×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Monday, 03 February 2020

“ကိုယ့္ကိုယ္ကိုယ္ သိဖို႔ ဘယ္ေလာက္အေရးႀကီးသလဲ”

“ကိုယ့္ကိုယ္ကိုယ္ သိဖို႔ ဘယ္ေလာက္အေရးႀကီးသလဲ” pixabay

တစ္ခါတုန္းက အဖိုးႀကီးတစ္ေယာက္ အိပ္ေနတုန္း သူရဲ႕ မုတ္ဆိတ္မွာ သူ႔ေျမးေလးေတြက ေနာက္ေျပာင္တဲ့သေဘာနဲ႔ အင္မတန္ အနံ႔ျပင္းတဲ့ ခရင္မ္ေတြ သြားသုတ္ထားသတဲ့။

အဲဒါနဲ႔ အဖိုးႀကီးက ႏိုးလာေတာ့ အဲဒီအနံ႔ဆိုးဆိုးႀကီးကို ရေနတာေပါ့။ ဘယ္နားမွာလဲ လိုက္ရွာတယ္၊ မီးဖိုေခ်ာင္ထဲ သြားေတာ့လည္း ဒီအနံ႔၊ အိမ္ေရွ႕ ထြက္ေတာ့လည္း ဒီအနံ႔၊ ဘယ္သြားသြား အနံ႔က ရေနေတာ့ သူက ေျပာလိုက္တယ္၊ ဟာ တစ္အိမ္လုံးလည္း နံေစာ္ေနေတာ့တာပါလားတဲ့။ အမွန္ေတာ့ အနံ႔က သူ႔မုတ္ဆိတ္မွာပဲ ရွိေနတာ။ ဒါေပမဲ့ သူကေတာ့ တစ္ေလာကလုံးက အနံ႔ထြက္ေနတယ္ပဲ ထင္ေနတယ္။

လက္ေတြ႕ဘဝမွာလည္း အဲ့လိုလူေတြ ရွိတယ္။ ျပႆနာရဲ႕ အရင္းခံက သူ႔မွာ ရွိေနတာ။ သူ႔ရဲ႕ အဆိုးျမင္စိတ္ေပါ့။ ဒါေပမဲ့ တစ္ေလာကလုံးက သူ႔အေပၚ မေကာင္းဘူးပဲ ထင္ေနတယ္။ မိဘကလည္း ဂ႐ုမစိုက္ဘူး။ ရည္းစားကလည္း အလိုမလိုက္ဘူး။ အိမ္ေထာင္ဖက္ကလည္း ငါ့ကို မခ်စ္ဘူး။ သူငယ္ခ်င္းေတြကလည္း အဆင့္အတန္း ခြဲျခားတယ္ စသျဖင့္ေပါ့။ ေနာက္ဆုံး သူ႔ကို တခုခု လုပ္ေပးမယ္ဆိုရင္ေတာင္ ငါက ဘာျဖစ္ေနလို႔လဲ ဆိုတာမ်ိဳးနဲ႔ ျပန္ရန္ေတြ႕တတ္ၾကတယ္။ ကူညီဖူးသမွ်ထဲမွာ အဲ့လိုလူေတြဟာ ကူညီရအခက္ဆုံးပဲ။ ျပႆနာရဲ႕ အေျဖကလည္း သူ႔မွာပဲ ရွိေနတာဆိုေတာ့ သူကိုယ္တိုင္ မျပင္ဆင္ဘဲနဲ႔လည္း မရဘူး။

အဲ့လိုလူေတြဟာ မ်ားေသာအားျဖင့္ မေပ်ာ္႐ႊင္ၾကရတာ မ်ားတယ္။ လိုအင္ဆႏၵလည္း မျပည့္ၾကဘူး။ တျခားလူေတြကို မေက်မနပ္ ျဖစ္မယ္။ သူတို႔က် ေပ်ာ္ေနရတယ္ဆိုၿပီး မနာလို ျဖစ္ေနမယ္။ တကယ္တမ္းေတာ့ သူ႔ဘဝက သိပ္ဆိုးေနတာ မဟုတ္ဘူး။ သူကိုက မေပ်ာ္တတ္တာ။ အဆိုးျမင္ေနတာ။ ခုနက အဘိုးႀကီးလို သူ႔မုတ္ဆိတ္က ခရင္မ္ကို သုတ္ဖို႔ သတိမရဘဲ တစ္ေလာကလုံးက နံ​ေနတယ္လို႔ ေတြးေနတာ။ တစ္ခါတစ္ေလမွာ သူ႔ထက္ အေျခအေနဆိုးသူကေတာင္ သူ႔ကို ျပန္ႏွစ္သိမ့္ေနရတာမ်ိဳးေတြ ရွိတတ္တယ္။

