×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 05 March 2019

ငယ်ရွယ်တုန်းမှာ လေ့လာစူးစမ်းပါ

ပညာတွေရှာလို့ အကောင်းဆုံးအချိန်၊ သင်ယူမှုအား အကောင်းဆုံးအချိန်က နုနယ်ပျိုမြစ်တဲ့ ငယ်ရွယ်တက်ကြွ လူငယ်ဘ၀အချိန်ပါပဲ။ လူငယ်တွေက တက်ကြွတယ်၊ လေ့လာလိုစိတ်ရှိတယ်၊ သိချင်စိတ်များတယ်၊

သွက်လက်တယ်၊ လိုက်လျောညီထွေမှုရှိတယ်။ ဒီလိုအရွယ်မျိုးတွေဆိုတာ ဆန်းသစ်တဲ့ အရာတွေကို စူးစမ်းလေ့လာဖို့ စမ်းသပ်ဖို့ အကောင်းဆုံးပါ။ စူးစမ်းလေ့လာမှု၊ စမ်းသပ်မှုတွေကပဲ သူမတူတဲ့ အတွေ့အကြုံတွေ၊ ရင့်ကျက်မှုတွေ၊ ဘယ်သူမှ သင်မပေးနိုင်တဲ့ ပညာတွေကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကွာသွားတာက မြန်မာနိုင်ငံက လူငယ်တွေနဲ့ နိုင်ငံခြားက လူငယ်လေးတွေ။ စိတ်ဓာတ် တက်ကြွမှု ရှိတာချင်းကတော့ လူငယ်တိုင်း အတူတူပါပဲ။ ဒါပေမယ့် လုပ်နိုင်စွမ်းအားတွေ၊ အသိပညာတွေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း တွေမှာ ကွာသွားတယ် ဘာကြောင့်လဲ။ အဓိက အကြောင်းအရင်းက နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက်က မိဘတွေကြောင့်။ နိုင်ငံခြားမှာဆို မိဘတွေက တော်ရုံနဲ့ လူငယ်တွေ ကိစ္စထဲ ၀င်မပါတတ်ကြပါဘူး။ သူတို့ ဘာသာဖြေရှင်းခိုင်းတယ်၊ သူတို့ ကြိုက်သလောက်လေ့လာ ကြိုက်သလိုသာနေ လွှတ်ထားလိုက်တယ် အသေးစိတ်ကို လိုက်ပြောမနေဘူး။

ငယ်ငယ်တုန်းက သင်ပေးသင့်တာ အကုန်လုံး သင်ပေးထားပြီးသားဖြစ်လို့ ယုံကြည်စိတ်ချတယ် ဒီတိုင်း စောင့်ကြည့်နေရုံလောက်ပဲ။ ဒါကြောင့် သူတို့တွေက စမ်းသပ်ခွင့်ရတယ်၊ လေ့လာခွင့်ရတယ် အဲလိုနဲ့ သူတို့ရဲ့ အမြင်တွေ၊ အတွေးအခေါ်တွေဟာ ကျယ်ပြန့်လာတယ်၊ ကြီးမားလာတယ်၊ ရင့်ကျက်လာတယ် အချိန်တန်တဲ့အခါ ကိုယ်လျှောက်မယ့်လမ်းကို အတည်တကျ ရွေးချယ်နိုင်တယ်။

မြန်မာနိုင်ငံမှာကျ အားလုံးကိုတော့ မဆိုလိုပေမယ့် အများစု မိဘတွေက သားသမီးတွေကို အရမ်း အချစ်ပိုလွန်းတယ် နေရာတကာ စိတ်ပူတယ်၊ စိတ်မချဘူး၊ မယုံဘူး အဲ့တော့ ကိုယ့်မျက်စိအောက်မှာပဲ ထားတယ်၊ ကိုယ့်အလိုကျပဲ လုပ်စေတယ်၊ ကိစ္စတိုင်းမှာ ၀င်ပါပြီး သူတို့က ဆုံးဖြတ်ပေးတယ်။ ဘာဖြစ်လာလဲဆိုတော့ လူငယ်တွေက ကြိုက်သလို စူးစမ်းလေ့လာလို့ မရဘူး၊ ဘယ်မှ ထွက်လို့လည်း မရဘူး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်ဘူး၊ ရင့်ကျက်မှု မရှိဘူး၊ မတွေးတတ်တော့ဘူး၊ ဘာမှ မသိတော့ဘူး၊ အချိန်တန်ရင်တောင် ကိုယ့်ဝါသနာက ဘာလဲ ရည်မှန်းချက်ဆိုတာ ဘာကြီးလဲ နားမလည်နိုင်ကြဘူး။ ဒီတော့ ရမယ့်အခွင့်အရေးတွေ ပညာတွေ အများကြီး ဆုံးရှုံးလိုက်ရတယ်လေ။

နောက်ဒုတိယအချက်က မှားမှာကို ကြောက်တာ။ ဘယ်လောက်တော်နေတဲ့သူဖြစ်ဖြစ် သူလည်း တစ်ခါတစ်လေ မှားတာပါပဲ။ ဘယ်သောအခါမှ မမှားဖူးသူဆိုတာ လုံးဝ လုံးဝ မရှိပါဘူး။ အဓိက က မှားသွားရင် အမှားကနေ သင်ခန်းစာ ယူတတ်ဖို့ရယ်၊ နောက်တစ်ခါ မမှားအောင် သတိပြု ဆင်ခြင်ဖို့ရယ်ပါပဲ။ ဒါပေမယ့် ဒီမှာကျတော့ မှားမှာကိုပဲ အသေအလဲ ကြောက်နေတော့ အသစ်အဆန်းလည်း မစမ်းသပ်ရဲ၊ လူတောလည်း မတိုးရဲနဲ့ ကြောက်စိတ်က ဖုံးလွှမ်းနေတော့တာပါ။ ဒီအချက်ကြောင့် နားလည်သင့်တာတွေ နားမလည်နိုင်၊ ရင့်ကျက်သင့်တာ မရင့်ကျက်နိုင်ဘဲ နောက်ကျကျန်နေခဲ့ရတာပါပဲ။

