အခုလို ပြောပြီးတဲ့အခါ စကားကို ခဏရပ်ထားလိုက်တယ်။ ပရိသတ်က သူ့ပြောတဲ့စကားကို စိတ်ထဲ မှတ်မိစေဖို့ အချိန်အခိုက်အတန့်တစ်ခုကို ပေးလိုက်တာ ဖြစ်ပါတယ်။ 

ဒီနိဿယမှာ သတိထားရမှာက အလွန်အကျွံဖြစ်သွားတတ်တယ်။ သင် ပြောဆိုသမျှ စာကြောင်းတိုင်းကို နှစ်ခါထပ်ပြောနေလို့ မဖြစ်သလို အသားပေး အလေးထားရမယ့် စာကြောင်းမဟုတ်တာတွေကိုလည်း နှစ်ခါထပ်ပြောတာ မပြုမိစေနဲ့။ ပရိသတ် ငြီးငွေ့သွားမယ်။ ပြီးတော့ အဓိကကျတာကိုပဲ အသားပေးပြီး နှစ်ခါထပ်ပြောပြတာ မဟုတ်တော့ဘူး ဖြစ်သွားတယ်။ 

အခုလို နှစ်ခါထပ်ပြောပြီးရင် ပရိသတ် ကြေညက်စေဖို့ အချိန်ပေးရမှာမို့ စကားကို ခေတ္တရပ်ပေးထားဖို့ကိုလည်း သတိရပါ။ ပြီးတော့မှ ရှေ့ကို စကားဆက်ပါ။

Recommended for you - ကြက်ဥပြုတ်သည်ဘဝမှ Web Developer တစ်ယောက် ဖြစ်လာသူ

၃။ ဟာသလေးတွေ ထည့်ပြောပါ

ဂျက်မရဲ့ ပြောပုံစတိုင်လ်မှာ သတိပြုမိရမယ့်အချက်က သူက ခပ်ပျော်ပျော်လေး ပြောဆိုတယ်။ သူ့အတွေ့အကြုံကို သူ့ဘာသာသူ ရယ်စရာလုပ်တယ်။ ပြက်လုံးထုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ရယ်စရာလုပ်ပြီး ပြောတယ်။ နည်းပညာအကြောင်း သူ့မှာ ရှိတဲ့အသိပညာက ဘယ်လောက်တုံးတာဆိုတာမျိုးကို ပြောဆိုတယ်။ သူက ဘယ်လောက်တောင် ပိန်းသလဲဆိုတာမျိုးကိုလည်း ပြောလေ့ရှိတယ်။ သူနဲ့အတူ တွဲလုပ်ကြသူတွေထဲမှာ KFC မှာ အလွယ်တကူ ရနိုင်တဲ့ အချိန်ပိုင်း အလုပ်မျိုးကိုတောင် မခန့်ဘဲ အငြင်းခံရတဲ့သူဆိုလို့ သူတစ်ယောက်ပဲ ရှိတယ်ဆိုတာ ပြောပြတယ်။ အိမ်နားက ရဲစခန်းမှာ အလုပ်သွားလျှောက်တာ မရခဲ့တဲ့အကြောင်း သူပြောပြတယ်။ လူအများ ရှေ့မှောက်မှာ သူ့ကိုယ်ကိုသူ ရယ်စရာဖြစ်အောင် ပြောတယ်။ 

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးလျော့အောင် ပြောဆိုတဲ့နည်းဖြင့် သူက လူတွေ ရယ်မောအောင် လုပ်တယ်။ တစ်နည်းပြောရရင် သူကလည်း ပရိသတ်လိုပဲ လူတွေထဲက လူတစ်ယောက်ပါပဲ ဆိုတာကို ပြောလိုက်တာ ဖြစ်ပါတယ်။ အကြီးအကျယ်အောင်မြင်နေတဲ့ ဘီလျံနာတစ်ဦးဆိုတာထက် အများသူငါနည်းတူ လူတစ်ဦးသာဖြစ်ကြောင်း ပြောပြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ သတိထားရမှာက အခုလို ဟာသလုပ်တာဟာ အသွားနှစ်ဖက်ပါတဲ့ ဓား ဖြစ်ပါတယ်။ လူရွှင်တော်လို ပြက်လုံးတွေနဲ့ စကားပြောတာမျိုး ဖြစ်နေရင် ပရိသတ်က ကိုယ်ပြောတဲ့စကား အလေးအနက် ထားတော့မှာ မဟုတ်ဘူး။ 

