×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Monday, 04 March 2019

မကြာမီ တက္ကသိုလ်ဝင်ဖြေဆိုတော့မယ့် ကျောင်းသား/ကျောင်းသူများအတွက်

မကြာခင် ဖြေဆိုရတော့မယ့် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် စာမေးပွဲဖြေဆိုရမယ့် ညီငယ်၊ ညီမငယ်လေးများအတွက် အရမ်းအသုံးဝင်မယ့် အကြံဉာဏ်ကောင်းလေးတွေကို saya.com တွင် ဖော်ပြပေးလိုက်ပါတယ်။

- အိပ်ရေး ဝအောင် အိပ်ပါ။ အိပ်ရေးမဝရင် စာမေးပွဲဖြေတဲ့အခါ လုံးဝစိတ်မကြည်ပဲ ခေါင်းတွေ ကိုက်တတ်ပါတယ်။ အဲဒီအတွက် အနည်းဆုံး အိပ်ချိန် ၆နာရီလောက် ရအောင်အိပ်ပါ။

- ညလုံးပေါက်စာကျက်ခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။ စာကို ဖြေးဖြေးနဲ့မှန်မှန်ကျက်လာသူအတွက် ညလုံးပေါက်စာကျက်စရာမလိုသလို အခုချိန်မှညလုံးပေါက် စာကျက်ခြင်းဟာ ဘာအကျိုးအမြတ်မှ မရှိစေပါဘူး။အခန့်မသင့်ရင် အရှေ့က စာတွေပါ မေ့သွားတတ်ပါတယ်။

- အစားအသောက်ဆင်ခြင်ပါ။ ဝမ်းလျှောစာတွေ၊ ရင်ကျပ်စေတဲ့ အစာတွေ၊ ပင်လယ်စာတွေစားခြင်းမှ ခေတ္တရှောင်ကြဉ်ပါ။ စာမေးပွဲခန်းထဲရောက်မှ အိမ်သာပြေးနေရရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ချောင်းဆိုးရင်ကျပ်ကလည်း စာမေးပွဲ ဖြေဆိုတဲ့နေရာမှာ အနှောက်အယှက်ဖြစ်စေတယ်။ ပင်လယ်စာကတော့ အခန့်မသင့်ရင် အဆိပ်သင့်စေတတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။

- စာမေးပွဲ ဖြေဆိုဖို့ မသွားခင် ၁၅မိနစ် တရားထိုင်ပါ။ စိတ်တည်ငြိမ်ပြီး အတွေးအခေါ်တွေကောင်းစေပါတယ်။ ယတြာတွေလည်း အရမ်းအားမကိုးပါနဲ့။ ပုံမှန်ဘာသာရေးလေးပဲ လုပ်ပါ။

- ဘုရားမှာ ဆုတောင်းနေတာထက် ဖြစ်သင့်တာကိုကြိုတင်ပြင်ဆင်ပါ။ စာမေးပွဲမှာ လိုအပ်မယ့် စာမေးပွဲ ဝင်ခွင့်ကဒ်ပြား လုံးမ မမေ့ပါနဲ့။ မိဘတွေကလည်း ဓာတ်ပုံရိုက်ထားပါ။ ကဒ်ပြားကျပျောက်ရင် တာဝန်ကျ ဆရာမတွေဆီ အကြောင်းကြားပါ။

- သက်တောင့်သက်သာရှိစေတဲ့ အဝတ်အစားကိုရွေးချယ် ဝတ်ဆင်ပါ။ စာမေးပွဲဖြေဆိုချိန်က အင်မတန် ပူပြင်းချိန်မို့ ချည်သားပွပွကို ဝတ်ဆင်မှ စိတ်သက်သာစေမှာပါ။

- စာမေးပွဲခန်းထဲ ရောက်ပြီဆို အရေးကြီးဆုံး အချက်ကိုပြောပါရစေ။ စာမေးပွဲ အဖြေလွှာရဲ့ အရှေ့ဆုံးစာမျက်နှာမှာ ခုံနံပါတ်ကို ရေးထိုးပါ။ နောက်စာရွက်တွေမှာ လုံးဝ ခုံနံပါတ် မတပ်ပါနှင့်။ ပယ် ခံရပါမယ်။

- အရေးကြီးဆုံးတွေထဲက အချက်တစ်ခုလည်း ကျန်ပါသေးတယ်။ စာမေးပွဲ မေးခွန်းတွေဝေလို့ လက်ထဲရောက်ပြီဆိုတဲ့အခါ ငါ ကျက်ထားတာတွေပါမှ ပါ ပါ့မလားလို့ အစအဆုံး ဖတ်ကြည့်ချင်ကြတာ လူတိုင်းပါပဲ။အဲဒီအချက်က မလုပ်သင့်ဆုံးအရာပါ။ စိတ်လှုပ်ရှားလွန်ပြီး စာတွေ မေ့သွားတတ်ပါတယ်။ တချို့ဆို မေးခွန်းဖတ်ပြီး မူးလဲသွားကြတာတောင်မြင်ဖူးပါတယ်။