ကိုယ်ဝါသနာပါတဲ့ အရာ၊ စိတ်ဝင်စားတဲ့ အရာတွေကို ငယ်ရွယ်ချိန်လေးပဲ စမ်းသပ်ခွင့်ရတာပါ။ အသက် ၃၀ ကျော်တဲ့ အချိန်ကျမှ အမလေး ငါ့ရည်မှန်းချက်က ဘာမှန်းမသိသေးဘူး၊ ဟိုဟာလေး စမ်းကြည့်မယ်၊ ဒီဟာလေး လုပ်ကြည့်မယ် ဆိုပြီး တွေ့ကရာ လျှောက်စမ်းနေလို့ မရပါဘူး။ အဲလိုအချိန်ဆို ခိုင်မာတဲ့ ပန်းတိုင်တစ်ခုနဲ့ တိကျတဲ့ လမ်းကြောင်း တစ်ခုအပေါ် တစ်စိုက်မတ်မတ် လျှောက်လှမ်းနေသူ ဖြစ်ရမှာပါ။ ဒီလိုဖြစ်ဖို့အတွက် ငယ်ရွယ်တုန်း အဲဒီ ကိုယ့်ဝါသနာ ဆိုတာတွေကို စမ်းသပ်ပြီး ရည်မှန်းချက် ဆိုတာကြီးကို ရှာဖွေမှ တော်ကာကျပါလိမ့်မယ်။

ဒါကြောင့် ငယ်ရွယ်တုန်း အချိန်ရတုန်းလေး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ချက်တွေ၊ ဘောင်တွေကြားမှာ ပိတ်မထားပါနဲ့။ လွတ်လွတ်လပ်လပ် ခံစားပြီး ပေါ့ပေါ့ပါးပါးနဲ့ ဘ၀ရဲ့ အရသာကို ခံစားကြည့်ပါ။ အမှားတွေကို ကြောက်မနေပါနဲ့။ လူတိုင်း မှားကြပါတယ်။ အမှားဆိုတာ မသေခင်အချိန်ထိ ကြုံနေရဦးမယ့် အရာတွေပါ အနည်းနဲ့ အများပဲ ကွာခြားသွားမှာ။ အသက်ကြီးမှ အမှားတွေ ဗလပွနဲ့ ဆိုတာထက် ငယ်ရွယ်တုန်းမှာ အမှားတွေကနေ သင်ခန်းစာယူပြီး ကြီးလာတဲ့အခါ အမှားနည်းတဲ့သူ ပိုမဖြစ်ချင်ဘူးလား။

ငယ်ရွယ်မှုရဲ့ အမှားတွေက တစ်ချိန်ကျရင် ကိုယ့်အတွက် အမြတ်အစွန်း ဖြစ်လာမယ့်အရာတွေပါပဲ။ ဒါကြောင့် ရဲရဲသာ ရင်ဆိုင်ပြီး ကိုယ်စမ်းကြည့်ချင်တဲ့ အရာတွေ အကုန်လုံးကို စမ်းကြည့်လိုက်ပါ လေ့လာလိုက်ပါ။ ကိုယ့်အတွက် အတွေ့အကြုံကောင်း၊ သင်ခန်းစာကောင်းတွေ ဖြစ်လာမှာပါ။

တစ်ချို့သော လူငယ်လေးတွေအတွက် ငယ်ရွယ်ပေမယ့် တာဝန်ဝတ္တရားက ကြီးမားတယ်၊ တာဝန်တွေကို ပုခုံးထမ်းထားရတာမို့ အဲလိုစိတ်ကြိုက် နေဖို့ မဖြစ်နိုင်ပါဘူးဆိုရင်တော့ ဟုတ်ပါတယ် ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် လူငယ်တိုင်းက ကြီးမားတဲ့ တာဝန်တွေကို ပုခုံးထမ်းထားသူတွေပါပဲ။ ကိုယ်လည်း လူငယ်တစ်ယောက်ပဲ ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကြီးမားတဲ့ တာဝန်တွေကြားကနေ လူငယ်တစ်ယောက် အနေနဲ့ လွတ်လပ်မှုတွေကို ခံစားပြီး စူးစမ်းနေသူတွေ အများကြီးရှိကြပါတယ်။

ဒီလိုဖြစ်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်တာမို့ ဘာမှ စိတ်ဓာတ်ကျ အားငယ်နေဖို့ မလိုသလို မဖြစ်နိုင်ပါဘူး ဆိုပြီး လက်လျှော့ဖို့လည်း မလိုအပ်ပါဘူး။ ကိုယ်လိုချင်တဲ့ အခွင့်အရေးကို ကိုယ်တိုင် ဖန်တီးယူမှ အကောင်အထည် ပေါ်လာမှာပါ။ ကိုယ်တိုင်လုပ်မှ ရမှာနော်။ ဘယ်အရာမှ ကောင်းကင်ပေါ်ကနေ ကျလာမှာ မဟုတ်ပါဘူး။

Source: livethedream

 

Read times Last modified on Thursday, 30 January 2020 15:52
Rate this articles
(2 votes)