×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 14 January 2019

Presentation လုပ်ရတော့မယ်ဆိုရင်

ဟုတ်ကဲ့ Presentation လုပ်ရတော့မယ်ဆိုရင်ဖြင့် ဗိုက်နာသလိုလို၊ ခေါင်းပဲကိုက်လာသလိုလို၊ ဖျားချင်လာသလိုလို ဖြစ်တတ်ကြတာ ကြုံဖူးကြမယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကောင်းကောင်းကြီးကြုံဖူးခဲ့သလို မှတ်မှတ်ရရကြီးကိုလည်း အလွဲအချော်တွေ ဖြစ်ခဲ့ဖူးပါတယ်။

ကဲ ဒါဆို စင်ပေါ်တက်ရတော့မယ်ဆိုရင် အကြောက်တရားတွေကို ဘယ်လိုတိုက်ထုတ်ပြီး Presentation လုပ်ကြမလဲဆိုတာကို Tips လေးတွေနဲ့ ပြောပြပေးသွားပါမယ်နော်။

၁. ကြိုတင်ပြင်ဆင်

ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ပဲမို့လား။ Presentation လုပ်တော့မယ်ဆိုရင် အသေးစိတ် ကြိုတင်ပြင်ဆင်မှု လုပ်ထားသင့်ပါတယ်နော်။ Slides တွေကအစ ကိုယ်ပြောမယ့်ဟာတွေ အဆုံး အကုန်လုံးကို ပြင်ဆင်ထားပြီး ပြန်စစ်ဆေးပေးပါ ဒါမှ အလွဲအချော်မဖြစ်မှာလေ။ တော်ကြာ ပြောနေတာတခြား Slide မှာ ပေါ်လာတာ တခြားဆို ဟုတ်ပေ့ဖြစ်နေမယ်။

၂. လေ့ကျင့်ပါ

Presentation မလုပ်ခင် ကိုယ့်သူငယ်ချင်းတွေ ရှေ့မှာဖြစ်ဖြစ် လေ့ကျင့်ကြည့်ပါနော်။ ပြီးတော့ သူတို့ကိုလည်း အကြံဉာဏ်တွေ တောင်းပါ ဘယ်နေရာ ဘာလိုနေလဲ၊ ဘာလေးကိုတော့ ဘယ်လို ပိုပြောသင့်လဲ ဆိုတာမျိုးပေါ့။ လေ့ကျင့်ထားတာနဲ့ မကျင့်ထားတာက ရလဒ်တကယ်ကို ကွာပါတယ်။ လေ့ကျင့်မှုရှိမှလည်း ပြောတဲ့အခါ ပိုအဆင်ပြေမှာပါနော်။

၃. ကြာချိန်ကို ဂရုစိုက်ပါ

ကြာချိန်ကလည်း အရမ်းကို အရေးကြီးပါတယ် သိပ်ကြာလွန်းရင်လည်း မကောင်းဘူးလေ နားထောင်တဲ့သူ ပျင်းသွားနိုင်တယ်။ ဆိုတော့ ဘယ်အပိုင်းကို ဘယ်နှစ်မိနစ်ပြောမယ်၊ ဘယ်အပိုင်းကိုတော့ဖြင့် ဘယ်လောက်ပြောမယ် ဆိုပြီး သတ်သတ်မှတ်မှတ်လေး ရှိထားတာ ပိုကောင်းပါတယ်။

၎. တိုတိုနဲ့ လိုရင်းရောက်အောင်

တစ်ချို့က ရှိတယ်လေ အကြောင်းအရာလေးတစ်ခုတည်းကို အမျိုးမျိုး ပတ်ပြောပြီး ရှင်းပြနေတာ မပြီးနိုင်တော့ဘူး ရှင်းလေရှင်းလေ ရှုပ်လေလေ ဖြစ်နေတာပေါ့။ ဒီလိုဆို နားထောင်နေတဲ့သူက “ဘာတွေပြောနေမှန်းကို မသိဘူး” ဆိုတာမျိုး တွေးမိသွားနိုင်တယ်လေ။ ဒါ့ကြောင့် အရှည်ကြီးတွေ ရှင်းမနေဘဲ တိုတိုတုတ်တုတ်လေးနဲ့ လိုရင်းရောက်အောင် ပြောပါနော်။

၅. Confidence

ကဲ ပါလာပြန်ပါပြီ ဒီ မရှိမဖြစ် Confidence ကိုတော့ စင်အောက်ကနေ စင်ပေါ်အရောက် သေချာပေါက် သယ်ခဲ့ပါလို့။ လုံးဝချန်ထားခဲ့လို့ မဖြစ်ဘူးနော် ကိုယ်ပြောတာ ကောင်းရင်ဖြစ်ဖြစ်၊ မကောင်းရင်ဖြစ်ဖြစ် ယုံကြည်မှုလေးကိုတော့ ဘယ်တော့မှ အပျောက်မခံပါနဲ့။ လူတွေက ကိုယ့်ကိုကြည့်တဲ့အခါ ကိုယ့်ယုံကြည်မှု အရှိန်အဝါကိုပါ သူတို့မြင်ပါစေနာ်။

