×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 14 January 2019

ဘာသာစကားအသစ် မြန်မြန်ပြောတတ်အောင်

ဘာသာစကားအသစ် လေ့လာရင် ရလာမယ့် အကျိုးတွေ အများကြီး ပြောပြခဲ့ပြီးပြီနော်။ ဒါဆို ဒီတစ်ခါ ဘာသာစကားအသစ် လေ့လာတဲ့အခါ မြန်မြန်ဆန်ဆန် ရသွားအောင် ပြောတတ်သွားအောင် ပိုပြီး ထိရောက်မှုရှိအောင် ဘယ်လိုလေးတွေ လေ့လာရမလဲဆိုတာ ပြောပြပေးပါမယ်နော်။

နည်းလမ်းတွေက အများကြီး ရှိပေမယ့် အဓိကအချက်လေးတွေကိုပဲ ထုတ်နှုတ်ပေးထားပါတယ်။

၁. စိတ်ဝင်စားမှု

ဒါအရေးကြီးဆုံးပဲနော် ဘာသာစကားလေ့လာမှ မဟုတ်ဘူး ဘာပဲလုပ်လုပ် စိတ်ဝင်တစား လုပ်တာနဲ့ စိတ်မပါဘဲ လုပ်တာက လုံးဝကို ကွာပါတယ်နော်။ ဘာသာစကားလေ့လာရင် ကိုယ်လေ့လာနေတာကို စိတ်ပါဝင်စားမှု ရှိဖို့ သေချာပေါက် လိုပါတယ်။ အရင်ဆုံး လိုတာက စိတ်ဝင်စားမှု ရာနှုန်း မြင့်ဖို့ပါပဲ။ ကိုယ်ကသာ စိတ်ပါပါနဲ့ လေ့လာတယ်ဆိုရင် ပိုပြီး ထိရောက်မှု မြန်ဆန်မှာပါ။

၂. နားထောင်တဲ့စွမ်းရည်

နောက်တစ်ချက် အရေးကြီးတာကတော့ နားထောင်တာပါ။ စဉ်းစားကြည့်ပါ ကိုယ့်မိခင်ဘာသာစကား ကိုယ်ဘယ်လိုပြောတတ်ခဲ့လဲ ငယ်ငယ်တုန်းက grammar တွေ ဘာမှမသိခဲ့ဘူးလေ။ မိသားစုနဲ့ ပတ်ဝန်းကျင်က ပြောတာကို နားထောင်ရင်း လိုက်ပြောခဲ့တာပဲမို့လား။ ဒီတစ်ခုလည်း အတူတူပဲပေါ့ ကိုယ့်ဘာသာစကားမဟုတ်တဲ့ second language ကို သင်တာနဲ့ ကိုယ်က ကလေးလေးတစ်ယောက် ပါပဲ။

ဒါ့ကြောင့် များများနားထောင်ပါ။ ခုခေတ်ကတော့ internet လည်းရှိတယ်။ သီချင်းတွေ နားထောင်လို့ ရတယ်။ Movie တွေ ကြည့်လို့ရတယ် အဲဒါတွေကနေ သူတို့ အသံထွက်တွေ၊ စကားအသုံးအနှုန်းတွေ မှတ်ထားရင် ပိုအကျိုးရှိတယ်နော်။ သေချာ နားထောင်တတ်အောင် ကျင့်ထားပါ ဒါမှ သူတို့လို အသံထွက် မှန်မှန်ကန်ကန် ထွက်တတ်မှာပါ ကြားတာမှားရင် ထွက်လာတာလည်း မမှန်နိုင်ဘူးနော်။

၃. စာဖတ်တဲ့စကေး

အင်း စာဖတ်တဲ့စကေး နည်းနည်းကြမ်းဖို့လည်း လိုပါတယ်။ များများဖတ်မှ များများသိမှာလေ ပြီးတော့ စာဖတ်တဲ့စွမ်းရည် မြင့်လာလေလေ အရေးစွမ်းရည်လည်း မြင့်လေလေပဲနော်။ စာများများဖတ်မှ စာတွေ ဘယ်လိုရေးကြလဲ Grammar တွေလည်း သုံးပုံသုံးနည်း အလိုလို နားလည်လာပါလိမ့်မယ်။ ပြီးတော့ စာလုံးတွေလည်း ပိုများများသိတာပေါ့ ပြောရရင် အသုံးအနှုန်း များများသိတော့ စကားလည်း ပိုကြွယ်လာမယ်လေ။

စစချင်း တကယ့်ကို လွယ်ကူရိုးရှင်းတာလေးတွေကနေ စဖတ်ပေါ့ ဖြည်းဖြည်းချင်းနဲ့ ကြိုးစားပြီး ဖတ်သွား နောက်ပိုင်းကျရင် စာကြောင်းတွေ တွေ့တာနဲ့ ဒတ်ခနဲ ဖတ်နိုင်သွားမှာ ဒါကလည်း လုပ်ကိုလုပ်ရမယ့် အလေ့အကျင့် တစ်ခုပါပဲနော်။

