×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 03 July 2019

"သက်ငယ် မုဒိမ်းရန်က ကာကွယ်ဖို့ ကလေးတွေကို ဘယ်လိုသင်ပေးမလဲ"

"သက်ငယ် မုဒိမ်းရန်က ကာကွယ်ဖို့ ကလေးတွေကို ဘယ်လိုသင်ပေးမလဲ" pexels

အခုတလော ကျွန်မတို့ ပတ်ဝန်းကျင်မှာ သက်ငယ်မုဒိမ်းမှုတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ မကြာခဏ ကြားလာရပါတယ်။

တရားဥပဒေပိုင်းက တားဆီးရေးတွေ လုပ်တာက တပိုင်းပါ။ ကလေးတွေအတွက် ကျွန်မတို့ ဘာတွေ လုပ်ပေးလို့ရလဲ ဆိုတာ စဉ်းစားလိုက်တော့ သူတို့လေးတွေကို လုံလောက်တဲ့ အသိပညာပေးဖို့လည်း လိုအပ်တယ်လို့ ထင်ပါတယ်။ ကလေးတွေကို ဘာတွေ သင်ပေးရမလဲ ဆိုတာ ဒီပို့စ်လေးမှာ ရှင်းပြပေးထားပါတယ်နော်။

အသက်ငယ်ငယ် မောင်လေး ညီမလေးတွေ တူ၊ တူမလေးတွေအတွက် လက်ဆင့်ကမ်းပေးပါဦး။ ကျွန်မတို့အားလုံး လက်တွဲညီကြရင် ကလေးတွေကို မုဒိမ်းကောင်တွေရန်ကနေ ကာကွယ်နိုင်ပါတယ်။

 

(၁) သူများ လာထိလို့ မရတဲ့ နေရာတွေကို သင်ပေးပါ

ထွေထွေထူးထူး ဝေါဟာရတွေ စဉ်းစားမနေပါနဲ့။ လာမထိသင့်တဲ့ နေရာတွေကတော့ ရင်ဘတ်၊ တင်ပါး နဲ့ ပေါင်ကြား နေရာတွေပါပဲ။

မိဘအရင်း (အဖေ အမေ) အဖိုး အဖွား ကလွဲရင် အထိအကိုင် မခံသင့်ကြောင်း သင်ပေးပါ။ ဆရာဝန် စမ်းသပ်မယ်ဆိုရင်တော့ မိဘတစ်ယောက်ယောက်ပါမှာ ဖြစ်လို့ အဆင်ပြေကြောင်း ရှင်းပြပါ။

 

(၂) လာထိခဲ့ရင် ‘လာမထိနဲ့’ ပြန်ပြောတတ်အောင် သင်ပါ

နံပါတ် ၁ မှာ ပြောခဲ့တဲ့ နေရာတွေကို လာထိခဲ့ရင် ဘာတွေ လုပ်ရမလဲ ဆိုတာ သင်ပေးထားပါ။ ပထမဆုံး ‘No - မထိပါနဲ့’ လို့ ပြန်ပြောခိုင်းပါ။ တဘက်လူက ဆက်လုပ်နေရင် အာခေါင်ခြစ်ပြီး စူးစူးဝါးဝါး အော်နိုင်အောင် လေ့ကျင့်ပေးပါ။

ဒါမှမဟုတ် ဆင်ခြေပေးပြီး (ဥပမာ- ရှူးပေါက်ချင်လာလို့ အီးပါချင်လာလို့ ဆိုပြီး) ထွက်ပြေးနိုင်အောင် သင်ပေးပါ။

 

(၃) လာထိခိုင်းရင်လည်း ‘မထိနိုင်ဘူး’ ပြန်ပြောတတ်အောင် သင်ပါ

ကလေးတွေကို သင်ပေးတဲ့အခါ သူတို့ကို သူတစ်ပါးက လာမထိရမယ့် အပြင် အခြားသူတွေရဲ့ ကိုယ်ခန္ဓာကိုလည်း ဘယ်လိုခိုင်းခိုင်း မထိရ မကိုင်ရမယ့် အကြောင်း သင်ပေးထားပါ။

များသောအားဖြင့် မုဒိမ်းကောင်တွေဟာ ကလေးတွေကို သူတို့ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ခိုင်းတာကနေ စတင်တတ်ကြပါတယ်။

 

(၄) ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက် မရှိသင့်ကြောင်း ပြောပြပါ

မုဒိမ်းကောင်တွေဟာ ကလေးတွေကို “ကိုကြီး ကလေးနဲ့ ကစားရတာ ကြိုက်တယ်။ ခုလုပ်နေတာတွေ ဘယ်သူ့ကိုမှ မပြောနဲ့နော်။

