ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidence ကျဆုံးဖို့ အကြောင်းရင်းများစွာာရှိခဲ့ပါတယ်။
ဥပမာ ငယ်ငယ်က သီချင်းမဆိုတတ်ဆိုတတ်နဲ့ ဆိုခဲ့တယ်။ အဲဒီအချိန်မှာ မိဘတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေရဲ့ " မင်းအသံက ဆိုးလိုက်တာကွာ " စတဲ့နောက်ပြောင်တဲ့ စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ် အသဲနုနုပေါ်မှာ tatoo အထိုးခံလိုက်ရပါတယ်။ အကျိုးဆက်အနေနဲ့ နောက်ဘယ်တော့မှ သီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း ယုံကြည်မှုမရှိသလို ခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီး အခြားအရာများစွာ ရှိပါသေးတယ်။ " မင်းဖြစ်မှာမဟုတ်ပါဘူးကွာ " " မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ " ဆိုတဲ့ စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့ မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။
အမေရိကားမှာက ကလေးတွေကို ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်လုပ်ပေးကြတယ်။ သူတို့သားသမီး ငယ်ငယ်လေးထဲက သီချင်းဆိုတာဝါသနာပါတယ်ထင်ရင် အသံဘယ်လောက်ဆိုးဆိုး အားပေးတယ်။ ပြီးတော့ သားသမီးတွေရဲ့ ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainin တွေပို့ပေးတယ်။ ကျွန်တော်က မြန်မာနိုင်ငံကမိဘတွေကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ confidence နည်းရခြင်းအကြောင်းရင်းကို ပေါ်လွင်အောင်ယှဉ်ပြခြင်းသာဖြစ်ပါတယ်။
" America's got talent " ဆိုတဲ့ အစီအစဉ်ကို ကြည့်ဖူးကြပါသလား? အမေရိကားကကလေးတွေက အသားမဲတာ၊ ရုပ်ဆိုးတာ၊ ဒုက္ခိတဖြစ်တာတွေအတွက် confidence မကျပါဘူး။ သူတို့က ယုံကြည်မှုအပြည့်နဲ့ သူတို့လုပ်တတ်တာကို စင်ပေါ်မှာ တတ်လုပ်ပြကြပါတယ်။ ကတာပဲဖြစ်ဖြစ်၊ သီချင်းဆိုတာပဲဖြစ်ဖြစ်၊ တယောတီးတာပဲဖြစ်ဖြစ်၊ ကြိုက်တာတတ်လုပ်လို့ရပါတယ်။ ကဲထားလိုက်ပါတော့ ဒါက အမေရိကားကအကြောင်းပါ။ ကျွန်တော်တို့ရဲ့ ကျနေတဲ့ confidence ကို ဘယ်လိုပြန်တက်အောင်လုပ်ကြမလဲ စဉ်းစားရအောင်။
တကယ်တော့ ကျွန်တော်တို့အားလုံးက မွေးရာပါ အောင်မြင်နိုင်သူတွေပါ။ ကိုယ့်အရည်အချင်းတွေကို မသိတာပဲရှိကြပါတယ်။ တစ်ချို့ကလည်း ကိုယ့်အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ရမလဲ မသိကြပါဘူး။
- ဆင်းရဲလို့ မအောင်မြင်တာလို့မပြောပါနဲ့။ စာအုပ်တစ်အုပ်ဖတ်ရဖို့ မိုင်ပေါင်းထောင်ချီ လမ်းလျှောက်ခဲ့တဲ့ လင်ကွန်းကို အားနာပါ။
- ခန္တာကိုယ်အစိတ်အပိုင်းချို့ယွင်းလို့ မအောင်မြင်ဘူးလို့ မပြောပါနဲ့။ နားမကြား၊ မျက်စိမမြင်ပဲနဲ့ ဘဝကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ Helen Keller ကိုအားနာပါ။
Confidence တက်အောင်ဘယ်လိုလုပ်မလဲ?