၎. စဉ်းစားတဲ့အခါ

ဥပမာပြောရရင် English သင်တဲ့အခါ မြန်မာလို အရင်စဉ်းစားပြီးမှ English လို ပြန်စဉ်းစားတတ်ကြတယ်။ နောက်ဆို ဒီလိုမလုပ်ပဲ အရင်ဆုံး English လိုစဉ်းစားလိုက်ပါ ဒါပိုထိရောက်မှု ရှိပါတယ်။ နည်းလမ်းတစ်ခု ရှိတယ် ဘာလဲဆိုတော့ ဘယ်သွားသွား မြင်တဲ့ဟာတိုင်းကို ကိုယ်သင်နေတဲ့ ဘာသာစကားလို စဉ်းစားကြည့်ဖို့ပါ စားသောက်ဆိုင်မြင်လိုက်တယ်။

ဒါဘယ်လိုခေါ်လဲပေါ့ အဲလိုမျိုး အကုန်လုံးကို လိုက်စဉ်းစား မသိရင် ပြန်ရှာ အဲလိုဆို သိသိသာသာကို တိုးတက်လာမှာပါ။ ပိုလည်း မှတ်မိနိုင်ပါတယ်။ တစ်ခါတစ်လေတော့ နည်းနည်းအလုပ်ရှုပ်တာပေါ့ ဒါပေမယ့်လည်း တတ်နိုင်ဘူးလေ ကိုယ်က တကယ်တတ်ချင်တယ်ဆိုရင် နည်းပေါင်းစုံနဲ့ ကြိုးစားရမှာပဲ ဟုတ်တယ်ဟုတ်။

၅. ပြောကြည့်

တော်တော်များများ အခက်အခဲဖြစ်ကြတာက ပြောမထွက်တာပါပဲ။ သင်သာသင်တာ ပြောကြည့်မယ် လေ့ကျင့်ကြည့်မယ်ဆိုရင် ပြောမထွက်ကြတော့ပါဘူး။ ဥပမာ English သင်နေတယ်ထား အတန်းမှာ ဆရာက ကဲ English လိုပဲ ပြောရမယ် ဆိုပြီးများ ပြောလိုက်မိရင် တစ်တန်းလုံး အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားတတ်ကြတာပါပဲ။

ကိုယ်က ကောင်းကောင်းပြောတတ်ချင်ရင် ပြောထွက်လိုက်ဖို့ လိုပါတယ်။ မှားတာ မမှားတာ အသာထားပါ မှားတာကတော့ မှားမှာပါပဲ ကိုယ်က ခုမှသင်ခါစ ရှိသေးတာလေ လုံးဝကွဲပြားနေတဲ့ ဘာသာစကားတစ်ခုကြီးကို မမှားပဲနေမလား။ ဘယ်သူမဆို မှားကြတာပါပဲ။ ဒါ့ကြောင့် ကြောက်မနေဘဲ ပြောထွက်ဖြစ်အောင် လုပ်ပါ ဆရာတွေနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ ဖြစ်ဖြစ်၊ ကြိုက်ရင် သူတို့ Native တွေနဲ့ သွားပြောရဲရင် ပိုတောင်ကောင်းပါသေးတယ်။ သူတို့က အဲလိုမျိုးဆို အရမ်းကို welcome ဖြစ်ကြပါတယ်။ ပြောထွက်ဖြစ်အောင် ပြောပါနော် များများပြောမှ နောက်ပိုင်း အေးဆေးဖြစ်သွားမှာ။

၆. Grammar မှန်နေဖို့ မလိုဘူး

ဟုတ်ကဲ့ Grammar ကို သိပ်ဂရုစိုက်ကြပါတယ်။ စကားပြောရင်လည်း grammar ကျကျ ပြောလိုက်ရမှ ကျေနပ်ကြသကိုး။ ဘာသာစကားတစ်ခုမှာ Grammar က သိပ်အရေးကြီးတာ မှန်ပါတယ် ဒါပေမယ့် အမြဲတမ်း ဂရုစိုက်နေဖို့ မလိုပါဘူး။ Movie တွေပဲ ကြည့်လေ သူတို့ စကားပြောတဲ့အခါ grammar ကျကျကြီး ပြောမနေပါဘူး ဒီတိုင်း အဆင်ပြေသလို ပေါ့ပေါ့ပါးပါးပဲ ပြောကြတာပါ တစ်ခါတစ်လေ grammar တောင် မှားရင်မှားနေပါသေးတယ်။

ဖတ်တဲ့အခါတို့၊ ရေးတဲ့အခါတို့ ဆိုရင်တော့ grammar ကတော်တော် အရေးပါပေမယ့် စကားပြောတဲ့အချိန်ဆိုရင် အကုန်မှန်မနေလည်း ဘာမှမဖြစ်ပါဘူး။ အဓိက က ကိုယ်ပြောတာကို တစ်ဖက်လူ နားလည်ဖို့ပါ ဘာသာစကားဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့အခါ သုံးတဲ့အရာတစ်ခုပဲလေ။ သူပြောတာ ကိုယ်နားလည်တယ်၊ ကိုယ်ပြောတာ သူနားလည်တယ် ဆိုရင် တော်ပြီပေါ့။ Grammar ကိုအရမ်းကြီး ဂရုစိုက်နေစရာ မလိုပါဘူးနော်။

source: liveTheDream

Read times Last modified on Wednesday, 29 January 2020 10:58
Rate this articles
(2 votes)