တစ်သက်လုံးပါပဲ၊ အကျင့်ကောင်းမွေးမြူလိုက်၊ အကျင့်ဆိုးအသစ်တွေဝင်လာလိုက်နဲ့၊ ကိုယ့်ကိုယ်ကို အမြဲပြန်လည်စမ်းစစ်ပြီး ဆုံးမနေရပါတယ်။ အခုထပ်စမ်းစစ်လိုက်တော့၊ အောက်ပါအကျင့်တွေကို ပြုပြင်ချင်တယ်၊ ပျိုးထောင်ချင်ပါတယ်။
၁။ မိုဘိုလ်းဖုန်းကိုင်ပြီး အိပ်ယာမဝင်ဘူး
မိုဘိုလ်းဖုန်းရဲ့ဆွဲဆောင်မူက အားကြီးလွန်းပါတယ်။ မိုးဘိုလ်းဖုန်းနဲ့ အိပ်ယာဝင်တော့၊ အိပ်ရေးမကောင်းဘူး၊ မျက်မှန်ပါဝါ တက်လာတယ်။ အိပ်ချိန်နောက်ကျသွားတယ်၊ မျက်စိအရမ်းထိခိုက်တယ်၊ အဲဒီအတွက် အိပ်ယာဝင်ခါနီးမှာ စာအုပ်ဖတ်လို့ရပါတယ်။
၂။ မနက်စာစားရမယ်
တစ်ခါတစ်လေ အိပ်ယာထနောက်ကျတော့ မနက်စာလွတ်သွားပါတယ်။ မနက်စာဟာ တစ်နေ့လုံးအတွက် အာဟာရကို အဓိကဖြည့်တင်းပေးပါတယ်။ မနက်စာဆိုတာ အားဆေးနဲ့တူပါတယ်။ မနက်စာလွတ်တာအကျင့်ဖြစ်သွားရင် ရောဂါရလွယ်ပါတယ်။
၃။ ဘာမဆို ဆယ်မိနစ်စောမယ်
ဘာပဲလုပ်လုပ် အချိန်ကို ပိုပိုသာသာလေးတွက်ထားမယ်။ ဆယ်မိနစ်စောထွက်တော့ တစ်ခုခုအရေးကြုံခဲ့ရင်လည်း ဖြေရှင်းဖို့ အချိန်ရတာပေါ့။ ဘာမဆို ဆယ်မိနစ်စောကြည့်ပါ။ တစ်ရက်တာလုံးအတွက် ကိစ္စတော်တော်များများ လွယ်ကူသွားမယ်။
၎။ အလျင်စလိုကိစ္စနဲ့ အရေးကြီးတဲ့ကိစ္စ
ကိစ္စဝိစ္စကို ကိုင်တွယ်တဲ့နေရာမှာ တစ်မိနစ်မန်နေဂျာစာအုပ်ရဲ့ အဆိုအရ ကိစ္စကို အဆင့် ( ၄ ) မျိုးနဲ့ တိုင်းတာကြည့်လိုက်ပါ။
(၁) အရေးမကြီးဘူး၊ အလျင်စလိုမဖြစ်ဘူး။
(၂) အရေးမကြီးဘူး၊ အလျင်စလိုဖြစ်တယ်။
(၃) အရေးကြီးတယ်၊ အလျင်စလိုမဖြစ်ဘူး။
(၄) အရေးကြီးတယ်၊ အလျင်စလိုဖြစ်တယ်။
နံပါတ်(၄)ကို ဦးစားပေးလုပ်ရပါမယ်။ ပြီးမှ အစီအစဉ်အတိုင်း နံပါတ် (၃)၊ နံပါတ် (၂) နဲ့ နံပါတ် (၁) ကို နောက်ဆုံးဦးစားပေးမယ်။
၅။ ငြင်းဆိုတတ်အောင် လေ့ကျင့်ထားပါမယ်
အားနာတတ်တယ်၊ သူများက ဘာပဲ အကူအညီလာတောင်းတောင်း ကူညီလိုက်ရမှ စိတ်ထဲမှာ နေလို့ကောင်းတယ်။ ငြင်းဆိုလိုက်ရင် စိတ်မချမ်းသာတော့ဘူး။ နောက်ပိုင်းမှ သိလာတာက အလွန်မှားနေတာကို တွေ့ရပါတယ်။ ထိရောက်အောင်လည်း မကူညီနိုင်ဘူး၊ အားနာနာနဲ့လည်း မငြင်းလိုက်ဘူးဆိုတဲ့အခါမျိုးမှာ အထင်မှားမှုများကို ပိုမိုဖြစ်ပေါ်စေတတ်ပါတယ်။