- comfort zone ထဲက ထွက်ပါ။ comfort zone ဆိုတာကတော့ သက်တောင့်သက်သာရှိတယ်လို့ သင်ထင်တဲ့နေရာမျိုးပါ။ ဥပမာ သင်ကအရင်က သင့်ကိုယ်သင် ယုံကြည်မှုမရှိလို့ သူငယ်ချင်းအသစ်တွေနဲ့ သိပ်စကားမပြောဖြစ်ဘူးဆိုရင် အခုကစပြီး စမ်းကြည့်ပါ။ သင်သာအပြုံးချိုချိုလေးနဲ့ စိတ်ပါလက်ပါ ကြိုးစားမယ်ဆို သင့်ကို ခင်လာကြမှာပါ။
- အဖွဲ့အစည်းနဲ့နေတတ်အောင် ကြိုးစားပါ။ လူဆိုတာ အဖွဲ့အစည်းနဲ့နေတတ်တဲ့ အမျိုးပါ။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ ကြာလာရင် သင့်ကိုသင် ယုံကြည်မှုတွေကျဆင်းပြီး သင်ဟာ ဒီလောကကြီးမှာ ဘာမှ အရေးမပါတဲ့ သူတစ်ယောက်လို့ ကိုယ့်ဘာသာကို ထင်လာပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့ စိတ်ကျရောဂါအထိပါ ရနိုင်ပါတယ်။ အခုကစပြီး အဖွဲ့အစည်းနဲ့နေတတ်အောင် ကြိုးစားပါ။
- သင်က ဆန့်ကျင်ဘက်လိင်နဲ့ စကားပြောရတာ ရှက်တတ်တယ်ဆိုရင် သင်စကားပြောနေတဲ့သူကို လူသားတစ်ယောက်လို့ပဲ သဘောထားပါ။ စကားပြောဆက်ဆံမှုဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ ဒီတော့ ယုံယုံကြည်ကြည်ပြောဆိုဆက်ဆံပါ။ လူတစ်ယောက်နဲ့ လူတစ်ယောက်စကားပြောကြတာ အဆန်းကြီးမဟုတ်ပါဘူး။ မရှက်ပါနဲ့။ ယဉ်ကျေးဖို့ပဲလိုတာပါ။
- မှောင်နေတဲ့နေရာကိုကြောက်ရင် အဲဒီမှောင်တဲ့နေရာကို သွားကြည့်ပါ။ လုပ်ရမှာကြောက်နေတဲ့အရာတွေကို မလုပ်သ၍ သင်ဘယ်တော့မှ သင့်ကိုသင် ယုံကြည်လာမှာ မဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိတယ်။ " အရင်မရဖူးတဲ့အရာတွေကို လိုချင်ရင် အရင်က မလုပ်ဖူးတဲ့အရာတွေကို လုပ်ရလိမ့်မယ်တဲ့ "။ ရိုးရိုးရှင်းရှင်းနဲ့ အရမ်းကို ထိရောက်ပါတယ်။ သင်က အရင်ကမရှိတဲ့ " confidence " ဆိုတဲ့အရာကို လိုချင်တာလေ။ အရင်အတိုင်းပဲနေနေလို့ကတော့ ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အရင်ကကြောက်နေတဲ့အရာတွေကို လုပ်ဖြစ်အောင်လုပ်ပါ။
- မှားတယ်ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူသားတိုင်းမှားတတ်ကြပါတယ်။ မှားတာကို သင်ခန်းစာယူတတ်ဖို့ပဲလိုတာပါ။ ဒါကြောင့် သင်မှားတဲ့အခါတိုင်း ယုံကြည်မှုမကျသင့်ပါဘူး။ ဒီတစ်ခါမှားရင် နောက်တစ်ခါမှန်အောင်လုပ်မယ်
ဆိုပြီးကြိုးစားသင့်ပါတယ်။
အောင်မြင်သူတိုင်း ရုပ်ချောချင်မှချောမယ်၊ ပိုက်ဆံရှိချင်မှရှိမယ်။ ဒါပေမဲ့ သူတို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ အရင်က confidence မရှိခဲ့ရင်လည်း အခုကစပြီး confidence ရှိအောင် ကြိုးစားကြတော့နော်။ Confidence ဆိုတာအောင်မြင်မှုရဲ့ ပထမလှေကားထစ်ပါ။
Recommended for you - ကိုယ်ပိုင်စိတ်
Credit; မိုးရှင်း (I.M.T)