လူတိုင်းလူတိုင်း နိစ္စဓူဝ မိမိတို့ရဲ့တာဝန်ကျရာအခန်းကဏ္ဍများကို ထမ်းဆောင်ရင်း ဘ၀ရဲ့အချိန်တွေကို ကုန်ဆုံးတတ်ကြပါတယ်..။
လူနဲ့အလုပ်ဆိုတာ ခွဲမရတဲ့ အမွှာတွေလိုပါပဲ ဘ၀ တစ်သက်တာဖြတ်သန်းကြရပါတယ်..။ သိုပေမဲ့ ဒီလို ထမ်းဆောင်ရင်း ဘ၀ကို ဖြတ်သန်းကြတဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် ခံယူချက်ခြင်း ၊ အတွေးအခေါ်ခြင်း၊ ရည်မှန်းချက်ခြင်း တူညီလေ့မရှိပါဘူး..။ရည်မှန်းချက်တွေ အတွေးအခေါ်တွေ ခံယူချက်တွေ ခိုင်ခိုင်မာမာရှိတဲ့ သူတွေဟာ ဘယ်လုပ်ငန်းမှာမဆို နေရာကောင်းကောင်း၊ရာထူးကောင်းကောင်းမှာ ရပ်တည်နေကြစမြဲပါ..။ သင့်ရဲ့လုပ်ငန်းပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေကို သင်ကိုယ်တိုင်သတိထားမိမှာပါ။ ဒီလိုလူတွေကဘာကြောင့် သူများထက်သာနေလဲ ဘာကြောင့်များ သူဌေးရဲ့အလေးပေးခြင်းခံရလဲဆိုတော့ အောက်ပါအချက်တွေကြောင့်ပါပဲ..။
(၁) တွေးခေါ်ဖန်းတီးနိုင်ခြင်း
ဒီခေတ်မှာ ကြိုးစားရုံနဲ့မရတော့ပါဘူး။ ကြိုးစားတိုင်းသာရရင် လူတိုင်းအောင်မြင်နေမှာပါ..။ အတွေးအခေါ်ကောင်းမရှိရင် သင်ဘယ်လောက်ကြိုးစားကြိုးစား သမုဒ္ဒရာထဲလှေလှော်နေသလိုပါပဲ လိုရာခရီးရောက်ဖို့ တော်တော်ကြာပါလိမ့်မယ်..။ မကြိုးစားနဲ့လို့မပြောပါဘူး ကြိုးစာခြင်းဟာ တွေးခေါ်ဖန်တီးခြင်းရဲ့ နောက်ဆက်တွဲကဏ္ဍပါ.။ ဒါကြောင့် သူများနဲ့မတူအောင် တွေးခေါ်ဖန်းတီးတတ်တတ်သူတွေကသာ ရာထူးတွေလစာတွေ ချီးမြှင့်ခြင်းခံရပါတယ်။
(၂) အစဉ်မပြတ်လေ့လာသင်ယူခြင်း
လေ့လာသင်ယူခြင်းဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုပါပဲ..။ လေ့လာသင်ယူမှုမရှိရင် နေရာတကာမှာ သူများထက် နှိမ့်ကျနေမှာပါ။ အလုပ်တာဝန်ခြင်းတူတူ၊ ရာထူးခြင်းတူတူတောင် လေ့လာသင်ယူတဲ့သူက ပိုသာ ပိုထူးချွန်နေစမြဲပါပဲ..။ ဒီတော့ လုပ်ငန်းရှင်တွေကလည်း မိမိလုပ်ငန်းအကျိုးအတွက် ဘယ်လိုလူမျိုးကို ပိုပြီးကြိုက်နှစ်မယ်ထင်ပါသလဲ..။ တကယ်တော်တဲ့သူတွေကိုပဲ ရာထူးတွေ လစာတွေ ရက်ရက်ရောရောတိုးပေးမှာပါ။ သင်ကိုယ်တိုင် လေ့လာမှုအားနည်းနေတယ်ဆိုရင်တော့ အမြန်ဆုံးပြင်ဆင်သင့်ပြီလို့ အကြုံပေးပါရစေ…။
