အိမ်ဆိုတာ နွေးထွေးခြင်း၊ လုံခြုံခြင်းဆိုတဲ့ ရသတွေပေးတဲ့နေရာတစ်ခုဖြစ်ပြီး ဘယ်နေရာရောက်ရောက် ဘယ်ကိုသွားသွား နောက်ဆုံးပြန်ရောက်တဲ့နေရာဟာ အိမ်ပါ။ ကျွန်တော်ဘ၀ဖြစ်တည်ခြင်းရဲ့အစဟာ အိမ်ပါ။ ဘ၀ဖြတ်သန်းရာတစ်လျှောက် အခက်အခဲတွေ ရင်ဆိုင်ရရင်တောင် အိမ်ကိုပဲ သတိရတတ်တယ်။
အိမ်ရဲ့ရသတွေကို ဖော်ကျူးထားတဲ့ ဆရာမ နိုင်နိုင်းစနေရဲ့ အိမ် ဆိုတဲ့ ဆောင်းပါးလေးကို စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိဘတွေရှိရာအရပ်ဆိုတာ အိမ်ပေါ့။
မိဘတွေရှိတဲ့နေရာမှ အိမ်ရဲ့အရသာကိုရတယ်။
ငယ်ငယ်တုန်းကတော့
အိမ်ဆိုတာ ထမင်းစားရာနေရာလို့ ထင်ခဲ့တယ်။
ကခုန်လို့ မောပြီဆို
ဆော့ကစားလို့ ဆာပြီဆို အိမ်ပြန်တော့တာပဲ။
ကြီးပြင်းလာတော့ အိမ်ဆိုတာ
ကိုယ်ချစ်တဲ့သူနဲ့ အတူခိုနားရာကမ်းစပ်ဆိုတာ သိလာတယ်။
အိမ်နဲ့ဝေးရာဆီ ရောက်သွားတဲ့အခါ
ဘယ်လောက်ပဲ အောင်မြင်နေစေ
အခက်အခဲနဲ့ကြုံရင် အိမ်ကို အရင်ပြေးသတိရတာပဲ။
စိတ်ဓာတ်ကျရင် အိမ်ကလူတွေနှစ်သိမ့်တတ်တယ်။
အားရဝမ်းမြောက်ရင် အိမ်ကလူတွေသတိပေးတတ်တယ်။
သူတို့ရဲ့ဂရုစိုက်ခြင်းကို ဘယ်လိုနည်းနဲ့ပဲ ပြသပြသ
အိမ်ကလူတွေပေးတဲ့မေတ္တာက အစစ်အမှန်တွေပဲ။
ပျော်ရွှင်တဲ့မိသားစုဆိုတာ
အချင်းချင်းနားလည်မှု၊ အချင်းချင်းရိုင်းပင်းမှုနဲ့ စတာ။
အိမ်တစ်အိမ်ဆိုတာ
မြေဆီမြေနှစ်ကောင်းရမယ့် လယ်တစ်ကွက်လိုပေါ့။
ဒါမှ ပျိုးပင်တွေက ကျန်းမာသန်စွမ်းတယ်။
အချင်းချင်းအပြစ်တင်ခြင်းကို ပျိုးရင်
စိတ်ဝမ်းကွဲခြင်းတွေ ပေါက်လာတတ်တယ်။
အချင်းချင်းခွင့်လွှတ်ခြင်းကို ပျိုးရင်
နားလည်ခြင်းတွေ ပေါက်လာတတ်တယ်။
အချင်းချင်းသည်းခံခြင်းကို ပျိုးရင်
ပျော်ရွှင်ခြင်းတွေ ပေါက်လာတတ်တယ်။
အိမ်ရဲ့ခမ်းနားခြင်းဆိုတာ
အိမ်ကြီး အိမ်သေးနဲ့မဆိုင်ဘူး။
နွေးထွေးသင့်မြတ်ခြင်းနဲ့ပဲ ဆိုင်တယ်။
စိတ်ဆိုတာ နီးခြင်းဝေးခြင်းနဲ့ မဆိုင်ဘူး။
အချင်းချင်း ဆက်သွယ်နားလည်တာနဲ့ပဲ ဆိုင်တယ်။
အိမ်ဆိုတာ
ရင်ထဲက ဘယ်တော့မှ မငြိမ်းတဲ့မီးအိမ်လေးတစ်လုံးပေါ့။
အိမ်ဆိုတာ
အိပ်မက်ထဲမှာ အမြဲမီးခိုးတလူလူထွက်နေတဲ့
သစ်သားအိမ်ငယ်လေးပေါ့။
အိမ်ဆိုတာ
လိုအပ်ချိန် နွေးထွေးခိုလှုံရာ ကမ်း စပ် လေး ပေါ့။
wechat မှာ ဖတ်ရတဲ့စာတစ်ပုဒ်
ဆီလျှော်အောင်ရေးသားပြီး မျှဝေပါတယ်။
.
Credit နိုင်းနိုင်းစနေ
sayar.com