×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 05 February 2019

လုပ်ငန်းခွင်အတွင်း ပဋိပက္ခတွေ ပြေလည်စေဖို့ နည်းလမ်း (၆)ခု

နေ့စဉ်လူတွေနဲ့ တွေ့ဆုံဆက်ဆံနေသ၍ ပဋိပက္ခနဲ့ အငြင်းပွားမှုတွေက ရှောင်လွှဲလို့ မရနိုင်ပါဘူး။ လုပ်ငန်းခွင်အတွင်းမှာလည်း ၀န်ထမ်းအချင်းချင်းကြား၊ ၀န်ထမ်းနဲ့လူကြီးအကြား၊ ဌာနတစ်ခုနဲ့တစ်ခုကြား စသဖြင့် ပဋိပက္ခတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီလို ပဋိပက္ခတွေ ကြုံတွေ့ရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို နည်းလမ်းတစ်ချို့ဖော်ပြလိုက်ပါတယ်။

၁။ ပဋိပက္ခကို လက်ခံပါ။

အငြင်းပွားစရာ ပဋိပက္ခတစ်ခုခုဖြစ်လာပြီဆိုရင် ဘာမှမဖြစ်သလို ဟန်ဆောင်မနေပါနဲ့။ ရှောင်ထွက်ဖို့လည်း မကြိုးစားပါနဲ့။ ဒီလို ရှောင်နေတာက အချိန်ကြာလာတာနဲ့အမျှ တင်းမာမှုတွေပိုများလာပြီး အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ မပြေလည်မှုတွေကနေ ပြဿနာကြီးတွေ၊ နာကျည်းမှုတွေဖြစ်မသွားခင် တတ်နိုင်သမျှ ရင်ဆိုင်ဖြေရှင်းပါ။ ၀န်ထမ်းအချင်းချင်းကြားမှာ ပဋိပက္ခဖြစ်တာကို သိရင် ဘယ်လိုအဖြေရှာပေးရမလဲဆိုတာကို လမ်းညွှန်ပေးပါ။ ဌာနတစ်ခုနဲ့တစ်ခုကြားမှာ အဆင်မပြေဖြစ်နေရင် ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုတိုးပွားလာအောင် လုပ်ဆောင်ပေးပါ။

၂။ အချင်းချင်းစကားပြောပါ။

အဆင်မပြေဖြစ်နေရတဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ အသင်းအဖွဲ့အချင်း ပြင်ပအနှောင့်အယှက်မရှိပဲ စကားပြောနိုင်အောင် အချိန်သတ်မှတ်စီစဉ်ပါ။ တွေ့ဆုံကြတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် သဘောထားတွေ အပြန်အလှန်တင်ပြချိန်ပေးပါ။ စကားဝိုင်းကို တစ်ဦးတစ်ယောက်၊ တစ်ဖက်ထဲကပဲ ကြီးစိုးနေတာမျိုး မဖြစ်ပါစေနဲ့။ တွေ့ဆုံစကားပြောချင်းဟာ ရန်ဖြစ်ဖို့ မဟုတ်ဘူးဆိုတာ သတိထားပါ။

၃။ ဂရုတစိုက် နားထောင်ပါ။

တစ်ယောက်ယောက်က စကားပြောနေချိန်မှာ သေချာနားထောင်ဖို့ လိုပါတယ်။ တဖက်သူရဲ့စကားကို ဖြတ်ပြီး မပြောပါနဲ့။ တဖက်ကပေးချင်တဲ့ အချက်အလက်၊ ပြောချင်တဲ့အဓိပ္ပါယ်ကို သေချာနားလည်တဲ့အထိ နားထောင်ပါ။ နားမလည်ရင် ပြန်မေးပါ။ တဖက်ကသူ ဘာကို စိတ်ပျက်နေတာလဲ။ စိတ်အလိုမကျဖြစ်နေတာလဲဆိုတာ သေချာသိအောင် ကြိုးစားပါ။ ဒီလို နားထောင်တာဟာ နားလည်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ တစ်ဖက်သူပြောတာကိုသေချာနားမလည်ပဲ တုံ့ပြန်ဖို့မကြိုးစားပါနဲ့။

၎။ သဘောတူညီမှုကို ရှာဖွေပါ။

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ငြင်းခုံဖို့ပဲ ဦးတည်နေမယ်ဆိုရင် ဘယ်တော့မှအဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိစေနိုင်မယ့် သဘောတူညီမှုတစ်ခုကို ရှာဖွေပါ။ အဆိုးမြင်စိတ်တွေ၊ မကောင်းတဲ့အချက်တွေထဲက ကောင်းတာတွေကို ရှာဖွေပါ။

၅။ လမ်းညွှန်မှုပေးပါ။

သင့်အနေနဲ့ ဦးဆောင်သူနေရာက ရှိမယ်ဆိုရင် ၀န်ထမ်းတွေရဲ့စိတ်ထဲမှာ နာကျည်းချက်တွေ မဖြစ်စေဖို့ တကယ်ပြဿနာကိုပဲ ဖြေရှင်းနိုင်အောင် နည်းပေးလမ်းပြလုပ်ပေးပါ။ အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေပေးပါ။ အချင်းချင်းပြေလည်စေနိုင်မယ့် အချက်တွေကို ဆွဲထုတ်ပြပေးပါ။

၆။ ခွင့်လွှတ်နားလည်နိုင်အောင် ကြိုးစားပါ။

ပဋိပက္ခတိုင်းဟာ တစ်ဖက်နဲ့တစ်ဖက် ထိခိုက်မှုတွေကို အသိအမှတ်ပြုပြီး ရှင်းလင်းတဲ့ဆုံးဖြတ်ချက် ရရှိဖို့ လိုပါတယ်။ ဒါ့ကြောင့် ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခု ရအောင်ရှာပါ။ အရင်ဆုံးတောင်းပန်လိုက်ပါ။ သင့်အနေနဲ့ ပြောမှားဆိုမှားတာတွေ လုပ်မှားကိုင်မှားတာတွေအတွက် အမှန်တကယ် စိတ်မကောင်းကြောင်း တောင်းပန်ပါ။ သင့်ဖက်က အရင်ခွင့်လွှတ်နိုင်ဖို့ လိုပါတယ်။ အပေါ်ယံ အလျှော့ပေးတာက အချိန်ကြာလာရင် အငြိုးတွေဖြစ်လာနိုင်ပါတယ်။ တကယ်ခွင့်လွှတ်ပြီး နားလည်ပေးနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။


Source: Gentleman Magazine

Read times Last modified on Thursday, 30 January 2020 15:11
Rate this articles
(1 Vote)