×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 15 January 2019

အတွေးလွန်လာရင်…

အတွေးလွန်တယ်ဆိုတာက လူတော်တော်များများ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့အရာပါ အထူးသဖြင့် လူငယ်တွေပေါ့။ “ငါအခုတလော အရမ်း overthinking ဖြစ်နေတာ” ဆိုတာမျိုး လူငယ်တွေကြား ခနခနကြားနေရပါတယ်။

တကယ်တမ်း အတွေးလွန်တယ်ဆိုတာ မသေချာမှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေ ပေါင်းစပ်ထားတာနဲ့ တူပါတယ်။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုကို မသေမချာဖြစ်နေတဲ့အခါ စိုးရိမ်ပူပန်လွန်းတဲ့အခါ အတွေးတွေ လွန်လာတတ်တာပေါ့။

ဒီလိုအတွေးလွန်တတ်ကြသူလေးတွေက တကယ်တော့ အတွေးလွန်တာ မကောင်းမှန်း သိကြပါတယ်။ အတွေးလွန်နေရင် မကောင်းမှန်းလည်း သိတယ်၊ ကိုယ့်ကို ပိုထိခိုက်မယ်ဆိုတာလည်း သိတာပဲ ဒါပေမယ့် ဒီလိုအတွေး လွန်နေတာကြီးကို ရပ်လို့မရဘူး ထိန်းလို့မရဘူးဖြစ်နေကြတယ်လေ။

အတွေးသိပ်လွန်မိတဲ့ အချိန်မျိုးတွေဆို ညဘက်တောင် အိပ်မပျော်နိုင်တော့ပါဘူး အတွေးနဲ့ရူးဆိုသလိုပေါ့။ ကိုယ်ရွေးချယ်လိုက်တာ လုပ်လိုက်တာက ကောင်းနေတယ် ထားဦး ဒါကိုမှ စိတ်မအေးနိုင်ဖြစ်ပြီး “ငါလုပ်လိုက်တာ မှားများမှားသွားပြီလား၊ အဆင်မှပြေပါ့မလား၊ တခြားတစ်ခု ရွေးခဲ့လိုက်ရမှာ” ဆိုတာမျိုး ကြံဖန်တွေးပူ တတ်ကြပြန်ပါသေးတယ်။

ကြားနေကျစကားတွေကလည်း ရှိသေးတယ် “ဒီလောက်လွယ်လွယ်လေးကို ဘာစိတ်ပူနေတာလဲ၊ စိတ်ထဲထားမနေနဲ့၊ လျှောက်တွေးမနေနဲ့” ဆိုတာမျိုးတွေပေါ့။ ဒါတွေကတော့ over-thinker လေးတွေ ကြုံနေကြရတဲ့ ဒုက္ခတစ်ခုပါပဲ။

တွေးတာက ကောင်းပါတယ် ဒါပေမယ့် “တန်ဆေးလွန်ဘေး” ဆိုသလို အတွေးလွန်တာကတော့ ကိုယ့်အတွက် စိတ်ဖိစီးမှု ပိုများစေတာသာ ရှိတာပါ။ ခက်တာက ကိုယ့်ကိုယ်ကိုယ် အတွေးလွန်တာ မကောင်းဘူး အတွေးမလွန်စေနဲ့ လို့သတိပေးတာက ဘာမှကို အကျိုးမထူးပါဘူး။ သတိပေးလေလေ ပိုတွေးမိလေလေပါပဲ။ အဲ့တော့ အတွေးလွန်လာတဲ့အခါ လုပ်သင့်တဲ့အချက်လေးတွေ ဖော်ပြပေးထားပါတယ်နော်။

