×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 26 January 2019

သင့်ကို လူတွေ အထင်သေးစေနိုင်တဲ့ အချက်များ

လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ ဘာလို့မှန်းမသိဘဲ တခြားသူတွေက ကိုယ့်ကိုရှောင်နေတာ၊ အထင်သေးသလိုလိုဆက်ဆံလာတာမျိုးကြုံရတတ်ပါတယ်။

တစ်ခါတလေ ကိုယ်လုပ်လိုက်တဲ့အပြုအမူလေးတွေက သာမန်ပဲလို့ထင်ရပေမယ့် ကိုယ့်ကိုလူအထင်သေးချင်စရာဖြစ်အောင်၊ ကိုယ့်ရဲ့တန်ဖိုးကျသွားအောင်လုပ်မိတာမျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီလို တစ်ဖက်သားရဲ့အထင်သေးနှိမ့်ချမှု၊ အမြင်စောင်းမှုတွေမခံရအောင် ဆင်ခြင်သင့်တဲ့အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သိပ်ဂရုမစိုက်တတ်တဲ့ပုံစံ

အေးအေးဆေးဆေးနေတတ်တာကောင်းပါတယ်။ ဒါပေမယ့် လူအများကြားမှာ ဘယ်အရာကိုမှစိတ်မ၀င်စားဘူး၊ ဘယ်အရာကမှအရေးမကြီးဘူး၊ ဘယ်သူ့ကိုမှဂရုမစိုက်တတ်ဘူးဆိုတဲ့ပုံစံမျိုးလုပ်နေရင်တော့ အဆင်မပြေပါဘူး။ လူအများကြားထဲရောက်နေတဲ့အခါ စိတ်ထဲကမပါရင်တောင် တခြားသူတွေကိုလေးစားသမှုနဲ့ လက်ရှိအခြေအနေကို ထိုက်သင့်သလောက် အာရုံစိုက်ရပါမယ်၊ စိတ်အားထက်သန်မှုရှိဖို့ လိုပါတယ်။

ကြွားဝါခြင်း

တချို့လူတွေက သူတို့မှာပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဆိုတာကို လူတွေသိသွားရင် အထင်ကြီးမှာပဲလို့ထင်ပြီး ကြွားဝါတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒီလိုကြွားလိုက်တော့မှ အထင်သေးသွားတတ်ပြီး လူတွေရဲ့ရှောင်ဖယ်ခြင်းကိုခံရတော့တာပါ။

ဟန်ဆောင်ခြင်း

လူတစ်ယောက်ကို စိတ်ထဲမပါဘဲ အလွန်အမင်း ချိုသာနေတာမျိုး၊ ကိုယ်တကယ်မသိဘဲ သိသလိုလိုဟန်ဆောင်နေတာမျိုး၊ ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှမရှိပေမယ့် ရှိသလိုဟန်ဆောင်နေတာမျိုးတွေက ကြာရှည်မခံပါဘူး။ လူတွေက အမှန်ကိုသိသွားတဲ့အခါ ရှောင်သွားကြပါရော။

ရိုင်းပျတဲ့စကားလုံးတွေ၊အပြုအမူတွေ

သင့်အနေနဲ့ စကားပြောတဲ့အခါ ရိုင်းပျတဲ့အသုံးအနှုန်းတွေထည့်ပြောလိုက်မိတာမျိုး၊ ကိုယ့်ကိုယ်ကိုသတိမထားမိဘဲ ရိုင်းပျတဲ့အပြုအမူတွေလုပ်မိလိုက်တာမျိုးကြောင့်လည်း လူတွေသင့်ကို အထင်သေးသွားနိုင်ပါတယ်။ ဒါကြောင့် ရိုင်းပျတဲ့စကားလုံးတွေ၊ အပြုအမူတွေကို လုံးဝမလုပ်မိအောင် ဆင်ခြင်ပါ။

ဖြစ်ကတတ်ဆန်း ၀တ်စားပြင်ဆင်ထားခြင်း

ကိုယ်က အိမ်ထဲမှာနေလို့ ဘယ်လိုပုံစံပဲဖြစ်ဖြစ်ကိစ္စမရှိပေမယ့် အပြင်သွားတဲ့အခါ၊ လူအများနဲ့တွေ့ဖို့ရှိတဲ့အခါမျိုးမှာ ကောင်းကောင်းမွန်မွန်ပြင်ဆင်သွားသင့်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဖြစ်ကတတ်ဆန်း ၀တ်စားပြင်ဆင်သွားတတ်တယ်ဆိုရင်တော့ သင်ကသင်နဲ့တွေ့ရမယ့်သူတွေကိုလည်း မလေးစားရာရောက်သလို၊ ကိုယ့်ကိုယ်ကိုလည်း မလေးစားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ဒီလိုဆိုလူတွေက သင့်ကိုအထင်သေးရှောင်ဖယ်သွားပါလိမ့်မယ်။

Credit: MAYTHAZINHTOO

Read times Last modified on Wednesday, 29 January 2020 11:27
Rate this articles
(3 votes)