×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 22 January 2019

အလုပ်တစ်ခုတည်းမှာ အကြာကြီးလုပ်သင့်လား

ဒီမေးခွန်းကို ဖြေဖို့ကတော့ ထင်သလောက် မရိုးရှင်းပါဘူး။ တစ်ချို့က အလုပ်တစ်ခုထဲကို စွဲစွဲမြဲမြဲလုပ်ခြင်းက ကိုယ့်ရဲ့အလုပ်ပေါ်ကို တန်ဖိုးထားမှုပေါ်လွင်စေပြီး ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုကို ရောက်ရှိမယ် လို့ ပြောပါတယ်။

တစ်ချို့ကလည်း ခဏခဏ အလုပ်ပြောင်းပြီး လုပ်ခြင်းက အတွေ့ အကြုံပိုမိုရရှိပြီး မိမိနဲ့ ပိုမိုကိုက်ညီတဲ့ နေရာတစ်ခုကို ရမယ် လို့ ယူဆကြပါတယ်။

တကယ်လို့ သင့်အနေနဲ့ အလုပ်တစ်ခု (သို့မဟုတ်) ကုမ္ပဏီတစ်ခုတည်းမှာ အကြာကြီးလုပ်ကိုင်ရန် သင့်မသင့်ကို စဉ်းစားမယ်ဆိုရင် အခုဆောင်းပါးထဲက အချက်လေးချက်က အထောက်အကူဖြစ်စေမှာပါ။

၁။ သင်မနက်နိုးလာရင် အလုပ်သွားချင်လား။

ဒါကတော့ သိပ်ပြီးတော့ စဉ်းစားစရာ မလိုလောက်ပါဘူး။ သင်အလုပ်သွားဖို့ စဉ်းစားလိုက်တိုင်း ပျော်ရွှင်မှု ခံစားရလား။ အလုပ်လုပ်ရတာ အဓိပ္ပာယ် ရှိတယ်လို့ ခံယူလား။ ဒါဆိုရင်တော့ ဒီအလုပ်က ဆက်လုပ်သင့်တဲ့အလုပ်ပါ။

ဒါမှမဟုတ် လစာရဖို့ သက်သက်ပဲ သွားနေရတာလား။ တနင်္လာနေ့ကို ကြောက်ရွှံ့နေလား။ ပိတ်ရက်ကို တစ်ပတ် ငါးရက် ရှိပါစေလို့ အကြိမ်ကြိမ် ဆုတောင်းနေရလား။ ဒီလိုဖြစ်နေရင်တော့ သင့်အနေနဲ့ ဒီအလုပ်မှာ ရေရှည် ဆက်လုပ်ဖို့ စဉ်းစားသင့်ပါပြီ။

၂။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတာ အဆင်ပြေလား။

အလုပ်ချိန်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ရတာတာ အတူရှိနေတာကို ကျေနပ်ပျော်ရွှင်လား။ ဒီလိုမှ မဟုတ်ရင်တော့ သင်စဉ်းစား ကြည့်သင့်ပါပြီ။ တစ်နေ့ကို နာရီများစွာ အတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး သို့မဟုတ် လေးစားမှုမရှိခဲ့ရင်တော့ သင့်အနေနဲ့ ဒီအလုပ်ကို ရေရှည်လုပ်ကိုင်ဖို့ ခက်ခဲလာမှာပါ။

️၃။ ဒီအလုပ်က သင့်ရဲ့ ရည်မှန်းချက် အနာဂတ်ကို ဖြည့်ဆည်းပေးနိုင်မလား။

ဒါက သင့်ရဲ့ဘဝ ပန်းတိုင်နဲ့ တန်ဖိုးထားတဲ့ အရာတွေပေါ်မှာ မူတည်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ဦးတည်ချက် ပန်းတိုင်တွေ ရှိနေကြပါတယ်။ သင်က ခရီးသွား ဝါသနာပါတဲ့လူ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် အလုပ်ကို အစွမ်းကုန်ကြိုးစားပြီး ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာကို ရယူချင်တဲ့လူ ဖြစ်ကောင်းဖြစ်မယ်။ ဒါတွေကို ပထမဆုံး သိရှိအောင် ကြိုးစားပြီး မိမိအလုပ်နဲ့ ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ခြင်းက ဒီအလုပ်မှာ ဆက်လုပ်သင့်မသင့် ကူညီပေးမှာပါ။

၎။ နောက်တစ်နှစ် အလုပ်ထဲမှာ သင့်ပုံရိပ်ကို ခန့်မှန်းကြည့်နိုင်လား။

တစ်နှစ်ဆိုတဲ့အချိန်က ပျမ်းမျှအားဖြင့် နောက်အလုပ်တစ်ခုရှာဖွေပြီး အသားတကျဖြစ်စေနိုင်လောက်တဲ့အချိန်တစ်ခုပါ။ သင့်အနေနဲ့ ဒီအချိန်အတွင်းမှာ ဖြစ်လာမယ့် လက်ရှိအလုပ်ရဲ့ ပုံရိပ်ကို မနှစ်သက်ဖူးဆိုရင် သင့်အနေနဲ့ ဒီအလုပ်မှာ ရေရှည် လုပ်သင့်လားဆိုတာကို စဉ်းစားသင့်ပါပြီ။

အခုပြောနေတဲ့အချက်တစ်ခုခုကြောင့်နဲ့တော့ အလုပ်ထွက်ဖို့ မတိုက်တွန်းလိုပါဘူး။ ဒါပေမယ့် အချက်တော်တော်များများနဲ့ ကိုက်ညီနေတဲ့ဆိုရင်တော့ သင့်အလုပ်ကို ပြန်စဉ်းစားကြည့်ဖို့ လိုအပ်လာပါလိမ့်မယ်။

အလုပ်အကိုင် နဲ့ပက်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ချဖို့ ခက်ခဲပြီး ဆုံးဖြတ်ချက်ချပြီးတဲ့တိုင် အကောင်းအဆိုးက အမြဲဒွန်တွဲနေမှာပါ။ အရေးကြီးဆုံးက ခေါင်းအေးအေးနဲ့ သေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်ဖို့နဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီး တာဝန်ယူဖို့ ပဲဖြစ်ပါတယ်။

source: Live the Dream

Read times Last modified on Wednesday, 29 January 2020 11:22
Rate this articles
(1 Vote)