×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 06 March 2019

လူတွေပြောတိုင်း နားထောင်သင့်လား ???

“မင်းဘာလုပ်လုပ် လူတွေက ဝေဖန်နေကြမှာပဲ” ဆိုတာမျိုး ကြားခဲ့ဖူးလား။  မှန်တယ်လို့ကော ထင်လား။ အင်း လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ ကိုယ်လုပ်နေတာကို သဘောကျတဲ့သူနဲ့ သဘောမကျတဲ့သူ ဆိုတာ ရှိနေမှာပဲ။

စကားသံတွေကတော့ အမျိုးမျိုး ထွက်လာမှာပဲလေ။ တစ်ခါတစ်လေ ဝေဖန်တာတွေ ရှိမယ်၊ တစ်ခါတစ်လေ အကြံပေးတာတွေ ရှိမယ်၊ ဆွေးနွေးတာတွေလည်း ပါမယ်၊ အမိန့်ပေးတာတွေလည်း ရှိရင်ရှိမယ် အမျိုးမျိုးပေါ့။

မိဘတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ၊ သူငယ်ချင်းတွေ တစ်ခါတစ်လေ ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ သူတွေရော မတူညီတဲ့ အမြင်တွေ၊ အကြံပေးချက်တွေနဲ့ ကိုယ့်ကိုအမျိုးမျိုး လာပြောတတ်ကြတယ် ကိုယ်လုပ်မယ့် အရာတွေ၊ ကိုယ်ရှေ့ဆက်လျှောက်ရမယ့်လမ်း၊ ပညာရေး၊ Relationship တွေနဲ့ ပက်သက်ပြီးတော့ပေါ့။

တချို့က ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ရှင်သန်ဖို့ ပြောကြတယ်၊ တစ်ချို့ကတော့ သူတို့ စိတ်ကူးတွေအတိုင်း ဘဝကို ပုံဖော်စေချင်ကြတယ်၊ တစ်ချို့က ကိုယ့်ကို ဆေးပညာသင်ဖို့၊ အင်ဂျင်နီယာကြီးလုပ်ဖို့ ပြောကြတယ် ဒါပေမယ့် တစ်ချို့ကကျ ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ဖို့နဲ့ ကိုယ်ပျော်ရာလုပ်ဖို့ ပြောကြတယ်။

လူတွေက အမျိုးမျိုးပြောကြတဲ့အခါ တစ်ခါတစ်လေ သူတို့ပြောသလို အဆင်ပြေသွားတာပဲ သူတို့အကြံတွေက တကယ်လည်း အသုံးဝင်သွားတယ်၊ ကိုယ့်အတွက် အကျိုးရှိသွားတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ အဆင်မပြေနိုင်ဘူး ပိုဆိုးတာတွေ ဖြစ်လာတယ်။

ကိုယ့်ပျော်ရွှင်မှုတွေ ပျောက်ဆုံးကုန်တာမျိုးလည်း ရှိပြန်ရော။ ဆိုတော့ ဘာလုပ်ရမလဲ လူတွေပြောတာကို နားထောင်သင့်လား၊ ဒါမှမဟုတ် ဘယ်သူ့စကားမှ နားမထောင်ဘဲ ကိုယ့်စိတ်ကူးအတိုင်းပဲ အသက်ရှင်ရမလား။

ပြောရရင်တော့ နားထောင်သင့်ပါတယ်။ နားထောင်ခြင်းစွမ်းရည်က အရမ်းအရေးကြီးတယ်လေ။ နားထောင်နေမှလည်း ကိုယ့်ကိုယ်ကိုယ် သေချာဆန်းစစ်နိုင်တာပေါ့ ဥပမာ ကိုယ့်အားသာချက်က ဘာတွေလဲ၊ ကိုယ့်အားနည်းချက်တွေကရော၊ ကိုယ့်အကျင့်တွေက ဘယ်လိုဖြစ်နေလဲ၊ ကိုယ်ဘာတွေ ပြင်ဖို့ လိုနေလဲ၊ ဘယ်လိုလုပ်ရင် ကိုယ့်အနာဂတ်က ပိုကောင်းလာမလဲ ဆိုတာတွေ သူတို့စကားသံနဲ့ ဝေဖန်မှုတွေကနေတစ်ဆင့် သိနိုင်တယ်လေ။

ဒါပေမယ့် တစ်ခုရှိတာက နားထောင်ဖို့တော့ လိုပေမယ့် ကြားသမျှကို လက်မခံလိုက်ဖို့ပါ။ တစ်ချို့က ရှိတယ်လေ လူတွေ ဝေဖန်ကြတာနဲ့ပဲ စိတ်ဓာတ်တွေကျ၊ စိတ်တွေပျက်နေပြီး မိဘတွေ၊ ဆွေမျိုးတွေက ကောင်းတယ် ဆိုတိုင်း မျက်စိမှိတ်လက်ခံတာမျိုးတွေပေါ့။