ကိုယ့်အတွေ့အကြုံတွေထဲမှ ရယ်စရာကောင်းနေတာကို ရိုးသားစွာ ၀န်ခံပြောပြခြင်းမျိုးသာ ဖြစ်သင့်ပါတယ်။ 

၎။ လက်တွေနဲ့အတူ ကိုယ်ဟန်အမူအရာတွေ သုံးတယ်

ဒီစာကို ဖတ်ပြီးတဲ့အခါ ဂျက်မရဲ့ ဗီဒီယိုကို ကြည့်ရင် ကိုယ်ဟန်အမူအရာကို သေသေချာချာ ကြည့်လိုက်ပါ။ သူပြောပြနေတဲ့စကားကို လက်ဟန်ပြပြီး အထောက်အကူပြုပေးသွားတာ တွေ့ရလိမ့်မယ်။ မျက်နှာအမူအရာကိုလည်း လိုအပ်သလို သုံးစွဲသွားတယ်။ လက်ညှိုးထိုးတယ်။ လက်ခါပြမယ်။ ခေါင်းညိတ်ပြမယ်။ ကိုယ်ခန္ဓာက ပြောဆိုနေတဲ့စကားနဲ့အတူ လှုပ်ရှားပေးနေတယ်။ 

● ချက်နဲ့လက်နဲ့ ပြောဆိုနေတဲ့အခါ အချက်တွေကို တစ်နှစ်သုံးလေး ရေတွက်မှတ်သားဖို့ လက်ချောင်းတွေကို တစ်ချောင်းပြီးတစ်ချောင်း ချိုးပြီး မှတ်သားတယ်။

● ကျွန်တော်က အရောင်းကိစ္စတွေကို နားမလည်ဘူးလို့ ပြောရင်း လက်ခါပြမယ်။

အရေးပါတဲ့ သင်ခန်းစာကို ပြောပြနေရင် လက်မနဲ့ လက်ညှိုး ထိပ်ချင်းထိထားပြီး ထက်အောက်အနိမ့်အမြင့် လုပ်ပြတယ်။

● သူက သင်ခန်းစာကို ရယူလိုက်ကြောင်း သူ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ထိပြတယ်

● တခြားသူတစ်ယောက်ဆီမှ အကြံဉာဏ်ကို သူ ယူသုံးတဲ့အကြောင်း ပြောပြတဲ့အခါ လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဆီ လက်ကို ပြန်ရုပ်သိမ်းလိုက်တယ်။ သူ့ရှေ့မှာ ရှိနေတဲ့ လူတစ်ယောက်ကို သူ့ဆီ ဆွဲယူလိုက်တဲ့အတိုင်း လက်ဟန်ပြတာဖြစ်ပြီး 

● သူပြောတဲ့နေတဲ့အချက်က အရေးကြီးကြောင်းကို လက်ညှိုးတစ်ချောင်းထောင်ပြတယ်။

ဂျက်မက အဲဒီလိုမျိုး လက်ဟန်ပြတာ အမျိုးမျိုးကို မျက်နှာအမူအရာနဲ့ ပေါင်းစပ်ပြီး တင်ပြလေ့ရှိပါတယ်။ အဲဒါဟာ ဂျက်မရဲ့ အဟောအပြောအောင်မြင်ခြင်း သော့ချက် တစ်ခု ဖြစ်ပါတယ်။ 

Ref; techinasia

Recommended for you - သင့်အကြောင်း ရုပ်ရှင်ရိုက်ကြည့်စမ်းပါ

Read times Last modified on Wednesday, 08 January 2020 14:21
Rate this articles
(5 votes)