×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 25 June 2019

ဂီတ တူရိယာတစ်ခုကို သင်ဖို့ လွယ်လား ခက်လား ?

ဂီတ တူရိယာတစ်ခုကို သင်ဖို့ လွယ်လား ခက်လား ? pexels

(၁)ဂီတတူရိယာ တစ်ခုခုကို သင်ဖို့က ခက်တယ်..?

အတတ်ပညာ အကုန်လုံးက လွယ်တယ်ရယ်တော့ မရှိကြပါဘူး။အသိပညာ အကုန်လုံးလည်း လွယ်တယ်ရယ်မရှိပါဘူး။အဲ့ဒီ့နှစ်ခုကို နှလုံးသားနဲ့ပေါင်းစပ်လိုက်မှဖြစ်လာတဲ့ အနုပညာဆိုတာကတော့ ပိုမလွယ်ဘူးပေါ့ဗျာ။

ဂီတတူရိယာ တစ်ခုခုတီးတတ်ဖို့ စပြီးသင်ပြီဆိုရင်တော့ ပထမဆုံးအရေးအကြီးအဆုံးက ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ပါပဲ။ ငါတကယ်တတ်အောင် သင်မှာလား။

အပျော်သဘောပဲ စမ်းကြည့်မှာလားပေါ့။(ဒီပို့စ်ကတော့ တကယ်တတ်အောင်သင်မယ့်လူတွေအတွက် ရေးတဲ့ပို့စ်ပါ။အပျော်သဘော စမ်းကြည့်မယ့်သူတွေဆိုရင်တော့ skip လိုက်လို့ရပါတယ်။)အဲ့မှာတည်းက သဲသဲကွဲကွဲဖြစ်ဖို့ လိုအပ်ပါတယ်။အရေးအကြီးဆုံး အဲ့အချက်မှာ တကယ်တတ်အောင်သင်မယ်ဆိုတဲ့အဖြေမျိုး ကိုယ့်ဆီက ပြန်ရလာပြီဆိုရင်တော့ သေချာပါတယ် ခင်ဗျားက ခက်ခဲနက်နဲတဲ့ ပညာရပ်တစ်ခုကို လေးလေးနက်နက်ကြိုးစားရမယ်ဆိုတဲ့ တာဝန်တစ်ခုပါ ရှိလာပါပြီ။

အဲ့လိုနဲ့ ဂီတသင်တန်းတစ်ခုကို ရောက်လာပြီဆိုပါတော့။အရင်ဆုံးဂီတအခေါ်အဝေါ်တွေနဲ့ တူရိယာပစ္စည်းနဲ့ရင်းနှီးအောင်ထိတွေ့ဖို့တွေ အဲ့တူရိယာကိုတီးခတ်ရင် အသုံးပြုရတဲ့ကြွက်သားတွေသန်စွမ်းအောင် လေ့ကျင့်ရတာတွေ ဂီတသင်္ကေတတွေနဲ့ စပြီးထိတွေ့ရတာတွေက သိပ်ပျင်းဖို့ကောင်းပါတယ်။ခက်လည်းခက်ခဲပါတယ်။

အချိန်အားဖြင့်လည်း တစ်လကနေ အနည်းဆုံး သုံးလလောက်အထိ ကြာတတ်ပါတယ်။ကျွန်တော်တို့မြင်ဖူးသလောက်ကတော့ အဲ့ကာလမှာတင် လက်လျှော့သွားကြတာကတော့ သင်တန်းကိုရောက်လာကြတဲ့ ၈၀ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက်ကိုရှိပါတယ်။အပျော်သဘောပဲစမ်းကြည့်တဲ့သူတွေအတွက် ဒီကိစ္စကို ဘာမှမပြောလိုပေမယ့် တကယ်တတ်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ ဒီလောက်နဲ့တင် လက်လျှော့လိုက်ကြတာဟာ တစ်ခုခုမှာရှုံးနိမ့်မှုပါပဲ။

ဂီတရဲ့သဘောတရားက အရမ်းထူးဆန်းပါတယ်။သင်တဲ့ဆရာက သင်ခန်းစာအကုန်လုံးကို တစ်ရက်တည်းနဲ့ သင်ပေးမယ်ဆိုရင်တောင် သင်တန်းလာတက်တဲ့သူက လက်ခံနိုင်မှာ မဟုတ်ပါဘူး။ဂီတဟာ တဆင့်ချင်းတဆင့်ချင်း ဖြေးဖြေးမှန်မှန်နဲ့ ပုံမှန်လုပ်သွားနိုင်မှသာ တကယ်တတ်မြောက်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

 

(၂) ဂီတတူရိယာ တစ်ခုခုကို သင်ဖို့က လွယ်တယ်..?

ပထမဆုံးအချက်ကတော့ လေ့ကျင့်ဖို့ပါပဲ။လေ့ကျင့်ဖို့ အချိန်တစ်ခုပေးထားရင် ပိုမိုလွယ်ကူတဲ့အခြေအနေတစ်ခု ရလာမှာပါ။ကိုယ်နဲ့သဟဇာတဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတစ်ခုကိုလည်း ဖန်တီး (သို့မဟုတ်) ရွေးချယ်ထားနိုင်ဖို့လည်း လိုအပ်ပါတယ်။

အာရုံစူးစိုက်မှုလည်း အရေးကြီးပါတယ်။ဂီတတူရိယာတစ်ခု ထိုင်လေ့ကျင့်နေတာကလည်း စိတ်တည်ငြိမ်မှုအတွက် စိတ်စုစည်းမှုအတွက် အကောင်းဆုံးလေ့ကျင့်ခန်းပဲ မဟုတ်လား။အာရုံစူးစိုက်မှုကောင်းကောင်းထားနိုင်မယ်ဆိုရင်လည်း ဘယ်တူရိယာကိုမဆို တီးခတ်ဖို့ ပိုမိုလွယ်ကူနိုင်ပါတယ်။

ဂီတမှာ သင်္ချာဟာလည်း ရာခိုင်နှုန်းအတော်များများကို နေရာယူထားပါတယ်။အစတစ်ခုရရင် တဆင့်ချင်းဆင့်ပွားပြီး တွေးခေါ်သွားလို့ရပါတယ်။လှေနံဓားထစ် အလွတ်ကျက်စာမေးပွဲဖြေနေကျစိတ်မျိုးကို ဖျောက်ပြီး ဖြန့်ကျက်တွေးခေါ်ဖို့ ကိုယ့်စိတ်အခြေအနေကို အဆင်သင့်ပြင်ထားနိုင်ရင်လည်း ပိုမိုလွယ်ကူနိုင်ပါတယ်။

 

Source ; Myanlearn ( Naung Yoe)


သင်ယူ လိုသော ဂီတပညာ များနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများကို ဤလင့်ခ် Music and Performance တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Read times
Rate this articles
(0 votes)