၆။ နေရာလဲပြီး စဉ်းစားပေးတတ်တဲ့အကျင့် ပျိုးထောင်မယ်
ဘာအငြင်းပွားမှုပဲဖြစ်ဖြစ်၊ ဘာသဘောမတူညီမှုပဲ ဖြစ်ဖြစ်၊ အမြင်ချင်းမတူတဲ့အခါမျိုးမှာ၊ သူများနေရာကို ဝင်ပြီးစဉ်းစားပေးကြည့်ပါမယ်။ ငါသာသူ့နေရာမှာဆိုရင် ဘယ်လိုပြန်ပြောမိမလဲ၊ ဘယ်လိုဆုံးဖြတ်မိမလဲ၊ ဘယ်လိုခံစားရမလဲ၊ ဘယ်လိုထင်မြင်မလဲ၊ စသည်ဖြင့် အကျင့်ပါသွားအောင် ပျိုးထောင်ကြည့်ပါမယ်။
၇။ သူများပြောစကားကို စိတ်ပါဝင်စားမယ်၊ ပြီးဆုံးအောင်နားထောင်ပေးမယ်
သူများပြောစကားကို စိတ်ပါဝင်စားစွာ နားထောင်တတ်ခြင်း၊ ပြီးဆုံးအောင် နားထောင်တတ်ခြင်းဆိုတာ သူများကို အကြီးမားဆုံးလေးစားမှု ပြသခြင်းဖြစ်တယ်လို့ စာအုပ်ထဲမှာ ဖတ်မှတ်ဖူးပါတယ်။ နောက်အရေးကြီးတဲ့ အချက်ကတော့ များများနားထောင်တော့ သူများဘယ်လိုစဉ်းစားတာကို ကောင်းကောင်းသိရှိပြီး ကိုယ်လည်း အပြောနည်းပြီးသားဖြစ်သွားပါတယ်။
၈။ အားကစားတစ်ခုခုကို မှန်မှန်လုပ်ရပါမယ်
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ ကြက်တောင်၊ ဘတ်စ်ကက်ဘော၊ ချင်းလုံး အစရှိသည်ဖြင့် လေ့ကျင့်ခန်းတစ်ခုဖြစ်ဖြစ်၊ အားကစားတစ်ခုဖြစ်ဖြစ်၊ စွဲစွဲမြဲမြဲ ပြုလုပ်သင့်ပါတယ်။ အခြေအနေပေးတဲ့မြို့ ဖြစ်ရင် အလုပ်ကို ကား၊ ဆိုင်ကယ်နဲ့ မသွားပဲ စက်ဘီးစီးသွားခြင်းသည်လည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။
၉။ မညည်းတွားဘူး၊ ကိုယ့်ကိုယ်ကိုပဲ စမ်းစစ်မယ်
အခက်အခဲ ကြုံလို့၊ ပြဿနာတစ်ခုကို တွေ့ရလို့၊ ဘယ်လောက်ပဲ ညည်းတွား ညည်းတွား၊ ဘယ်လိုပဲ ပြစ်တင်ပြစ်တင်၊ ဘာအကျိုးမှ ရှိလာမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို စမ်းစစ်မယ်၊ ကိုယ်အကောင်းဆုံး ကြိုးစားပြီးပြီလား၊ ဒီထက်ကောင်းအောင်လုပ်လို့ မရတော့ဘူးလား၊ ဒီထက်ကောင်းတဲ့ နည်းလမ်းကော မရှိတော့ဘူးလား စတဲ့ မေးခွန်းတွေကိုမေးမယ်၊ ပြုပြင်သင့်တာပြုပြင်မယ်။
Recommended for you - Confidence မရှိဘူးဖြစ်နေလား?
Credit; Sayar Aung Ko Latt