×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 16 January 2019

ဘာကြောင့် ရာထူးမတက်တာလဲ

ကျွန်တော်တို့တစ်တွေ တက္ကသိုလ်ပြီးတဲ့အချိန်ကစလို့ မတူညီတဲ့နေရာအသီးသီး အလုပ်အသီးသီးမှာ ကျင်လည်ရပါတယ်။ အဲထဲမှာ နေရာကောင်းတစ်ခုကို မြန်မြန် ဆန်ဆန်နဲ့ ရသွားတဲ့လူတွေရှိသလို ရာထူးတတ်ဖို့ အင်မတန်ခက်ခဲတဲ့ လူတွေလည်း ရှိတတ်ကြပါတယ်။

ဒီကွာခြားရတာက အချက်များစွာ အပေါ်မူတည်နေပါတယ်။ ကံတရား၊ မိသားစုနောက်ခံ၊ ဆရာသမား၊ အလုပ်အခြေအနေ စသဖြင့်ပေါ့။

ဒါပေ့မယ့် လူတွေသိပ်ပြီးမစဉ်းစားမိကြတာကတော့ နေ့စဉ်လုပ်ကိုင်နေတဲ့ အပြုအမှုတွေက ဒီကွာခြားမှုကို အဓိက ပုံဖော်နေတယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီဆောင်းပါးမှာ ရာထူးမတတ်နိုင်အောင် ကာဆီးထားတဲ့ အပြုအမှု ၅ချက် ကို သတိပြုမိဖို့အတွက် ရေးသားလိုက်ပါတယ်။

၁။ အချိန်နောက်ကျခြင်း

ဘာကြောင့်ပဲ နောက်ကျ နောက်ကျ သင်ဟာ တစ်ဖက်လူရဲ့ လေးစားမှုကို အနည်းနှင့်အများ ဆုံးရှုံးသွားရမှာပါ။ မြန်မာလူမျိုးတွေက အချိန်နှင့် ပတ်သက်လျှင် တိကျလေ့မရှိဘဲ အချင်းချင်း “ ရပါတယ်၊ ရပါတယ်” ပြောနေကြပေမယ့် စောင့်နေရတဲ့ လူတွေက စိတ်မကောင်းဖြစ်မိတာပါပဲ။

ပိုဆိုးတာက နောက်ကျတဲ့အခါ မတောင်းပန်ဘဲ “ကားပိတ်လို့ ၊ အလုပ်ပေါ်လာလို့” စသဖြင့် ဆင်ခြေပေးခြင်းက ကိုယ့်ကို ပိုပြီးတော့ အထင်သေးစေမှာပါ။ တစ်ခါတစ်လေ နောက်ကျခြင်းက ခွင့်လွှတ်နိုင်ပေ့မယ် အကျင့်ဖြစ်လာရင်တော့ ကိုယ့်ရဲ့အနာဂတ် အောင်မြင်မှုကို ဝေးကွာစေမှာပါ။

၂။ ပေးသလောက်ပဲ လုပ်မယ်

တစ်ခါတစ်လေမှာ ကိုယ့်ရဲ့အထက်အရာရှိဖြစ်စေ၊ ကိုယ့်ရဲ့ ဖောက်သည်က ဖြစ်စေ၊ အလုပ်တာဝန်ထဲမှာ မပါတဲ့အရာတွေကို အကူအညီတောင်းလေ့ရှိပါတယ်။ အဲအချိန်တွေမှာ အမြဲငြင်းဆန်နေပြီး ပေးသလောက်နဲ့ တန်အောင်ပဲ လုပ်ပေးမယ်လို့ ခံယူထားတယ် ဆိုရင်တော့ သင်ဟာ အထက်ကို တက်လှမ်းဖို့ အလှမ်းဝေးနေဦးမှာပါ။