Self-awareness အားနည္းသူဟာ သူတင္ ပူေလာင္တာ မဟုတ္ဘူး။ သူ႔ပတ္ဝန္းက်င္က လူေတြကိုလည္း ပူေလာင္ေစတယ္။ ဘယ္အခ်ိန္ျဖစ္ျဖစ္ Negative vibe ေတြခ်ည္းပဲဆိုေတာ့ ေတာ္႐ုံလူက မေပါင္းခ်င္ေတာ့ဘူး။ ဒီေတာ့ သူ႔ရဲ႕ စိတ္ခံစားခ်က္ေတြက ပိုပိုဆိုးလာတယ္။

ဒါေၾကာင့္ လူတစ္ေယာက္ ေပ်ာ္႐ႊင္ဖို႔မွာ အဲ့ဒီ Self-awareness က သိပ္အေရးႀကီးပါတယ္။ EQ ဆိုတဲ့ စိတ္ခံစားခ်က္ေတြကို သိနားလည္ ထိန္းခ်ဳပ္ႏိုင္စြမ္းမွာလည္း ဒီ Self-awareness က အေျခခံအက်ဆုံးပဲ။ ကိုယ့္ကိုယ္ကိုယ္ သိမွ ကိုယ့္ကိုယ္ကိုယ္ ထိန္းႏိုင္တာ။ စိတ္ေတြတို၊ ေဒါသေတြ ေပါက္ကြဲေနသူဟာ သူတစ္ပါးဘက္က ျဖည့္ေတြးေပး၊ ကိုယ္ခ်င္းစာေပးဖို႔ရာလည္း မလြယ္ဘူး။ ေနာက္ပိုင္း စိတ္နည္းနည္းၿငိမ္သြားမွ ေၾသာ္ သူလည္း ဒါေၾကာင့္ ဒီလိုလုပ္မိလိုက္တာ ေနမယ္ ဆိုၿပီး ေတြးလာႏိုင္တာ။ ေပါက္ကြဲေနခ်ိန္ ေတြးမိဖို႔ မေျပာနဲ႔၊ ဘယ္သူ ဘာလာေျပာေျပာ နားကိုမဝင္ဘူး။

EQ ဆိုတာက Skill ျဖစ္တယ္။ ဆိုလိုတာက ေလ့က်င့္ပ်ိဳးေထာင္လို႔ ရတယ္။ လူေတြက ကြၽန္ေတာ့္ကို ထင္တယ္၊ ဆရာၿဖိဳးက ေဒါသမထြက္တတ္ဘူးတဲ့။ အဲ့လိုလူေတြကို ကြၽန္ေတာ္ ေမာင္းေနတဲ့ကားေလး တစ္ေခါက္ေလာက္ လိုက္စီးေစခ်င္တယ္။ သိသြားမယ္၊ ဘယ္ေလာက္ဆဲဆိုေနတယ္ ဆိုတာကို။ တကယ္ေတာ့ ကြၽန္ေတာ္က ေဒါသမထြက္တတ္တာ မဟုတ္ဘူး။ ေဒါသထြက္မွန္း ျမန္ျမန္သိ၊ ျမန္ျမန္ထိန္းလိုက္ႏိုင္တဲ့အတြက္ ေဒါသထြက္မွန္း လူမသိေတာ့တာသာ ျဖစ္ပါတယ္။

အဲ့လို Self-awareness တက္ဖို႔ကေတာ့ စာေလး ဖတ္လိုက္႐ုံနဲ႔ေတာ့ မရပါဘူး။ ေလ့က်င့္မွ ရပါလိမ့္မယ္။ ဒီပို႔စ္မွာ ေပးခ်င္တဲ့ အႀကံျပဳခ်က္ေတြကေတာ့.............