၆. အမှားလုပ်မိမှာ မကြောက်ပါနဲ့

ဘယ်သူမှတော့ Presentation လုပ်တဲ့အခါ အမှားအယွင်းမဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် မှားသွားရင်လည်း ဘာဖြစ်လဲ သေမှာမှ မဟုတ်တာ။ အမှားကိုကြောက်ပြီး တွန့်ဆုတ်ဆုတ် လုပ်နေရင် နောက်တစ်ခါကျ ပိုကောင်းတဲ့ ရလဒ် ရနိုင်မှာ မဟုတ်ဘူးလေ အမှားတွေကနေပဲ သင်ခန်းစာယူရတာမို့လား စကားပြောတာ မှားသွားခဲ့ရင် ဖြစ်ဖြစ်၊ တခြားတစ်ခုခု လွဲချော်ခဲ့တာပဲ ဖြစ်ဖြစ် အေးအေးဆေးဆေးပဲ ဆက်လုပ်သွားပါ။ အမှားကို ဂရုစိုက်မနေပါနဲ့ ကိုယ်ကစ ဂရုစိုက်မိလိုက်မှ လူတွေက ပိုဟားချင်တာပါနော်။

၇. ပြုံးပါ

စင်ပေါ်တက်လာတာနဲ့ မျက်နှာက ရှစ်ခေါက်ချိုးရုပ်တို့၊ သံပုရာရုပ်တို့၊ ကြောက်ချီးပန်းတဲ့ရုပ်တို့ ဆိုရင် ကိုယ့် Presentation image ကလုံးဝကို ကျပါတယ်။ မျက်နှာကြီးက ရှုံ့မဲ့မဲ့နဲ့ ကြောက်တဲ့ရုပ်လိုလို ဖြစ်နေရအောင် ထိုင်နေတဲ့ ပရိသတ်တွေက ကိုယ့်ကို ကိုက်စားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စင်ပေါ်တက်လာတဲ့အချိန်ရော၊ Presentation လုပ်နေတဲ့ အချိန်မှာပါ ကိုယ့်နေရာကို ပြန်ရောက်တဲ့အထိ ပြုံးပြုံးလေးနဲ့ မျက်နှာထားလေး ပွင့်နေပါစေနော်။

၈. Body Language

Body Language လေးပါဖို့က သေချာပေါက်ကို လိုပါတယ် မဟုတ်ဘဲ တောင့်တောင့်ကြီးနဲ့သာဆိုရင် ရေခဲတိုက်ထဲကပဲ ထွက်လာတာလား၊ အိမ်သာပဲ တက်ချင်နေတာလား ထင်သွားပါလိမ့်မယ်နော်။ ကိုယ်ဟန်အမူအရာလေး ထည့်သင့်တဲ့နေရာဆိုရင် သုံးပေးတာ ပိုကောင်းပါတယ်။ ပိုအသက်ပါတာပေါ့ အယ်လယ့်…

၉. ပရိသတ်နဲ့ ထိတွေ့ပေးပါ

ကိုယ်က Slide ဘက်ကြီးပဲကြည့်၊ ပရိသတ်ကို ကျောပေးထားပြီးတော့ပဲ စာတွေကို ရှင်းပြနေရင် ကိုယ်ပေးချင်တဲ့ message ကိုယ်ပြောချင်တာကို သူတို့သိမယ်ထင်လား။ ကိုယ်သာဆိုရင်ရော သူ့ဟာသူ ပြောသွားတဲ့သူတွေကို သဘောကျပါ့မလား။ ဆိုတော့ Presentation လုပ်တဲ့အခါ နားထောင်တဲ့ သူတွေဘက်ကို ကြည့်ပေးတာ eye contact လုပ်ပေးတာလိုမျိုး ပရိသတ်နဲ့ အထိအတွေ့လေး ရှိပေးဖို့ လိုပါတယ်။

၁၀. မေးနိုင်တာတွေ ကြိုတင်ပြင်ဆင်ထားပါ

Presentation လုပ်ပြီးသွားတဲ့အခါ မေးခွန်းတွေ မေးလာကြမှာပါ။ ကိုယ့်ဘက်ကနေ မေးနိုင်တာလေးတွေ ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားမယ်ဆိုရင် သူတို့မေးတဲ့အခါ ကြောင်တောင်တောင်မဖြစ်တော့ဘူးပေါ့။ ဖြေရတာလည်း ပိုအဆင်ချောတယ်လေ။

၁၁. မသိရင် ဝန်ခံပါ

မေးခွန်းတွေ မေးကြတဲ့အခါ ကိုယ်က ဘယ်လောက်ပဲ ပြည့်စုံအောင် လေ့လာထားထား မသိတာလေးတွေတော့ ရှိနိုင်တာပဲလေ။ တစ်ချို့က မသိရင်လည်း ရမ်းရွှီးတာမျိုးတော့ရှိတယ် အဆင်ပြေသွားတာလည်း ရှိတယ်။ ကိုယ်က အရွှီးကောင်းရင်တော့ တစ်မျိုးပေါ့ ဒါပေမယ့် အခန့်မသင့်ရင် ဂွမ်းသွားနိုင်ပါတယ် ဆိုတော့ တကယ်လို့ ကိုယ်က မသိတာမျိုး၊ ကိုယ့်မှာ သူတို့မေးခွန်းအတွက် အဖြေမရှိဘူးဆိုရင် ရိုးရိုးသားသားပဲ ဝန်ခံလိုက်တာ ဘာမှမဖြစ်ပါဘူးနော်။

ကဲ ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် Presentation လုပ်ရတဲ့အခါ ဒီအချက်လေးတွေကို သိထားရင် အများကြီး အကျိုးရှိမှာပါနော်။ အားလုံးပဲ အကောင်းဆုံး Presentation လေးတွေ လုပ်နိုင်ကြပါစေ။

source: LiveTheDream

Read times Last modified on Wednesday, 29 January 2020 11:01
Rate this articles
(2 votes)