၁. Calm and Clear

စိုးရိမ်ပူပန်မှုတွေ များလွန်းလာတဲ့အခါ စိတ်ကို သေချာမစုစည်းနိုင်၊ မသုံးသပ်နိုင် ဖြစ်တတ်ကြပါတယ်။ အဲ့တော့ Calm- စိတ်ကို ငြိမ်အောင်ထားပါ Clear- စိတ်ကို ရှင်းအောင်ထားပါ။ တရားထိုင်တာတို့၊ သီချင်းနားထောင်တာတို့၊ လေကောင်းလေသန့် ရှုတာတို့ အဲလိုလေးတွေ လုပ်ပေးတာက စိတ်ကိုငြိမ်အောင် ရှင်းအောင် ထားတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။ စိတ်မတည်မငြိမ်နဲ့ အတွေးကလည်းလွန် စိတ်ကလည်းရှုပ်ဆိုရင် ပျာယာခတ်ပြီး ဗျာများနေရ ပါလိမ့်မယ်။ စိတ်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလေးလုပ်ထားမှ လက်တွေ့ကို သေချာစဉ်းစားနိုင်ပြီး ဒါကိုတော့ လုပ်သင့်တယ်၊ ဒါကိုတော့ မလုပ်သင့်ဘူးဆိုပြီး ဆုံးဖြတ်ချက်တွေ သေချာချနိုင်မှာပါ။

၂. တခြားအတွေး အစားထိုးပါ

ဥပမာ ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်က “စာမေးပွဲက အောင်မှာပါကွာ အါ့ကြီးတွေးမနေနဲ့တော့” လို့သာ ပြောလိုက်ရင် ဘာကိုတွေးမိမယ်ထင်လဲ။ ဟုတ်တာပေါ့ သေချာပေါက် စာမေးပွဲကြီးကို ပြေးမြင်မိတော့မှာပါ။ ဒါ့ကြောင့်မို့ အတွေးကို အခြားတစ်ခု အစားထိုးလိုက်ဖို့လိုပါတယ်။ စာမေးပွဲမဟုတ်ပဲ ဘယ်ဆိုင်က ဟော့ပေါ့က အရမ်းစားလို့ကောင်းတာ ဆိုရင် ဟော့ပေါ့ကိုပဲ စိတ်ကူးထဲမြင်မိတော့မှာပါ။ စာမေးပွဲအကြောင်း မတွေးမိတော့ဘူးလေ ပြောရရင် အာရုံလွှဲတာပေါ့နော်။ ဒီလိုနဲ့ ကိုယ်အတွေးလွန်နေတာမျိုးကို အခြားတစ်ခုခု အစားထိုးလိုက်ပြီးတော့ အာရုံလွှဲထားလို့ ရပါတယ်။

၃. ခနလောက်အိပ်လိုက်ပါ

တကယ်ကြီးလား….. တကယ်ကြီးပေါ့။ အိပ်တာလောက် ကောင်းတာဘာများရှိမလဲနော် အိပ်နေရင် ဘာမှမသိတော့ဘူးလေ ဘာမှလည်း မတွေးမိတော့ဘူး အမှန်ဆုံးပေါ့။ ကိုယ်က သိပ်အတွေးလွန်လာပြီ စိတ်တွေထိန်းဖို့ ခက်နေပြီဆို ခနလောက် အိပ်လိုက်တာက အများကြီးကို ကောင်းပါတယ်နော်။ ပူပန်တာတွေ လျှော့ချရာလည်း ရောက်တယ် စိတ်လည်း ပိုငြိမ်သွားမယ် လန်းဆန်းသွားမယ် အိပ်ရေးလည်း ဝတာပေါ့။ နောက်အတွေးလွန်လာရင် တစ်ရေးလောက်သာ အိပ်လိုက်ပါ။