 

၁။ တရားထိုင္ပါ။ ခက္မယ္ဆိုတာ နားလည္တယ္။ တအားေပါက္ကြဲလြယ္တဲ့သူဆိုရင္ေတာ့ ႀကိဳးစားလုပ္ၾကည့္ပါ။

၂။ ကိုယ္ေပါက္ကြဲမိလိုက္လို႔၊ စိတ္မထိန္းႏိုင္လိုက္လို႔ ျပႆနာေသးေသးေလးကေန အႀကီးႀကီး ျဖစ္သြားခဲ့ဖူးတာေတြ ရွိရင္ အဲ့ဒါကို အၿမဲေတြးေနပါ။ (ဥပမာ စိတ္ေကာက္ေျပခ်င္ေနၿပီ ျဖစ္တဲ့ ရည္းစားကို စိတ္တိုမိသြားလို႔ တစ္ခြန္းေလး လႊတ္ခနဲ ေျပာမိလိုက္တာက ေနာက္ ၃ ရက္ေလာက္ ထပ္ေခ်ာ့လိုက္ရတာမ်ိဳး၊ ကားပါကင္ လုရာကေန ဆဲၾကဆိုၾကၿပီး အလုပ္ေတြ ပ်က္ကုန္တာမ်ိဳး)

၃။ ေဘးကေန ေျပာေပးႏိုင္မယ့္လူ ရွာထားပါ။ ေဒါသထြက္ၿပီဆို ထြက္ေနမွန္း သတိေပးမယ့္လူေပါ့။

၄။ လူမသိတဲ့ေနရာမွာ ေပါက္ကြဲပါ။ ကြၽန္ေတာ္ဆို ကားေမာင္းလို႔ ဆဲရင္ မွန္တင္ၿပီးမွ ဆဲပါတယ္။ ဒီေတာ့ တျခားကားက မၾကားေတာ့ ျပႆနာမတက္ေတာ့ဘူးေပါ့။ အဲဒါက ဘယ္သူကမွ ကြၽန္ေတာ့္ေဒါသကို ထပ္ၿပီး ေလာင္စာ မထည့္ေတာ့ဘူးဆိုတဲ့ သေဘာလည္း ျဖစ္တယ္။ ဒီေတာ့ ကြၽန္ေတာ့္စိတ္လည္း ျမန္ျမန္ၿငိမ္သြားေရာ။

၅။ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ပါ။ ဝါသနာပါတာေလးေတြ လုပ္ပါ။ ေပ်ာ္ေနတဲ့လူက စိတ္ခံစားခ်က္ေတြကို သတိထားမိဖို႔ ပိုလြယ္ပါတယ္။

၆။ ကိုယ့္ဘဝရဲ႕ Positive ျဖစ္တာ​ေတြကိုလည္း မၾကာခဏ ​​ေတြး​ေပးပါ။ ကိုယ္တစ္​ေယာက္တည္း ​ေခြးျဖစ္​ေနတာ မဟုတ္ဘူး ဆိုတာ​ေလး သတိရပါ။ ရသစာ​ေပ မ်ားမ်ားဖတ္ပါ။

တျခားအခ်က္ေတြလည္း ရွိပါလိမ့္ဦးမယ္။ ဒီအႀကံျပဳခ်က္ ၆ ခ်က္ကိုေတာ့ ႏွစ္သစ္မွာ Self-awareness တက္လာေစဖို႔ လက္ေဆာင္အေနနဲ႔ မွ်ေဝေပးလိုက္ပါရေစ။

 

ေဒါက္တာ ၿဖိဳးသီဟ

 

Unicode ဖြင့်ဖတ်ရန်
“ကိုယ့်ကိုယ်ကိုယ် သိဖို့ ဘယ်လောက်အရေးကြီးသလဲ”


တစ်ခါတုန်းက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူရဲ့ မုတ်ဆိတ်မှာ သူ့မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန် အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးက နိုးလာတော့ အဲဒီအနံ့ဆိုးဆိုးကြီးကို ရနေတာပေါ့။ ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲ သွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ တစ်အိမ်လုံးလည်း နံစော်နေတော့တာပါလားတဲ့။ အမှန်တော့ အနံ့က သူ့မုတ်ဆိတ်မှာပဲ ရှိနေတာ။ ဒါပေမဲ့ သူကတော့ တစ်လောကလုံးက အနံ့ထွက်နေတယ်ပဲ ထင်နေတယ်။