- နံပါတ်တပ်ပါ။ မည်သည့်ဘာသာမဆို နံပါတ်စဉ်တပ်ဖို့ မမေ့ပါနဲ့။

- ကိုယ်တကယ်ရတဲ့ မေးခွန်းကို အရင်ဆုံး ဖြေဆိုပါ။မရသေးတာတွေအတွက် နေရာမချန်ခဲ့ပဲ မေးခွန်းနံပါတ်မှန်အောင်တပ်ပြီးတော့သာ ဖြေဆိုပါ။မရသေးတာတွေကို စဉ်းစားနေရင် အချိန် ကုန်လို့ပါ။စာမေးပွဲခန်းထဲမှာ အချိန်က အသက်တမျှ အရေးကြီးပါတယ်။ရတာတွေဖြေဆိုပြီးမှ ကျန်တာ

- ဘောပင်ရွေးချယ်ရာမှာ အကြံပေးချင်တာက မှင်အရောင်ထင်တာကို ရွေးချယ်ပါ။

- Correction Pen မသုံးပါနဲ့။ အဘယ့်ကြောင့်ဆိုသော် မခြောက်သေးဘူးဆိုပြီး တခြားစာတွေဖြေရင်း စာတွေကျန်ခဲ့နိုင်လို့ပါပဲ။ ထို့ကြောင့် စာကြောင်းအမှားကို မှင်နဲ့တကြောင်းထဲ ဆွဲခြစ်ပြီးဖျက်ပါ။

- စာတစ်ပိုဒ်လုံး မမှတ်မိရင်တောင် ရတဲ့နေရာထိ ရေးပါ။ Physic, Chemistry, Math စတာတွေမှာ ပါတဲ့ တွက်စာတွေကိုလည်း တစ်ဆင့်ချင်းဆီ ရတဲ့ထိ တွက်ပါ။ တစ်ပုဒ်လုံးအဖြေမှန်မှ အမှတ်ပေးတာမဟုတ်ပဲ တစ်ဆင့်ချင်းဆီကို အမှတ်ပေးတယ်ဆိုတာ သိထားကြစေလိုပါတယ်။ ထို့ကြောင့် ရတဲ့ထိဖြေပါ။

- ပုံတွေရသလောက် ဆွဲဖို့လည်းမပျင်းပါနဲ့။ အောင်မှတ်လိုတဲ့အခါ ဆရာမတွေက ဆီလိုအပေါက်ရှာ အမှတ်ပေးလို့ရပါတယ်။

- စာမေးပွဲဖြေပြီးချိန် အမှတ်ပြန်တိုက်တာ ရှောင်ကြဉ်ပါ။ ပြိုင်မြင်း တစ်ကောင်လို ရှေ့ကိုသာ အာရုံစိုက်ပါ။ လူကြီးမိဘတွေကို ဖိအားမပေးကြဖို့ မေတ္တရပ်ခံပါ။ သားသမီးကို ရချင်စိတ်ဘယ်လောက်ကြီးကြီး ပါရမီ ပါသလောက်ပဲရမှာပါ။ ဘေးကလူက အပြောလွယ်သလောက် တိုက်ပွဲဝင်ရသူက အင်မတန်ခက်ပါတယ်။ သူတို့ဖိအားတွေကြောင့် အာရုံနောက်ပြီး စာဖြေတဲ့အခါ အခက်ကြုံရနိုင်ပါတယ်။ စာမေးပွဲချိန်အတွင်း အခြားအတွေးတွေ ခေါင်းထဲက ထုတ်ထားပါ။ အဖေဆူမလား အမေဆူမလား ဆိုတာထက် ငါအကောင်းဆုံးကျော်ဖြတ်မယ်ပဲတွေးထားပါ။

- ၁မှတ်တန် ၂မှတ်တန် ၃မှတ်တန် မေးခွန်းသေးတွေကို အထင်မသေးပါနဲ့။ အောင်မြင်မှု့ ရဖို့ကို 70% အထောက်အကူ ပေးပါတယ်။ စာပုဒ်ကြီးတွေက ဂုဏ်ထူးသမားတွေအတွက် ရည်ရွယ်ထားတာပါ။စာစီစာကုံးကို အရင်ဖြေတတ်တဲ့လူတွေ သတိထားပါ။ အမှတ်များများ ပေးထားပေမယ့် အမှတ်ရခွင့် အနည်းဆုံးပါပဲ။ Eassy,letter ကလည်း ထိုနည်းတူပါပဲ။

