×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 29 March 2019

ဝါသနာထဲက ရည်မှန်းချက်

ရည်မှန်းချက်ဆိုတာ ဝါသနာတွေထဲက လေးနက်တဲ့ တစ်စိတ်တစ်ဒေသဆိုရင် ယုံကြလေမလား။ ရည်မှန်းချက်ရယ်လို့ သုံးနှုန်းလိုက်ရင် လူတွေက အကြီးကြီး စဉ်းစားတယ်၊ ခက်ခက်ခဲခဲ သွားတွေးတယ်။

ဘာရည်မှန်းချက်ရှိလဲ မေးလိုက်ရင် ဘာပြန်ဖြေရမှန်း မသိတော့ဘူး အဲလိုမျိုး ဖြစ်တတ်ကြတယ်။ တကယ်တမ်း ရည်မှန်းချက် ဆိုတဲ့ စကားလုံးက ရိုးရိုးလေးပါပဲ။ တစ်နည်းပြောရရင် ရည်မှန်းချက် ဆိုတာ ဝါသနာတွေထဲကနေ ပေါက်ဖွားလာတာပါ။ ဝါသနာတွေ အများကြီးထဲကမှ ကိုယ်အရမ်း ရူးသွပ်ရတဲ့အရာ တစ်ခု နှစ်ခုကနေ ရည်မှန်းချက် ဆိုပြီး ဖြစ်လာတာပါပဲ။

ဒါဆို ဒီနေရာမှာ မေးစရာရှိလာတာက ဝါသနာနဲ့ ရည်မှန်းချက်က အတူတူပဲလား။ ဘယ်လိုကွာတာလဲ။ ဟုတ်ပြီ ပထမ မေးခွန်းအတွက်က ဝါသနာနဲ့ ရည်မှန်းချက်ဆိုတာ တူမယောင်နဲ့ အကြီးအကျယ် ကွဲပြားတဲ့ အရာနှစ်ခုပါနော်။ တော်တော်များများက ဝါသနာနဲ့ ရည်မှန်းချက်ကို သေချာမသဲကွဲကြဘူး။ လူကြီးတွေကတော့ ရည်မှန်းချက်ကိုရှာ၊ အဲဒါကို ဇောက်ချလုပ်၊ အကောင်အထည်ဖော်ဆိုပြီး အကြံပေးတတ်ကြပေမယ့် ဘယ်ဟာက ရည်မှန်းချက်ကြီးလဲ။

ကိုယ်ကြိုက်တာ၊ ဝါသနာပါတာ ဒီလောက်များတာ ဘယ်တစ်ခုကို ရည်မှန်းချက်ရယ်လို့ သတ်မှတ်ရမလဲဆိုတာနဲ့ပဲ တဝဲလည်လည် လမ်းပျောက်တတ်ကြပါတယ်။ တကယ်လည်း စဉ်းစားကြည့်လိုက်ရင် ဟိုဟာလည်း လုပ်ချင်တယ်၊ ဒီဟာလည်း ကြိုက်တာပဲ အဲလိုဖြစ်နေတော့ လူငယ်တွေ အနေနဲ့ ဝေခွဲရ ခက်ကြတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါဆိုရင် ဝါသနာနဲ့ ရည်မှန်းချက် ဘယ်လိုကွာလဲ ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်မှာ ဝါသနာတွေ ဆယ်ခုမကလို့ ထောင်ချီလည်း ရှိရင်ရှိနိုင်တယ်။ တစ်လောကလုံးက ကိစ္စမှန်သမျှ သဘောကျနေတာ၊ စိတ်ဝင်စားနေတာလည်း ဖြစ်နိုင်တယ်။ ပြောရရင် လေးနက်မှု မရှိဘူး အပေါ်ယံ နှစ်သက်သဘောကျတာမျိုးပေါ့။ သဘောကျတာ မှန်ပေမယ့် ငြီးငွေ့လွယ်တယ် ဒီတစ်ခု လုပ်တာ ကြာလာရင် ငြီးငွေ့သွားရော၊ နောက်တစ်ခု ပြောင်းကြည့်လည်း အချိန်ကြာလာရင် ပျင်းသွားပြန်တာပဲ။

ကြာကြာမလုပ်နိုင်ဘူး၊ ကြာကြာ အာရုံမစူးစိုက်နိုင်ဘူး၊ အမြဲ စိတ်ဝင်စားနေတာမျိုး မဟုတ်ဘူးပေါ့။ ရည်မှန်းချက်ကတော့ ဝါသနာထက် အဆပေါင်းများစွာ လေးနက်မှုရှိတယ်၊ နက်နဲတယ်။ ဥပမာပေးရရင် ချစ်တာနဲ့ ကြိုက်တာ နည်းနည်းလေးမှ မတူသလိုပေါ့။ ဝါသနာက ကြိုက်ရုံ၊ သဘောကျရုံ ဖြစ်ပြီး ရည်မှန်းချက်ကတော့ နှစ်နှစ်ကာကာ ချစ်တာမျိုးပေါ့ဗျာ။

ဝါသနာတွေထဲက ကွဲထွက်နေတဲ့ ရည်မှန်းချက်ဆိုတာကို လုပ်နေရရင် အချိန်တွေ ကုန်လို့ ကုန်မှန်းမသိတော့ဘူး။ စာသင်ခန်းထဲမှာဆို နာရီကို တစ်မိနစ်တစ်ခါ ကြည့်တတ်သလောက် ဂိမ်းဆော့နေရရင် တစ်နေကုန်လို့ ကုန်မှန်း မသိတော့သလိုပေါ့ အရှင်းဆုံး ဥပမာနော်။ အချိန်ကုန်တာတောင် သတိမထားမိတော့ဘူး တခြားအရာတွေလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ် ဘာမှသတိမရတော့ဘူး။ ရည်မှန်းချက်ဆိုတဲ့ ရူးသွပ်ရတဲ့ ဝါသနာလေးကို လုပ်နေပြီဆို တကယ့်ကို ထမင်းမေ့ ဟင်းမေ့ ဖြစ်သွားတာမျိုးပေါ့။