လက်တွေ့ဘဝမှာလည်း အဲ့လိုလူတွေ ရှိတယ်။ ပြဿနာရဲ့ အရင်းခံက သူ့မှာ ရှိနေတာ။ သူ့ရဲ့ အဆိုးမြင်စိတ်ပေါ့။ ဒါပေမဲ့ တစ်လောကလုံးက သူ့အပေါ် မကောင်းဘူးပဲ ထင်နေတယ်။ မိဘကလည်း ဂရုမစိုက်ဘူး။ ရည်းစားကလည်း အလိုမလိုက်ဘူး။ အိမ်ထောင်ဖက်ကလည်း ငါ့ကို မချစ်ဘူး။ သူငယ်ချင်းတွေကလည်း အဆင့်အတန်း ခွဲခြားတယ် စသဖြင့်ပေါ့။ နောက်ဆုံး သူ့ကို တခုခု လုပ်ပေးမယ်ဆိုရင်တောင် ငါက ဘာဖြစ်နေလို့လဲ ဆိုတာမျိုးနဲ့ ပြန်ရန်တွေ့တတ်ကြတယ်။ ကူညီဖူးသမျှထဲမှာ အဲ့လိုလူတွေဟာ ကူညီရအခက်ဆုံးပဲ။ ပြဿနာရဲ့ အဖြေကလည်း သူ့မှာပဲ ရှိနေတာဆိုတော့ သူကိုယ်တိုင် မပြင်ဆင်ဘဲနဲ့လည်း မရဘူး။

အဲ့လိုလူတွေဟာ များသောအားဖြင့် မပျော်ရွှင်ကြရတာ များတယ်။ လိုအင်ဆန္ဒလည်း မပြည့်ကြဘူး။ တခြားလူတွေကို မကျေမနပ် ဖြစ်မယ်။ သူတို့ကျ ပျော်နေရတယ်ဆိုပြီး မနာလို ဖြစ်နေမယ်။ တကယ်တမ်းတော့ သူ့ဘဝက သိပ်ဆိုးနေတာ မဟုတ်ဘူး။ သူကိုက မပျော်တတ်တာ။ အဆိုးမြင်နေတာ။ ခုနက အဘိုးကြီးလို သူ့မုတ်ဆိတ်က ခရင်မ်ကို သုတ်ဖို့ သတိမရဘဲ တစ်လောကလုံးက နံနေတယ်လို့ တွေးနေတာ။ တစ်ခါတစ်လေမှာ သူ့ထက် အခြေအနေဆိုးသူကတောင် သူ့ကို ပြန်နှစ်သိမ့်နေရတာမျိုးတွေ ရှိတတ်တယ်။

Self-awareness အားနည်းသူဟာ သူတင် ပူလောင်တာ မဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်က လူတွေကိုလည်း ပူလောင်စေတယ်။ ဘယ်အချိန်ဖြစ်ဖြစ် Negative vibe တွေချည်းပဲဆိုတော့ တော်ရုံလူက မပေါင်းချင်တော့ဘူး။ ဒီတော့ သူ့ရဲ့ စိတ်ခံစားချက်တွေက ပိုပိုဆိုးလာတယ်။

ဒါကြောင့် လူတစ်ယောက် ပျော်ရွှင်ဖို့မှာ အဲ့ဒီ Self-awareness က သိပ်အရေးကြီးပါတယ်။ EQ ဆိုတဲ့ စိတ်ခံစားချက်တွေကို သိနားလည် ထိန်းချုပ်နိုင်စွမ်းမှာလည်း ဒီ Self-awareness က အခြေခံအကျဆုံးပဲ။ ကိုယ့်ကိုယ်ကိုယ် သိမှ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တာ။ စိတ်တွေတို၊ ဒေါသတွေ ပေါက်ကွဲနေသူဟာ သူတစ်ပါးဘက်က ဖြည့်တွေးပေး၊ ကိုယ်ချင်းစာပေးဖို့ရာလည်း မလွယ်ဘူး။ နောက်ပိုင်း စိတ်နည်းနည်းငြိမ်သွားမှ သြော် သူလည်း ဒါကြောင့် ဒီလိုလုပ်မိလိုက်တာ နေမယ် ဆိုပြီး တွေးလာနိုင်တာ။ ပေါက်ကွဲနေချိန် တွေးမိဖို့ မပြောနဲ့၊ ဘယ်သူ ဘာလာပြောပြော နားကိုမဝင်ဘူး။