- စာတစ်ပုဒ်ချင်း ပြန်စစ်ပါ။ ထပ်ခါထပ်ခါ မေးခွန်းနဲ့ တိုက်စစ်ပါ။ နံပါတ်မှန်မမှန် တိုက်စစ်ပါ။

- စာရွက်အပို တောင်းတဲ့အခါ သေချာစွာ ညှပ်ပြီးမှ ဆရာမကိုအပ်ပါ။ စာရွက်အပိုထပ်ခါ ထပ်ခါ တောင်းပါ။ အကြမ်းကို တစ်ရွက်သီးသန့်ထားတွက်ပါ။

- ဖြေဆိုရမယ့်ဘာသာရပ် ရက်တွေ မမှားပါစေနဲ့။ တကယ်ရှိပါတယ်။ ရက်မှားပြီး စာကျက်လာသူတွေ တကယ်ရှိပါတယ်။ အဲဒီအတွက် မနက်ဖြန် ဖြေမယ့်ဘာသာရပ်ကို သတိထား ပြင်ဆင်ပါ။

- စိတ်ထဲမှာ ငါဖြေနိုင်မယ်၊ ငါစာရတယ်၊ မေးခွန်းတွေလွယ်မယ် လို့စိတ်ထဲကနေ နှလုံးသွင်းပါ။ စိတ်ရဲ့တန်ခိုးက တကယ်ဆန်းကျယ်ပါတယ်။ မိမိစိတ်ရဲ့ဖိတ်ခေါ်ရာအတိုင်း တကယ်ကြုံရပါတယ်။ ငါက သင်္ချာကြောက်တယ် ခက်မှာ ကြောက်တယ်ဆို တကယ်ခက်တတ်ပါတယ်။ စိတ်ညှို့အားလို့ခေါ်ပါတယ်။ အဲဒီအတွက် အကောင်းတွေပဲတွေးပါ။

- စာမေးပွဲ ဖြေပြီး ပြန်လာပြီဆို မဖြစ်မနေ တရေးအိပ်ပါ။ ရေဝအောင်သောက်ပြီး တရေးအိပ်ကြည့်ပါ။ ပြန်နိုးလာတဲ့အခါ သင့်အတွက်အရမ်း ထူးခြားစွာလန်းဆန်းနေမှာဖြစ်လို့ စာကျက်တဲ့အခါ အရမ်း တက်ကြွပြီး စာရလွယ်မှာပါ။

- အခုချိန်မှာက သင်အားကိုးရမှာ အပုဒ်ရှည်တွေ မဟုတ်တော့တာကို သတိထားပါ။ တစ်နှစ်လုံးက စာပိုဒ်ရှည်တွေကို တစ်ညထဲနဲ့ သင်ပြန်ရဖို့မမျှော်လင့်ပါနဲ့။ အခုချိန်မှာက သင့်အတွက်အကောင်းဆုံးက အပုဒ်တိုတွေပါ။ အမှတ်ရလွယ်ပြီး အောင်မှတ်ကို ရဖို့ကူညီနိုင်ပါလိမ့်မယ်။

- ကျောင်းသား တော်တော်များများက မိခင်ဘာသာမဟုတ်တဲ့ English ကို ကြောက်တတ်တာ သဘာဝပါ။ Bio ထိုင်ငိုဆိုတဲ့ စာဆိုလို အဓိက ပြဿနာက မေးခွန်းမဖတ်တတ်တာ ပြဿနာပါ။ မေးခွန်းကို သဘောပေါက်အောင်ပြန်ဖတ်ပါ။ Bioမှာဆို အပိုဒ်တွေဖြတ်မေးတတ်လို့ အထူးသတိထားရမယ့်အချက်ပါ။

- ဘယ်သောအခါမှ ခြစ်ချပစ်မယ် မတွေးပါနဲ့။ အရေးကြီးဆုံးပါ။ ဒီနေ့ ဂုဏ်ထူးမရလို့ ခြစ်ချတယ်ဆိုတာ အင်မတန်ရူးမိုက်တဲ့အလုပ်ပါ။ ကျန်တဲ့ဘာသာတွေ ဂုဏ်ထူးရနိုင်ပါသေးတယ်။ နောက်နှစ်ဆိုတာ မသေချာပါဘူး။ လက်ရှိအချိန်ကသာ အသင့်တော်ဆုံးပါ။ နောက်နှစ်မှာမှ ဂုဏ်ထူးရအောင်ပြန်ဖြေမယ်ဆို လုံးဝမဖြစ်နိုင်ပါလို့ပြောပါရစေ။ ဘာ့ကြာင့်လဲဆိုတော့ အရင်ကလောက် အားအင် မရတော့လို့ပါ။

Source: Myat Myanmar Travel

Read times Last modified on Thursday, 30 January 2020 15:51
Rate this articles
(0 votes)