ပြီးတော့ ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း၊ ဘယ်လောက်ပဲ ခက်ခဲနေရင်လည်း လုပ်နေရရင် ပျော်တယ်၊ ကျေနပ်တယ်။ ရှုံးသွားလည်း လက်မလျှော့ဘူး မအောင်မြင်မချင်း ဆက်လုပ်နေတယ် ဥပမာ အကကို ရူးသွပ်နေရင် ဘယ်လောက်ပဲ ကတာအဆင်မပြေလည်း၊ ဘယ်လောက်ပဲ လဲကျကွဲပြဲနေလည်း ဆက်ကနေတာပဲ ပင်ပန်းပေမယ့် ပျော်နေတာပဲ ကနေရရင်ကို ပျော်နေတာ အဲလိုမျိုး။

နောက်တစ်ချက်က အဲဒီအရာနဲ့ ပက်သက်ပြီး လေ့လာချင်တယ်၊ စူးစမ်းချင်တယ်၊ ပိုသိချင်လာတယ်၊ ပိုတော်ချင်တယ်၊ တိုးတက်ချင်တယ်။ ရည်မှန်းချက်ဆိုတာက စိတ်ဝင်စားရုံ အပျင်းပြေ အပျော်သက်သက် လုပ်နေတဲ့ အဆင့်မှာတင် ရပ်နေတာ မဟုတ်ဘူး။ တကယ့်ကို ရူးရူးသွပ်သွပ် လုပ်တယ်၊ အဲတာနဲ့ ပက်သက်တာတွေ လိုက်ရှာတယ် စုံစမ်းတယ် ဒါနဲ့ ပက်သက်ပြီး ဘယ်လိုတိုးတက်အောင် လုပ်ရမလဲ၊ ဘယ်လိုပိုကောင်းအောင် လုပ်ရမလဲ အမြဲတွေးတော ကြံဆနေတတ်တယ်။ ဒီအရာကို တစ်ဘဝလုံး လုပ်သွားချင်တယ်၊ ဒါနဲ့ အသက်မွေးဝမ်းကြောင်း ပြုချင်တယ် အဲလိုမျိုးတွေ ဖြစ်နေပြီဆိုရင် သေချာပါတယ် ဒါကိုယ့်ရဲ့ ရည်မှန်းချက်ပါပဲ။

ဒီလိုပြောလို့ စမီးက အစားတစ်လိုင်းလေ နေ့နေ့ညည အစားအကြောင်းပဲ တွေးနေတာ ဘယ်လောက်ပဲ ဝေးဝေး စားဖို့ဆို သွားနိုင်တယ် ဆိုတာမျိုးလေးတွေ ရှိလာရင်တော့ဖြင့် အတော်စဉ်းစားယူရမယ်ဗျ။ ဒါပေမယ့် ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်လေ ခုခေတ်မှာ အစားအစာနဲ့ ပက်သက်တဲ့ အလုပ်အကိုင်တွေ အများကြီးဆိုတော့ အစားရူးလေးတွေအတွက်လည်း ရည်မှန်းချက်တွေ အကောင်အထည်ဖော်လို့ ရပါတယ်လို့။

ဒီလောက်ဆိုရင်တော့ ဝါသနာနဲ့ ရည်မှန်းချက် ဘယ်လိုကွာလဲ ဆိုတာရယ်၊ ရည်မှန်းချက်ကို ဝါသနာထဲကနေ ဘယ်လို ခွဲခြားကြမလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ ခုခေတ် လူငယ်လေးတွေရဲ့ ဝါသနာထဲက ရည်မှန်းချက်အပေါ် ရူးသွပ်ဖော်ပြကြပုံလေးတွေ အရမ်းကို ကောင်းပါတယ်။ ဥပမာ တစ်ချို့က Editing ပိုင်း ဝါသနာပါတယ်၊ ရူးသွပ်တယ်၊ ဆိုတော့ video လေးတွေ edit လုပ်ပြီး တတ်နိုင်တဲ့လမ်းကနေ ကိုယ့်အရည်အချင်း၊ လုပ်နိုင်စွမ်း၊ ရူးသွပ်မှုတွေကို ချပြကြတယ်။ ဒါတကယ့်ကို ချီးကျူးစရာပါပဲ။

တချို့တွေက တကယ်ကို ကြိုးစားထားသလောက် ရူးသွပ်သလောက် အရည်အချင်းလည်း တကယ်ရှိပါတယ်။ ဒီလိုပဲ ကိုယ့်ရဲ့ ဝါသနာထဲက ရည်မှန်းချက်လေးတွေကို ရှာဖွေပြီးတော့ တတ်နိုင်သလောက် ချပြနိုင်အောင် ကြိုးစားကြည့်ပါ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖို့ လမ်းစလေးတွေ ရှိလာပါလိမ့်မယ်။ ကိုယ်အရှုံးမပေးသ၍ ဒီတိုက်ပွဲမှာ ဘယ်တော့မှ မရှုံးပါဘူးနော်။

 

Source: livethedream

Read times Last modified on Tuesday, 04 February 2020 15:11
Rate this articles
(1 Vote)