EQ ဆိုတာက Skill ဖြစ်တယ်။ ဆိုလိုတာက လေ့ကျင့်ပျိုးထောင်လို့ ရတယ်။ လူတွေက ကျွန်တော့်ကို ထင်တယ်၊ ဆရာဖြိုးက ဒေါသမထွက်တတ်ဘူးတဲ့။ အဲ့လိုလူတွေကို ကျွန်တော် မောင်းနေတဲ့ကားလေး တစ်ခေါက်လောက် လိုက်စီးစေချင်တယ်။ သိသွားမယ်၊ ဘယ်လောက်ဆဲဆိုနေတယ် ဆိုတာကို။ တကယ်တော့ ကျွန်တော်က ဒေါသမထွက်တတ်တာ မဟုတ်ဘူး။ ဒေါသထွက်မှန်း မြန်မြန်သိ၊ မြန်မြန်ထိန်းလိုက်နိုင်တဲ့အတွက် ဒေါသထွက်မှန်း လူမသိတော့တာသာ ဖြစ်ပါတယ်။

အဲ့လို Self-awareness တက်ဖို့ကတော့ စာလေး ဖတ်လိုက်ရုံနဲ့တော့ မရပါဘူး။ လေ့ကျင့်မှ ရပါလိမ့်မယ်။ ဒီပို့စ်မှာ ပေးချင်တဲ့ အကြံပြုချက်တွေကတော့

၁။ တရားထိုင်ပါ။ ခက်မယ်ဆိုတာ နားလည်တယ်။ တအားပေါက်ကွဲလွယ်တဲ့သူဆိုရင်တော့ ကြိုးစားလုပ်ကြည့်ပါ။

၂။ ကိုယ်ပေါက်ကွဲမိလိုက်လို့၊ စိတ်မထိန်းနိုင်လိုက်လို့ ပြဿနာသေးသေးလေးကနေ အကြီးကြီး ဖြစ်သွားခဲ့ဖူးတာတွေ ရှိရင် အဲ့ဒါကို အမြဲတွေးနေပါ။ (ဥပမာ စိတ်ကောက်ပြေချင်နေပြီ ဖြစ်တဲ့ ရည်းစားကို စိတ်တိုမိသွားလို့ တစ်ခွန်းလေး လွှတ်ခနဲ ပြောမိလိုက်တာက နောက် ၃ ရက်လောက် ထပ်ချော့လိုက်ရတာမျိုး၊ ကားပါကင် လုရာကနေ ဆဲကြဆိုကြပြီး အလုပ်တွေ ပျက်ကုန်တာမျိုး)

၃။ ဘေးကနေ ပြောပေးနိုင်မယ့်လူ ရှာထားပါ။ ဒေါသထွက်ပြီဆို ထွက်နေမှန်း သတိပေးမယ့်လူပေါ့။

၄။ လူမသိတဲ့နေရာမှာ ပေါက်ကွဲပါ။ ကျွန်တော်ဆို ကားမောင်းလို့ ဆဲရင် မှန်တင်ပြီးမှ ဆဲပါတယ်။ ဒီတော့ တခြားကားက မကြားတော့ ပြဿနာမတက်တော့ဘူးပေါ့။ အဲဒါက ဘယ်သူကမှ ကျွန်တော့်ဒေါသကို ထပ်ပြီး လောင်စာ မထည့်တော့ဘူးဆိုတဲ့ သဘောလည်း ဖြစ်တယ်။ ဒီတော့ ကျွန်တော့်စိတ်လည်း မြန်မြန်ငြိမ်သွားရော။

၅။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဝါသနာပါတာလေးတွေ လုပ်ပါ။ ပျော်နေတဲ့လူက စိတ်ခံစားချက်တွေကို သတိထားမိဖို့ ပိုလွယ်ပါတယ်။

၆။ ကိုယ့်ဘဝရဲ့ Positive ဖြစ်တာတွေကိုလည်း မကြာခဏ တွေးပေးပါ။ ကိုယ်တစ်ယောက်တည်း ခွေးဖြစ်နေတာ မဟုတ်ဘူး ဆိုတာလေး သတိရပါ။ ရသစာပေ များများဖတ်ပါ။

တခြားအချက်တွေလည်း ရှိပါလိမ့်ဦးမယ်။ ဒီအကြံပြုချက် ၆ ချက်ကိုတော့ နှစ်သစ်မှာ Self-awareness တက်လာစေဖို့ လက်ဆောင်အနေနဲ့ မျှဝေပေးလိုက်ပါရစေ။

 

 

ဒေါက်တာ ဖြိုးသီဟ

sayar.com.mm

Read times
Rate this articles
(0 votes)