×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 27 April 2019

အသက် (၃ဝ) မတိုင်ခင် ပယ်ဖျောက်သင့်တဲ့ အကျင့်စရိုက် (၆) ခု

အသက် (၃ဝ) မတိုင်ခင် ပယ်ဖျောက်သင့်တဲ့ အကျင့်စရိုက် (၆) ခု google

လူ့ဘဝကို ပျမ်းမျှအားဖြင့် (၇၅) နှစ်သက်တမ်းအဖြစ် ပိုင်းခြားနိုင်ပြီး ပထမအရွယ် (၂၅နှစ်အထိ) ၊

ဒုတိယအရွယ် (၂၅နှစ်မှ ၅ဝနှစ်အထိ) နဲ့ တတိယအရွယ် (၅ဝနှစ်မှ ၇၅နှစ်အထိ) သတ်မှတ်နိုင်ပါတယ်။ ပထမအရွယ်မှာ ပညာသင်ကြားရမယ်၊ ဒုတိယအရွယ်မှာ ဥစ္စာရှာရမယ်နဲ့ တတိယအရွယ်မှာ တရားဘဝနာအားထုတ်ရမယ်လို့ ဆိုကြပါသေးတယ်။ လူတစ်ယောက်ဟာ (၂၅) နှစ်ကျော်လာတာနဲ့ စီးပွားရေးလုပ်ငန်းကို ဇောက်ချလုပ်ရမယ်ဆိုတဲ့ သဘောပါ။

လူ့ဘဝမှာ အောင်မြင်စေဖို့ အသက် (၃ဝ) မတိုင်ခင် ပယ်ဖျောက်သင့်တဲ့ အကျင့်စရိုက်တွေကို ဖော်ပြလိုက်ပါတယ်။

 

(၁) အိပ်ချိန်မမှန်တဲ့ အကျင့်

ဆယ်ကျော်သက်တုန်းက ညဥ့်နက်မှ အိပ်တယ်၊ နေဖင်ထိုးမှ ထတယ်ဆိုတာ ကိစ္စမရှိပေမယ့် လူလတ်ပိုင်းရောက်တဲ့အခါမှာတော့ ဒီအကျင့်ကို စွန့်ပယ်သင့်ပါတယ်။ အိပ်ချိန်မမှန်ရင် ကျန်းမာရေးထိခိုက်စေရုံမက လူနေမှုဘဝမှာလည်း အလွဲလွဲအချော်ချော်ဖြစ်တတ်ပါတယ်။ စောစောအိပ် စောစောထတာ အကောင်းဆုံးပါပဲ။

 

(၂) အားနာတတ်တဲ့ အကျင့်

ကိုယ့်အတွက် ဘယ်လိုမှ မလုပ်သင့်ဘူးလို့ ယူဆထားရင် ဘယ်သူ့ကိုမှ အားမနာပါနဲ့။ လုပ်ချင်စိတ်မရှိဘဲနဲ့ အားနာတဲ့စိတ်တစ်ခုတည်းနဲ့ လုပ်လိုက်တဲ့အလုပ်ဟာ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေက ဘီယာဆိုင်သွားဖို့ လှမ်းခေါ်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖို့ ဖိတ်တာပဲဖြစ်ဖြစ် ကိုယ်စိတ်မပါဘူးဆိုရင် ငြင်းပယ်တတ်ဖို့ အားမနာပါနဲ့။

 

(၃) ပြတ်တုန်း လပ်တုန်း ၂၃ ဖြစ်တတ်တဲ့ အကျင့်

ကျောင်းသားဘဝတုန်းက မိဘပို့လိုက်တဲ့ ပိုက်ဆံကို အသုံးများသွားလို့ လကုန်ရက်မှာ ပိုက်ဆံပြတ်သွားတာက ဘာမှမဖြစ်ပါဘူး။ အလုပ်ခွင်ဝင်တော့မယ်ဆိုရင် ငွေကြေးစီမံခန့်ခွဲမှုကိစ္စကို သေချာစီစဉ်သင့်ပါတယ်။ လကုန်ရက်တုန်း ပိုက်ဆံပြတ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ ငွေကြေးဥစ္စာစုဆောင်းမိမှာ မဟုတ်ပါဘူး။

 

(၄) သူများဘဝနဲ့ နှိုင်းယှဉ်တဲ့အကျင့်
Steve Jobs ဟာ Apple ကုမ္ပဏီကို တည်ထောင်တုန်းက (၂၁) နှစ်ပဲ ရှိပါသေးတယ်။ သိပ်မကြာခင်မှာပဲ သန်းကြွယ်သူဌေးဖြစ်လာတယ်။ (၃ဝ) ကျော်တော့ ကမ္ဘာကျော်လုပ်ငန်းရှင်ဖြစ်လာတယ်။ ဒါပေမယ့် (၅၆) နှစ်မှာ ကွယ်လွန်သွားတယ်။ Colonel Sanders ဆိုရင် ငယ်ငယ်တုန်းက အလုပ်မျိုးစုံ လုပ်ဖူးတယ်။ တစ်ခုမှ မအောင်မြင်။

(၆၅) နှစ်ရောက်မှ KFC ကြက်ကြော်လုပ်ငန်းကို စလုပ်တယ်။ သူဌေးကြီးဖြစ်သွားတယ်။ အသက် (၉ဝ) မှာ ကွယ်လွန်တယ်။ သူများတွေ အောင်မြင်နေတဲ့အချိန်မှာ ကိုယ်အဆင်မပြေသေးလို့ စိတ်ဓာတ်မကျပါနဲ့။ လူဆိုတာ ကိုယ်ပိုင်ပြေးလမ်းမှာ အမြန်နှုန်းတစ်ခုစီနဲ့ သွားနေကြတာပါ။ အဲဒီတော့ သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။

 

(၅) လူမှုကွန်ရက်မှာ အချိန်ကုန်နေတဲ့ အကျင့်

Facebook ပေါ်က Like တစ်ချက်ဟာ ဘဝမဟုတ်ပါဘူး။ အင်တာနက်သုံးမယ်ဆိုရင်လည်း ပညာရပ်တွေကို လေ့လာလို့ရအောင် လူမှုကွန်ရက်မှာ အချိန်မကုန်ဘဲ Google ၊ Yahoo နဲ့ Bing တို့လို Search Engine မှာလည်း လေ့လာပါဦး။ တစ်နေ့မှာ တစ်နာရီထက် အင်တာနက်ပိုမသုံးပါနဲ့။

 

(၆) မိဘနှစ်ပါးကို လစ်လျူရှုတဲ့ အကျင့်

မိဘနှစ်ပါးကို အသက်ရှင်တုန်းမှာပဲ အချိန်ပေးလိုက်ပါ။ သေမှ ငိုနေလို့ အပိုပါပဲ။ သူတို့စိတ်ချမ်းသာအောင် ထားရမယ်၊ ရပ်ဝေးမှာရှိနေရင်တောင် ဖုန်းခေါ်ဖို့ မမေ့ပါနဲ့။ သီတင်းကျွတ်လပြည့်နေ့မှာ ကန်တော့နိုင်ဖို့ ကြိုတင်စုဆောင်းထားပါ။

အားလပ်ချိန်မှာ မိသားစုနဲ့ အချိန်ပေးပါ။ ဒီအချက်တွေကို အသက် (၃ဝ) မတိုင်ခင် ပယ်ဖျောက်ရမှာပဲဖြစ်ပါတယ်။

soutce; akhayar

Read times Last modified on Tuesday, 18 February 2020 12:00
Rate this articles
(1 Vote)