(၃) အကွက်ကြိုမြင်ခြင်း
အလုပ်တစ်ခုကိုလုပ်တာခြင်းတူတူတောင်မှာ အကွက်ကြိုမြင်တတ်တဲ့သူဟာ လုပ်ငန်းရှင်တွေက အလွန်ကြိုက်နှစ်သက်ပါတယ်..။ သာဓကလေးတစ်ခုပြရမယ်ဆိုရင် လုပ်ငန်းတစ်ခုမှာ ရာထူးတာဝန်တူညီတဲ့ မောင်ဖြူနဲ့ မောင်နီဆိုတာရှိတယ် တစ်နေ့တော့ မောင်ဖြူက ရာထူးတိုးသွားတဲ့အခါ မောင်နီကမကျေနပ်တာနဲ့ သူဌေးကို ၀င်ပြောပါတယ်။ သူကြိုးစားရဲ့သားနဲ့ ဘာကြောင့် မောင်ဖြူကပဲ တိုးလာလဲပေါ့..။ ဒီတော့သူဌေးက မောင်ဖြူရော မောင်နီရောကို တစ်နေရာဆီ လွှတ်ပြီးပန်းသီဈေးနှုန်း စုံစမ်းခိုင်းလိုက်တယ်..။ မောင်နီစုံစမ်းပြီးပြန်ရောတော့ ပန်းသီးဈေးနှုန်းဟာ ၅ ရာကျပ် ဖြစ်တယ်လို့ ပြောပါတယ်။ သိပ်မကြာခင်မှာပဲ မောင်ဖြူဝင်လာပြီး ပန်းသီးတစ်လုံးဈေးနှုန်းကတော့ ၅ ရာကျပ် ဆယ်လုံးယူရင်တော့ လေးထောင်နဲ့ လျှော့ပေးမယ်လို့ပြောပါတယ် ကုန်တွေကခုမှရောက်လာလို့ အားလုံးလတ်ဆက်ပါတယ်။ တခြားဆိုင်တွေကတော့ သူ့လောက်ဈေးမတန်တဲ့အပြင် အနာအဆာတွေများပါတယ်။ တကယ်လို့ဝယ်မယ်ဆိုရင် ဆက်သွယ်လို့ရအောင် ဖုန်းနံပါတ်နဲ့လိပ်စာပါ ယူလာခဲ့ပါတယ်လို့ မောင်ဖြူကပြောပြပါတယ်။ ဒီတော့ သူဌေးက မောင်နီဘက်လှည့်ပြီး ဒါကြောင့်ပဲ ငါရာထူးတိုးပေးရတာပါလို့ ကွက်ကွက်ကွင်းကွင်း ရှင်းပြခဲ့ပါတယ်..။
(၄) ပေါင်းသင်းဆက်ဆံမှု အားကောင်းခြင်း(သို့) ရင်းနှီးဖော်ရွေခြင်း
ပေါင်းသင်းဆက်ဆံမှုရေးက နေရာကောင်းတစ်နေရာရဖို့ သူဌေးကြိုက်နှစ်သက်ဖို့ လိုလို့လားဆိုရင် ကျိန်းသေပေါက်ကိုလိုပါတယ်လို့ ပြောချင်ပါတယ်။ ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေနေတတ်ပြီး ရင်းနှီးဖော်ရွှေတဲ့ လူကို သင်ကိုယ်တိုင်လဲ လိုချင်မှာပါ။ ပတ်ဝန်းကျင်ကလည်း ထိုသူအပေါ်အမြဲတမ်းအကောင်းမြင်တတ်ပြီး၊ ထိုသူရဲ့ ရာထူးကောင်းရခြင်းဟာ ပတ်ဝန်းကျင်ရဲ့ပါးစပ်ဖြားက စကားလုံးတွေနဲ့လည်း သက်ဆိုင်နေပါတယ်..