တစ်ယောက်ယောက်က ငါတော့ ဒီတစ်ပတ်ထဲ အင်္ဂလိပ်ဝတ္ထု ၅ အုပ်ဖတ်ဖြစ်တယ်လို့ လာပြောရင်တောင် အားကျမစောလိုက်ပါနဲ့နော်။ သူ့အထာနဲ့သူပါ။ သူကတော့ ငါးအုပ်ဖတ်လို့ ကိုယ်လည်း ငါးအုပ်လိုက်ဖတ်မယ်ဆိုပြီးတော့ မစဉ်းစားလိုက်ပါနဲ့။ အဲဒီငါးအုပ်သာ ဖတ်လို့ ပြီးချင်ပြီးသွားမယ်။ ကိုယ်ဘာဖတ်လိုက်မှန်းကိုယ်တိုင်တောင် မသုံးသပ် မဆင်ခြင်နိုင်ရင် အချိန်သာကုန်သွားမယ်။ ဘာဗဟုသုတ အသိပညာမှ ရလိုက်မှာ မဟုတ်ပါဘူး။
“ Reading Comprehension ” လို့ခေါ်တဲ့ စာဖတ်ခြင်းအတတ်ပညာဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ သူတို့ native English speaker တွေတောင် စာဖတ်ဖို့ အခက်ကြုံတာတွေ ရှိပါတယ်။ အခက်အခဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူပါ့မလဲနော်။ အချို့ကျတော့ ဝေါဟာရ မကြွယ်ဝလို့ဖြစ်ချင်ဖြစ်မယ်၊ အချို့ကျတော့လည်း ဖတ်နေရင်း စိတ်မနှစ်နိုင်တော့လို့ ကိုယ်ဘာတွေဖတ်ခဲ့တယ်ဆိုတာ မေ့သွားတာလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်လည်း ကိုယ်စိတ်မဝင်စားတဲ့ အကြောင်းအရာကို ဖတ်နေရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
စာဖတ်ပါ စာများများဖတ်ပါဆိုတဲ့ စကားကိုတော့ နားကြားပြင်းကပ်အောင် ကြားဖူးကြတယ်ဟုတ်။ ကိုယ်ဖတ်နေတာ ဘာမှန်းတောင်မသိတာကို အတင်းတွေဖတ်ခိုင်းနေတော့ စိတ်ရှုပ်ရတယ်မလား။ ဒါပေမဲ့ အချိန်ကောင်းကောင်းသာ ပေးနိုင်မယ်ဆိုရင် အင်္ဂလိပ်စာဖတ်ရတာ ထင်ထားတာထက် လွယ်ကူတယ်ဆိုတာကို တွေ့ရမှာပါ။
အဲဒီတော့ ဒီအချက်လေးတွေကို အချိန်ပေးပြီးသာ ကျင့်ပေးဖြစ်မယ်ဆိုရင် စာဖတ်သူကောင်းတစ်ယောက် ဖြစ်လာမှာပါနော်။ ပထမဆုံး စာအုပ်ကို စမကိုင်ပါနဲ့။ ဆောင်းပါးတိုလေးတွေက စကြည့်ပါ။ ကိုယ်စိတ်ဝင်စားမယ့် အကြောင်းလေးတွေ ရှာဖတ်ကြည့်ပေါ့နော်။ ဖတ်ရတာအဆင်ပြေလာပြီဆိုရင် လေးငါးမျက်နှာလောက်ရှည်တဲ့ Short story လေးတွေပေါ့။ ပြီးရင်တော့ အင်္ဂလိပ်သတင်းစာ တစ်စောင်စ နှစ်စောင်စ ဖတ်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ စာအုပ်ပါးပါးလေးတွေဆီကူး… ပြီးတော့ ဝတ္ထုရှည်တွေဆီရောက်။ အိမ်ဆောက်သလိုပေါ့။ ငြမ်းဆင်ပြီးမှ အောက်ဆုံးကနေဖြည်းဖြည်းချင်းဆီ အုတ်မြစ်တည်သွားတာ ခေါင်းမိုးမိုးပြီး လူနေလို့ ရတဲ့အထိပါပဲ။
၁။ စာဖတ်ချိန်ကို သတ်သတ်မှတ်မှတ် ထားပါ
ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကိုဖတ်ရရင်တော့ ဘယ်သူမဆို စာဖတ်ပျော်နိုင်ပေမယ့် စာတကယ် ဖတ်တတ်ချင်ရင်တော့ သေချာအာရုံစိုက်ပြီး စိတ်နှစ်ထားဖို့လိုပါတယ်။ အဲဒီအတွက် အာရုံစူးစိုက်နိုင်မယ့် စိတ်ငြိမ်အေးချမ်းမယ့် အချိန်တစ်ခုကို သတ်မှတ်ထားလိုက်မယ်ဆိုရင် အခြားအနှောင့်အယှက်တွေရှိဖို့ ရာခိုင်နှုန်းနည်းသွားမှာပါ။ တစ်နေ့ကို မိနစ်သုံးဆယ်လောက်က စပါ။ အချိန်ပေးနိုင်လေ ပိုတိုးတက်လေပါပဲ။
