အလုပ်လျှောက်တဲ့အခါ Resume နဲ့ cover letter တင်ပြီးလို့မှ အလုပ်ရှင်ဆီက အကြောင်းပြန်စာမလာဘူးဆိုရင် ကိုယ်အရွေးမခံရ ဘူးဆိုတာ တန်းသိပေမဲ့ အင်တာဗျူးအထိ ဖြေပြီးမှ အကြောင်းပြန်မလာဘူးဆိုရင်တော့ ဒါနည်းနည်းလေးများသွားပြီ ဟုတ်?
ဘာတစ်ခုမှ အကြောင်းပြန်မလာတဲ့အခါ ကိုယ့်စိတ်ထဲ အတွေးတွေ ဗလောင်ဆူပြီး စိတ်ဖိစီးရပါတယ်။
ငါပြောခဲ့တာတွေက သူတို့အလုပ်နဲ့ မကိုက်လို့များလား? သူတို့မေးတဲ့ မေးခွန်းအပေါ် ငါအဖြေတလွဲပေးမိပြီလား? စသဖြင့် အတွေးအမျိုးမျိုးနဲ့ စိတ်ဖိစီးရတော့တာပါပဲ။
ဒီလို အခြေအနေမျိုး ကြုံတွေ့နေရတယ်ဆိုရင်တော့ ဘော်ဘော်တို့ အလုပ်လျှောက်ထားတဲ့ နေရာက HR တွေ ဘာကြောင့် မဆက်သွယ်လာတာလဲဆိုတဲ့ အကြောင်းရင်း (၈) ချက်ကို သိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်...။
၁။ ဆက်သွယ်ရမယ့်လိပ်စာက မှားနေလို့လား (သို့) ပျောက်သွားလို့လား။
Resume/ CV form မှာ ဆက်သွယ်ရမယ့် လိပ်စာထည့်ပြီးပြီ ဆိုရင်တောင်မှ cover letter မှာပါ ထပ်ထည့်ဖို့ လိုပါတယ်။ စာရွက် ဆိုတာ ပြုတ်ထွက်နိုင်ချေရှိတဲ့ အရာဖြစ်လို့ ကိုယ့်ကို ဆက်သွယ်လို့ရမယ့် လိပ်စာကို ဘယ်လို ရှာရှာတွေ့အောင် ဂရုပြုတာ အကောင်းဆုံးပါပဲ။
ကိုယ့်ရဲ့ ဖုန်းနံပါတ်နဲ့ email လိပ်စာကို သုံးခါလောက် သေချာပြန်စစ်ဖို့လည်း မမေ့ပါနဲ့။ တစ်ခါတလေ လိပ်စာပျောက်တာထက် ဖုန်းနံပါတ် လွဲနေတာ၊ အီးမေးလ်လိပ်စာ လွဲနေတာတွေကြောင့် ဆက်သွယ်လို့ မရနိုင်တာတွေလည်း ဖြစ်တတ်လို့လေ။
၂။ ဘတ်ဂျက် (Budget) စာရင်းအပြီး မသတ်သေးတာ
ဌာနရဲ့ ဘတ်ဂျက်က အသစ်ခန့်မယ့် လူတစ်ယောက်အတွက် ဘယ်လောက်ပေးနိုင်မယ်၊ ဝန်ထမ်းသစ်ခန့်ဖြစ်နိုင်၊ မဖြစ်နိုင် စသဖြင့် ဆုံးဖြတ်ရာမှာ သိပ်အရေးကြီးပါတယ်။
ကုမ္ပဏီတွေက သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေ အပြောင်းအလဲကို ကြေညာတဲ့အချိန်ဟာ အမြဲတမ်း ပုံသေမရှိသလို ခုမှစထောင်ကာစ လုပ်ငန်းဆိုရင်တော့ ပြင်ပကငွေအပေါ် မူတည်နေရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် HRဌာနက သူတို့ရဲ့ စာရင်း အပြီးသတ်ကို မတွက်ရသေးတဲ့အတွက် အကြောင်းမပြန်သေးတာ ဖြစ်နိုင်ပါတယ်။
၃။ ပြန်လည်စုံစမ်းမှု (follow up) မလုပ်ခဲ့မိလို့။
အင်တာဗျူးဖြေပြီးတဲ့အခါ အလုပ်ရှင်ဘက်က ပထမဆုံးစဆက်သွယ်လာမယ်လို့တော့ မမျှော်လင့်ပါနဲ့။ အင်တာဗျူးဖြေပြီးတဲ့နောက် follow up လုပ်တာက အလုပ်နေရာ သေချာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။
အင်တာဗျူးဖြေပြီးတဲ့နောက် ကျေးဇူးတင်ကြောင်း ဖြစ်ဖြစ် ၊ ကိုယ့်ကိုပေးအပ်လာမယ့် အခွင့်အရေးအတွက် စိတ်အားထက်သန်နေကြောင်း ပဲဖြစ်ဖြစ် မေးလ်ပို့ပြီး ကိုယ့်ဘက်က စပြီး ဆက်သွယ်လိုက်မယ်ဆိုရင် ကိုယ့်ကို ရွေးချယ်လာဖို့ အခွင့်အရေးများပါတယ်။