၎. Perfect ဆိုတာမရှိဘူး

“No one is Perfect” ဆိုသလိုပေါ့ ဘယ်အရာကိုမှု ပြီးပြည့်စုံအောင် လုပ်လို့မရပါဘူး။ အတွေးလွန်တတ် သူလေးတွေက ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုခုကို ပြီးပြည့် စုံအောင်လုပ်ချင်တာ၊ အကောင်းဆုံး ဖြစ်စေချင်တာပါ ဒါ့ကြောင့် လည်း အကြောင်းအမျိုးမျိုးနဲ့ တွေးတောပူပန်နေကြရတာပေါ့။ အရာအားလုံးကို ကိုယ်ဖြစ်ချင်သလို ထိန်းချုပ်လို့ မရဘူးဆိုတာ နားလည်ထားပါနော် ဒါပေမယ့် အကောင်းဆုံး ကြိုးစားလို့ ရပါတယ်။

ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားပြီးပြီ၊ ကိုယ်တတ်နိုင်သလောက် လုပ်ပြီးပြီဆို ဒါပြီးပြည့်စုံတာပါပဲ ဘယ်လိုအဖြေမျိုးပဲ ထွက်လာ ထွက်လာ ကိုယ်အကောင်းဆုံးကြိုးစားခဲ့ပြီးပြီပဲ။ လက်ခံတတ်ဖို့ သင်ယူပါနော်။

၅. လက်ရှိကိုပဲ ကြည့်ပါ

အနာဂတ်အတွက် စဉ်းစားသင့်တယ် planတွေ ရှိသင့်တယ်ဆိုတာကတော့ မှန်ပါတယ် ကိုယ့်အနာဂတ်လေ ကိုယ်မစဉ်းစားလို့ ဘယ်သူလာစဉ်းစားပေးမှာလဲ။ ဒါပေမယ့် မဖြစ်သေးတဲ့အနာဂတ်ကိုမှ ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ၊ ဟိုလိုဖြစ်သွားရင် ဒုက္ခဆိုတာမျိုး တွေးပူနေရင် စိတ်ညစ်တာပဲ အဖတ်တင်မှာပါ။ ဒါအတွေးလွန်တာကို ပိုတောင် ဆိုးရွားစေပါတယ်။ အနာဂတ်က လက်ရှိအပေါ် မူတည်နေတာမို့ လက်ရှိကိုပဲ မြင်အောင်ကြည့်ပါ။

နောက်တစ်ချက်က အတိတ်ကို နောက်ကြောင်းပြန်တာမျိုး မလုပ်မိဖို့ပါပဲ အတိတ်က အမှားတွေ၊ လုပ်ခဲ့မိတာတွေကို အခုလက်ရှိမှာ ဆွဲမခေါ်ပါနဲ့ လက်ရှိပဲ ထိခိုက်ပါတယ် ပြီးတာတွေက ပြီးခဲ့ပါပြီ။ ဘာမှပြုပြင်လို့ မရတော့တာမို့ တွေးမနေပါနဲ့တော့။ အတိတ်နဲ့ အနာဂတ်ကြားမှာ အတွေးမလွန်မိပါစေနဲ့ လက်ရှိကိုပဲ အကောင်းဆုံးလုပ် အကောင်းဆုံးနေပါ။ ဒါအရှင်းဆုံးနည်းလမ်းပါပဲ။

စိတ်ရှည်ရှည်ထားပါနော် အတွေးလွန်တယ်ဆိုတာက လွယ်လွယ်လေး ဖျောက်ပစ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ ဘယ်နေရာ ဘယ်အချိန်မှာမဆို ဘယ်လို အကြောင်းကြောင့် ပဲဖြစ်ဖြစ် ပေါ်လာနိုင်တဲ့အရာပါ။ အဲ့တော့ စိတ်ရှည်ရှည် ထားပြီး ဖြည်းဖြည်းချင်း တစ်ဆင့်ချင်း ဖြတ်ကျော်ဖို့ ကြိုးစားကြည့်ပါနော်။ အတွေးလွန်တတ်သူလေးတွေ လွန်နေတဲ့အတွေးတွေ လျှော့ချနိုင်ပြီး ပူပန်မှုတွေ ကင်းနိုင်ကြပါစေ။

source; live the dream

Read times Last modified on Wednesday, 29 January 2020 11:04
Rate this articles
(1 Vote)