၂။ စာဖတ်ခြင်း စစမွေးတဲ့ အဆင့်ဆိုရင်တော့ ကိုယ်စိတ်ဝင်စားနိုင်လောက်တဲ့ အကြောင်းအရာကိုပဲ ရွေးဖတ်ပါ
Science fiction မကြိုက်ဘဲနဲ့ Mars ဂြိုဟ်အကြောင်း ရေးထားတဲ့ စာအုပ်ကောက်ကိုင်ရင်တော့ သုံးလေးရွက်နဲ့တင် အီဆိမ့်သွားပါလိမ့်မယ်။ စာအုပ်ရွေးတဲ့အခါ သတိထားရမှာက ကိုယ်ဘာကိုစိတ်ဝင်စားတယ်ဆိုတာရယ်၊ ကိုယ့်ရဲ့ ဘာသာစကားကျွမ်းကျင်မှုအဆင့်ရယ်ကို ထည့်သွင်းစဉ်းစားပါ။
Recommended for you - အခြေခံပညာကျောင်းများတွင် အကြံပြုစာပုံးများထားမည့်စနစ် ယခုနှစ်မကုန်မီ စတင်မည်
၃။ လောဘမကြီးမိပါစေနဲ့
တဖြည်းဖြည်းနဲ့ စာဖတ်နှုန်းမြန်လာတဲ့အခါ လောဘမကြီးမိပါစေနဲ့။ ဖြည်းဖြည်းနဲ့မှန်မှန်ဖြစ်အောင် ပြန်ထိန်းပါ။ စကားလုံးတိုင်းဟာ အကြောင်းအရာတစ်ခုတည်းကို ရည်ညွှန်းတယ်ဆိုတာ ရှားပါတယ်။ အချိန်ယူပြီး စဉ်းစားပါ။ အသုံးအနှုန်းလှတာလေးတွေ မှတ်ထားပါ။ အရေးအသားပုံစံလေးတွေ သတိပြုပါ။ စာလုံးတစ်လုံးစီတိုင်းရဲ့အလှတရားကို သတိပြုမိလာပြီဆိုရင်တော့ စာတော်တော်ဖတ်တတ်ပြီလို့ သတ်မှတ်လို့ရပါပြီ။
၎။ ပြန်ဖတ်ပါ
တစ်ခါဖတ်ဖူးရုံနဲ့ အလုံးစုံမှတ်မိတယ်ဆိုတာ မရှိပါဘူး။ တစ်ခါတလေမှာ တစ်ခါတည်းဖတ်လို့ နားမလည်နိုင်တဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ်မသိတဲ့ စာလုံးတွေလည်း ရှိနိုင်ပါတယ်။ ပထမတစ်ခါ အဘိဓာန်ကြည့်လိုက်လို့ သိသွားပေမဲ့ မှတ်မိဖို့ ခဲယဉ်းပါတယ်။ ဒုတိယအကြိမ်မြောက်မှာတော့ မှတ်မိသွားနိုင်ပါပြီ။ ကျွန်တော်လည်း ဝတ္ထုဖတ်ရင် တစ်အုပ်လုံး အစအဆုံးကို အနည်းဆုံးနှစ်ခါလောက်တော့ ပြန်ဖတ်ဖြစ်တယ်။ အဲ့ဒါမှ ဇာတ်ကောင်တွေပြောတဲ့စကား၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပိုနားလည်ပြီး ဇာတ်ကြောင်းကို ကောင်းကောင်းသဘောပေါက်တယ်လို့ ခံစားရလို့။
၅။ စာအုပ်အပြင် တခြားအရာတွေပါ ဖတ်ကြည့်ပါ
နောက်ဆုံးအနေနဲ့ စာအုပ်လို့ပြောပေမဲ့ စာအုပ်ကိုပဲဖတ်ရမယ်လို့ မဆိုလိုပါဘူး။ Blogs တွေဖတ်ပါ။ Email ထဲဝင်လာတဲ့ စာတွေဖတ်ပါ။ Tweet တွေဖတ်ပါ။ ရုပ်ရှင်ထဲက စာတန်းထိုးတွေဖတ်ပါ။ သီချင်းစာသားတွေဖတ်ပါ။ English လိုရေးထားတဲ့ ဘယ်လိုစာမျိုးကိုမဆို ကြုံရင်ကြုံသလိုဖတ်ပါ။ အဲ့ဒါဆိုရင် Language skill သိသိသာသာ တက်လာတာကို သတိထားမိပါလိမ့်မယ်။
ဒီနည်းလမ်းတွေကိုသာ စမ်းလုပ်ကြည့်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ စာဖတ်အားကောင်းလာပြီးတော့ ဘာသာစကားအခက်အခဲဆိုတာကြီးကို ကျော်လွှားလာနိုင်မှာပါ။
Recommended for you - ဘဝမှာ မှတ်သားထားရမယ့် ဥပဒေသ (၉) ချက်
Recommended for you - ဆရာ ဆရာမများကို အရည်အချင်းပြန်လည်မြှင့်တင်မှုတွင် အစိုးရ ရုန်းကန်နေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Credit; Myat (For Her Myanmar)