။ လူအဖွဲ့အစည်းမှာ လူတိုင်းပတ်ဝန်းကျင်နဲ့အတူ လက်တွဲလုပ်ကိုင်ရတာဖြစ်ပြီး ကိုယ့်အလုပ်တိုးတတ်ဖို့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ပံ့ပိုးမှုလို့အပ်သလို၊ ကိုယ်ခက်ခဲနေတဲ့အချိန်မှာ ကူညီနိုင်ဖို့ဆိုရင် ပတ်ဝန်းကျင်က အရေးကြီးပါတယ်။ ကိုယ်ကကိုယ်နဲ့အတူတွဲလုပ်နေတဲ့သူတွေအပေါ် မကောင်းဘဲ သူတို့ကလည်း ကိုယ့်အပေါ်ကောင်းလိမ့်လို့တော့ မမျှော်လင့်ပါနဲ့ နယူတန်နိယာမလိုပဲ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကိုယ်ဘ၀တိုးတတ်ဖို့ဆိုရင် ပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်ဖို့ လိုပါတယ်။
(၅) ပန်းတိုင်ချမှတ်ခြင်း
တကယ်အောင်မြင်တဲ့လူတိုင်းဟာ ပန်းတွေချမှတ်လေ့ရှိပါတယ်။ ပန်းတိုင်မရှိရင် ဘ၀ဟာ ဆင်ကန်းတောတိုးသလိုပါပဲ.. မျက်စိကမမြင် တောထဲတောင်ထဲ လမ်းမရှိကမ်းမသိနဲ့ ကမှုးရှုးတိုး လျှောက်တိုးနေတော့တာပါပဲ..။ အလုပ်သာလုပ်နေရာတာ ကိုယ့်တိုးတတ်မှုကို ကိုယ်မသိတော့တာ တစ်နာရီနဲ့ရောက်မယ့်ခရီးက ဆယ်နာရီလောက်ကြံ့ကြာနေတတ်ပါတယ်..။ စနစ်ကျကျနဲ့ ကိုယ့်လုပ်ငန်းကို စီမံခန့်ခွဲနိုင်ဖို့ ပန်းတိုင်တွေချမှတ်ဖို့လိုပါတယ်။ ဒါမှလဲ ဘယ်နေရာကအားသာလဲ ဘယ်နေရကအားနည်းလည်းဆိုတာ သေချာဆန်းစစ်ပြီး လိုအပ်တာရှိရင်အချိန်မီ ပြင်ဆင်နိုင်မှာပါ။ ပန်းတိုင်ချမှတ်ဖို့ ရေတိုရည်မှန်းချက်နဲ့ ရေရှည်ရည်မှန်းချက်နှစ်မျိုးရှိပါတယ်..။ နောက် ၅ နှစ်မှာ မန်နေဂျာဖြစ်ရမယ်ဆိုတာ ရေရှည်ပါ။ ဒီ ၃လအတွင်းမှာ ရောင်းအားနှစ်ဆတိုးရမယ်ဆိုတာ ရေတိုပါ။ ဒီလိုပန်းတိုင်တွေချမှတ်နိုင်ရင်တော့ အောင်မြင်မှုဆိုတဲ့ နေရာကိုရောက်ရှိဖို့အတွက် မြေပုံတစ်ခုရရှိလာမှာပါ။
ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့သူတိုင်းဟာ တခြားသူတွေရဲ့ အထက်တစ်နေရာမှာ အောင်မြင်မှုတွေနဲ့အတူ ရှိနေကြစမြဲပါ။ သင့်ရဲ့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ တခြားနေရာတွေမှာ ဖြစ်ဖြစ် သင်ကိုယ်တိုင် တွေ့ဖူးကြုံဖူးပါလိမ့်မယ်။ ဒါကြောင့် မိမိကိုယ်တိုင်က ကြိုးစားနေပေမဲ့လည်း၊ အရာမသွင်းခြင်း၊ မလေးမပေးခြင်းခံရတယ်ဆိုရင်တော့ အထက်ပါအချက်တွေကို သတိထားပြီးစမ်းသပ်ကြည့်ပါ။ ဒီချက်တွေက သင့်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုလိမ့်မယ်လို့ လေးလေးနက်နက်ယုံကြည်ပါတယ်။