ဒီနေရာမှာ မိဘတွေ ဆွေမျိုးတွေစကား နားမထောင်နဲ့၊ သူတို့နဲ့ ဆန့်ကျင်ပါလို့ ဆိုလိုတာ မဟုတ်ပါဘူး ဒါပေမယ့် ကိုယ်လည်း ကလေးမှ မဟုတ်တော့တာပဲ ကိုယ့်ဘာသာ စဉ်းစားနိုင်တယ်၊ အမှားအမှန် ခွဲနိုင်တယ်လေ။ လူကြီးတွေက ကိုယ့်ထက်ပိုသိတာကိုတော့ မငြင်းပါဘူး။ ဒါပေမယ့် အရာအားလုံးကို သိတာမှမဟုတ်တာ၊ သူတို့မသိသေးတဲ့အရာတွေလည်း အများကြီးပဲလေ။ ဆိုတော့ သေချာစဉ်းစားပါ အကြံပေးစကားဖြစ်ဖြစ်၊ ဝေဖန်တာဖြစ်ဖြစ်၊ ချီးကျူးတာဖြစ်ဖြစ် ဒါကို လက်ခံသင့်ရဲ့လား၊ ကိုယ့်အတွက် တကယ်အကျိုးရှိရဲ့လား၊ ဒါတွေက အမှန်ဟုတ်ရဲ့လား၊ လက်ခံလိုက်ပြီး လိုက်နာလိုက်ပြီး ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ ကိုယ့်ဘာသာ ပြန်သုံးသပ်ဖို့ လိုပါတယ်။

တချို့အကြံပေးစကားတွေက ကိုယ့်အတွက် အကျိုးမရှိတာလည်း ဖြစ်နိုင်သလို တစ်ချို့ ဝေဖန်ချက်တွေက ကိုယ်တကယ်ဖြစ်နေတာ ပြင်သင့်တာမျိုးလည်း ဖြစ်နေနိုင်တာပဲ။ တစ်ချို့စကားတွေက လက်ခံဖို့မလိုတဲ့ အမှိုက်တွေလည်း ရှိတယ်။ ဒါကတော့ ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ရမှာပါ ဒါတွေက အမှိုက်တွေလား၊ ရွှေတွေလား၊ တကယ်သွားသင့်တဲ့ လမ်းလား ဆိုတာကိုပေါ့။

နောက်တစ်ချက်က ကိုယ့်ကို လာပြောနေတဲ့သူက ဘယ်လိုမျိုးလဲ သေချာကြည့်ပါ။ သူက ဒီကိစ္စကို တကယ်သိရဲ့လား၊ လျှောက်ပြောနေတာလား၊ သူ့မှာ တကယ်အတွေ့အကြုံရှိလို့လား၊ သူပြောတာတွေ လက်ခံသင့်ရဲ့လား ဒါတွေကိုလည်း သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ဥပမာ တကယ်လည်း မသိဘဲနဲ့ ပြောနေတာမျိုး၊ သေချာမသိတာကြီး ဝေဖန်နေတာမျိုး ရှိနိုင်တာပဲ ဘယ်သူသိမှာလဲ။

ဒါ့ကြောင့် ဘယ်သူတွေ ဘာပဲပြောပြော သူတို့ပြောတာကို ဘာမှမလုပ်ပဲ ဒီတိုင်းငြိမ်ငြိမ်လေး နားထောင်နေလိုက်ပါ။ ကိုယ့်ကို ဘာတွေပြောနေကြလဲ ဆိုတာကိုလည်း အာရုံစိုက်ပါ။ ပြီးတော့မှ သူတို့ပြောတာတွေကို သေချာပြန်သုံးသပ်ပါနော် ဘယ်ဟာကိုတော့ လိုက်နာသင့်တယ်၊ ဘယ်ဟာကိုတော့ နားထောင်ပြီး တစ်ဖက်နားကနေ ထုတ်လိုက်သင့်တယ် ဆိုတာကိုပေါ့။

လူတွေပြောတိုင်း အမှန်မဟုတ်သလို အကုန်လုံးက အမှားချည်းလည်း မဟုတ်ပါဘူး။ သူများအမြင်တွေကိုလည်း နားထောင်သင့်တယ် ဒါပေမယ့် တကယ်ရှင်သန်တာကျ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တည်ဆောက်ရမယ်။ ဟုတ်ပြီနော် နားထောင်ပါ ဒါပေမယ့် အကုန်လက်မခံနဲ့။

Source: livethedream

Read times Last modified on Thursday, 30 January 2020 15:54
Rate this articles
(1 Vote)