ပြန်ပြောရင် နောက်မလာတော့ဘူး” ဒါမှမဟုတ် “ဒါငါတို့ လျှို့ဝှက်ချက်ပဲ။ မင်းတိုင်ပြောရင် မင်း စ လုပ်တာလို့ ငါပြောပစ်မယ်” စသဖြင့် ခြိမ်းခြောက်တတ်ကြပါတယ်။

ဒါကြောင့် ကလေးတွေကို ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက် ထားဖို့ မလိုကြောင်းနဲ့ အဲလို ပြောလာရင် ချက်ချင်း လာတိုင်သင့်ကြောင်း သင်ပေးထားပါ။

 

(၅) ယုံကြည်ရသူကို ပြန်တိုင်ဖို့ သင်ပေးပါ

ကလေးတွေဟာ အနိုင်ကျင့်ခံရရင်တောင် လူကြီးကို ပြန်တိုင်ရမှာ ကြောက်နေတတ်ပါတယ်။

ကလေး ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ယောက်နဲ့ ရင်ဖွင့်နိုင်အောင်နဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့မှာ ဘယ်တော့မှ အမှားမရှိကြောင်း ပြောပြထားပါ။

 

(၆) မိဘ တစ်ဦးဦး မပါပဲ ဘယ်သူနဲ့မှ မလိုက်ခိုင်းပါနဲ့

လေ့လာတွေ့ရှိချက်တွေအရ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ သူစိမ်းတွေ မဟုတ်ပါဘူး။

ဒီအချက်ဟာ အတော် ကျောချမ်းစရာ ကောင်းပါတယ်။ဒီလူတွေဟာ ကျွန်မတို့ မျက်စိအောက်မှာတင်

ရှိနေကြပါတယ်။ ဒါကြောင့် ကိုယ့်ကလေးတွေကို အဖေ သို့မဟုတ် အမေ တစ်ယောက်ယောက် မပါပဲ ဘယ်သူ့နောက်မှ မလိုက်ဖို့ သင်ပေးထားပါ။

 

(၇) ဘယ်သူနဲ့မဆို ဒီစည်းကမ်းတွေကို သတိရှိခိုင်းပါ

ကလေးငယ်တစ်ယောက်ကို လူဆိုးဆိုတာ ဘယ်လိုပုံစံလဲ လို့မေးကြည့်ပါ။ ကာတွန်းဆန်ဆန် မျက်လုံးပြူးပြူး ရုပ်ဆိုးဆိုး စတဲ့အဖြေတွေ ထွက်လာပါလိမ့်မယ်။ မုဒိမ်းကောင်ဆိုတာနဖူးမှာ စာရေးထားတာ မဟုတ်လို့ လူတိုင်းကို သတိထားရမယ့် အကြောင်း သင်ထားပါ။ ေ

ဖဖေ မေမေတို့က သားသားမီးမီးကို သန့်ရှင်းပေးတဲ့အခါ ဒီနေရာတွေကို ထိချင် ထိမိလိမ့်မယ်။ ဒါပေမယ့် တခြားဘယ်သူ့ကိုမှ လာအထိအကိုင် မခံရဘူး။

ဦးဦး၊ ဒေါ်ဒေါ်၊ ဆရာ၊ ဆရာမ၊ သူငယ်ချင်း၊ သူငယ်ချင်းရဲ့ အကို အမတွေ သူတို့ အားလုံးကို ဘယ်လောက် ချစ်ချစ် ဒီနေရာတွေ အထိအကိုင် မခံရမယ့် အကြောင်း သင်ထားပါ။

ဒါတွေအားလုံးကို တတ်နိုင်သမျှ ထပ်ခါတလဲလဲ ပြောပြပြီး နားထဲစွဲနေအောင် သင်ပေးထားပါ။ နောက်ဆုံး ပြောချင်တာကတော့ ဒီလိုတွေ သင်ပေးရုံနဲ့ ရာနှုန်းပြည့် ကာကွယ်နိုင်ပြီလို့ မထင်လိုက်ပါနဲ့။

အစဉ်အမြဲ သတိရှိပါ။ တကယ်လို့ ဒီ ပို့စ်ကို အသုံးဝင်တယ် ထင်ရင် အခြားမိဘတွေ သိအောင်လည်း မျှဝေပေးပါ။ ကလေးတွေကို မုဒိမ်းကောင်များလက်မှ တက်ညီလက်ညီ ကာကွယ်စောင့်ရှောက်ကြပါစို့နော်။

 


Source ; myanlearn

Read times
Rate this articles
(1 Vote)