၎။ သူတို့လည်း အချိန်ယူစဉ်းစားနေရလို့ပါ။
အလုပ်ရှင်က အလျင်စလို ခန့်ဖို့ မလိုသေးတဲ့ အလုပ်မျိုးဆိုရင် သူတို့ဘက်က အပြီးသတ် တစ်ယောက် မရွေးသေးခင် လာလျှောက် သမျှ လူအစုံကို အင်တာဗျူးခေါ်ပြီး ဦးနှောက်ဖောက်စားချင်သေးတာ ဖြစ်ပါတယ်။
အလုပ်ခေါ်စာကို တွေ့တွေ့ချင်း ကိုယ်က ပထမဆုံး လျှောက်လိုက်တဲ့ လူဆိုရင်တော့ နောက်ထပ် လျှောက်လာသမျှ လူတွေ မကုန်မချင်း ကိုယ့်ဆီ တော်တော်နဲ့ အကြောင်းပြန်လာမှာ မဟုတ်ပါဘူး။
၅။ ခရီးထွက်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တစ်ခါတစ်လေ ခရီးသွားလို့ကောင်းတဲ့ ရာသီမှာ ဝန်ထမ်းတွေ အပျော်ခရီးထွက်နေတာကြောင့် အကြောင်းပြန်ဖို့ နောက်ကျနေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကို အင်တာဗျူးခေါ်ခဲ့တဲ့ မန်နေဂျာက ခရီးထွက်တဲ့ထဲ ပါသွားခဲ့ရင်တော့ သေချာပါပြီ သူပြန်လာမှ အကြောင်း ပြန်ပေးတော့ မှာပါ။ အထူးသဖြင့် နွေရာသီအားလပ်ရက်နဲ့ အခါကြီးရက်ကြီး နားကပ်ပြီး ခေါ်တဲ့ အင်တာဗျူးတွေမှာ ဒီလိုအဖြစ်များပါတယ်။
၆။ အလုပ်တွေရှုပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။
မန်နေဂျာက အလုပ်ခန့်ဖို့တစ်ခုတည်း အတွက် လုပ်နေရတာ မဟုတ်ပါဘူး။ ဒါ့အပြင် ဝန်ထမ်းရွေးဖို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဌာနအချင်းချင်း ခေါင်းချင်းဆိုင် တိုင်ပင်တာတွေ လုပ်ဆောင်ရပါတယ်။
ကုမ္ပဏီမှာ အလုပ်တွေ အရမ်းရှုပ်တဲ့အခါမှာတော့ ဟိုလူလည်း မအား၊ ဒီလူလည်းမအားနဲ့ ပြန်ဆက်သွယ်ဖို့ အချိန်တွေ နှောင့်နှေးသွား တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်လျှောက်ထားတဲ့ နေရာက သူတို့အတွက် အရေးတကြီး လိုအပ်နေတာမျိုး မဟုတ်ဘူးဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ စောင့်လိုက်ပါဦး။
၇။ အလုပ်ခန့်ဖို့ ရည်ရွယ်ထားပြီးသားလူရှိတယ်။
ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ကို အစောကြီးတည်းက ရွေးပြီးသားပေါ့။ အဲဒီလူ က ကမ်းလှမ်းမှုကို လက်မခံမချင်း အခြားကျန်တဲ့ သူတွေကို တတ်နိုင်သမျှ အချိန်ကြာကြာ ဆွဲထားဦးမှာပါ။ ဒီလိုဆိုရင်တော့ အခြေအနေတွေက ပုံမှန်ထက် ကြန့်ကြာသွားပါပြီ။
သူတို့ခန့်ချင်တဲ့လူက ခရီးလွန်နေတဲ့အခါ ဒါမှမဟုတ် လစာညှိနှိုင်းနေတုန်းဖြစ်တဲ့အခါမှာဆိုရင် ကိုယ့်ဆီကို အကြောင်းပြန်လာဦးမှာ မဟုတ်ပါဘူး။
၈။ အလုပ်နေရာမရှိတော့ဘူး။
ကုမ္ပဏီတွင်း အပြောင်းအလဲတွေ ဖြစ်တဲ့အခါ ဌာနတွေ ပြန်လည်ဖွဲ့စည်းပြီး အင်တာဗျူးခေါ်ထားတာတွေကိုလည်း ဖျက်သိမ်းလိုက် တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်တဲ့အခါ ကုမ္ပဏီ အထက်လူကြီးတွေက စိတ်ရှုပ်နေတဲ့ အတွက် ဒီသတင်းကို ကိုယ့်ဆီ ချက်ချင်း ကြေညာပေးမှာ မဟုတ်ပါဘူး။
source: for her myanmar