၃။ ရှေးက လေ့လာထားတာကိုပဲ အားကိုးနေခြင်း

အများစုက အလုပ်မရခင်ကတော့ သင်တန်းတွေတက်၊ စာအုပ်တွေဖတ်ပြီး လေ့လာကြပါပေ့မယ့် အလုပ်ရတာနဲ့ တစ်ပြိုင်နက် လေ့လာမှုတွေကို ရပ်တံ့လိုက်ကြပါတယ်။ ရာထူးတတ်ဖို့အတွက် အခြေခံအကျဆုံးအချက်က အသစ်အသစ်တွေကို အမြဲလေ့လာနေဖို့ပါပဲ။ Workshop တွေ သွားတတ်တာ၊ သင်တန်းတွေ တက်တာကစလို့၊ တစ်နည်းနည်းနဲ့ ကိုယ့်ရဲ့လေ့လာမှုကို ဆက်လက်ရှင်သန်အောင် မွေးမြုထားရမှပဲ ကိုယ်နဲ့ထိုက်တန်တဲ့ နေရာတစ်ခုကို ရယူနိုင်မှာပါ။

၎။ ကိုယ့်ကို အသိအမှတ်ပြုလာမှာကို စောင့်နေခြင်း

တော်တော်များများ မှားလေ့ရှိတာကတော့ တစ်စုံတစ်ယောက်က ကိုယ့်ကို အသိအမှတ်ပြုလာမှာကို စောင့်နေလေ့ရှိပါတယ်။ တကယ်က ကိုယ့်ကို လာရှာဖို့ စောင့်နေခြင်းက အချိန်ဖြုန်းရာ ရောက်သလို ကိုယ့်ကို ရွေးချယ်ဖို့လည်း မသေချာပါဘူး။

တကယ်လုပ်သင့်တာက ကိုယ့်ရဲ့ အရည်အချင်းတွေ၊ စိတ်ကူးအိပ်မက်တွေကို အခွင့်ကြုံတိုင်း ထုတ်ပြနေဖို့ လိုပါတယ်။ ဒါကလည်း မှန်တာကို လုပ်ရဲတဲ့ သတ္တိရှိရမှာ ဖြစ်သလို မှန်တာကို သိတဲ့ ပညာဉာဏ်လည်း ဖြည့်ဆည်းထားရမှာပါ။

၅။ အသုံးချမှု မရှိခြင်း

အရှေ့ပြောခဲ့တဲ့အတိုင်း တစ်ချို့ကတော့ လေ့လာမှုတွေ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် အလုပ်ထဲရောက်ရင်တော့ အသုံးချဖို့ မစဉ်းစားဘဲ ရေလိုက်ငါးလိုက် နေတတ်ကျပါတယ်။ ၂၁ရာစုမှာ အချက်အလက် ဗဟုသုတတွေက အမြဲလက်တစ်ကမ်းအကွာမှာ ရှိနေမှာပါ။

ဒီအချက်တွေကို အသုံးမပြုဘဲ သိရုံနဲ့ပဲ ရပ်ထားရင် မသိတာနဲ့ ကွာခြားမှာ မဟုတ်ပါဘူး။ ကိုယ်လေ့လာထားတဲ့ အရာတွေကို အမြဲပြန်အသုံးချနိုင်မယ့် အခွင့်အလမ်းကို ရှာဖွေနေသင့်ပါတယ်။

လူအများစုက ရာထူးမတက်တာနဲ့ ပက်သက်ရင် ကုမ္ပဏီမကောင်းလို့၊ အထက်လူကြီးမကောင်းလို့ဆိုပြီး အပြစ်ရှာတတ်ကြပါတယ်။ ဒါပေ့မယ့် ကိုယ်ဖက်က ဘာတွေ လိုအပ်နေလဲ ဆိုတာကိုတော့ သိပ်ပြီးစဉ်းစားလေ့မရှိပါဘူး။ တကယ်လို့ သင့်မှာ အခုပြောခဲ့တဲ့ အချက်တစ်ချက်ချက် ရှိနေတယ်ဆိုရင် အမြန် ပြင်ဆင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ မိမိနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုကို ရရှိပြီး မိမိနဲ့ အများ ကောင်းကျိုး ကို ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

source: live the dream

Read times Last modified on Wednesday, 29 January 2020 11:05
Rate this articles
(2 votes)