နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အသက် ( ၇၀ ) ကျော်သွားတဲ့ အဖိုးအဖွားများကို သင်ဘဝမှာ သင်ဘာကို နောင်တအရဆုံးလဲ ဆိုတဲ့မေးခွန်းကို ဖြေဆိုစေပါတယ်။
ရရှိလာတဲ့ အဖြေကို ရာခိုနှုန်းအနည်းအများပေါ် မူတည်ပြီး တင်ပြထားပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘာသာရေး ယုံကြည်ချက်၊ ဘဝခံယူချက်အရ အယူအဆအနည်းငယ်ဆီ ကွာခြားနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူသားအချင်းချင်း တူညီတတ်တာမို အကျိုးရှိနိုင်မယ်ဟု ယူဆပြီး တင်ပြလိုက်ရပါတယ်။
၁။ အကောင်းဆုံးဖြစ်အောင် မကြိုးစားခဲ့ဘူး
သုတေသနအရ ၉၂% သောလူများဟာ ကောင်းကောင်းမကြိုးစားခဲ့တာကို နောင်တရကြပါတယ်။ ကျောင်းသားဘဝမှာတုန်းက ဆော့ကစားတာနဲ့ အချိန်ကုန်စေခဲ့ပါတယ်။ ရည်းစားထားတတ်လာတော့ အချိန်ရှိသရွှေ့ စိတ်ကအဲဒါပဲ ရောက်နေတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း ဟိုဟာလုပ်ရင်ကောင်းနိုးနိုး၊ ဒီအလုပ်လုပ်ရင်ပဲ ပိုကောင်းနိုးနိုးနဲ့ အချိန်ကုန်လွန်သွားစေပါတယ်။ နောက်တစ်ခုက လူတော်တော်များများဟာ အများရဲ့အမြင်ကို ဂရုစိုက်လွန်းတယ်။ အများနောက်ကိုပဲ တစ်ကောက်ကောက်လိုက်တတ်ကြတယ်။ သူများကြိုးစားမှ ကိုယ်ကလိုက်ကြိုးစားတယ်။ သူများနားရင် ကိုယ်လဲနားတယ်။ သူများပွဲသွားရင် ကိုယ်ပါသွားရမှ ကျေနပ်တယ်။ သူများဘာအလုပ်လုပ်ရင် နောက်ကနေ လိုက်လုပ်တတ်ကြတယ်။ ကိုယ်ကိုယ်တိုင် ဘာအသစ်အဆန်းမှ လုပ်ဖို့မပြောနဲ့၊ စဉ်းကိုမစဉ်းစားရဲဘူး။ ဒီလို အများနောက်ပဲ လိုက်နေတော့ အများဖြစ်လာသလိုပဲ ကိုယ်ဖြစ်မှာပေါ့။ ဘဝမှာ ဘာထူးခြားလာမှာမို့လို့လဲ။ ဒါကြောင်မို့လို့ နောင်အသက်ကြီးလာရင် နောင်တမရစေဖို့ ဘာပဲလုပ်လုပ် စိတ်ပါလက်ပါ ထဲထဲဝင်ဝင် စိတ်နှစ်ကိုယ်နှစ် လုပ်ကိုင်တတ်ဖို့ လူငယ်များသင်ယူထားဖို့ လိုပါတယ်။
၂။ အလုပ်အကိုင်အရွေးမှားသွားတယ်
အမေးခံရတဲ့ ၇၃% သောလူများဟာ အလုပ်အကိုင်အရွေးမှားတာကို နောင်တရကြပါတယ်။ ဘွဲ့ရတဲ့ ကျောင်းသား ( ၃ ) ဦး အစိုးရဋ္ဌာနတစ်ခုမှာ အလုပ်အတူဝင်ကြတယ်။ တစ်ယောက်က အရာရှိမျက်နှာကို မကြည့်ချင်တာနဲ့ တစ်နှစ်ပဲ လုပ်လိုက်တယ်၊ နောက်အလုပ်ဋ္ဌာနတစ်ခုကို ပြောင်းသွားတယ်။ နောက်တစ်နှစ်လောက်ကြာတဲ့ အခါကျတော့ ဒုတိယတစ်ယောက်ဟာ အလုပ်ထွက်ပြီး အဲဒီရုံးဘေးမှာပဲ စားသောက်ဆိုင်ကလေး စတည်ထောင်တယ်။ တတိယတစ်ယောက်ကတော့ အေးအေးလူလူ နေချင်တာနဲ့ နေရာဟောင်းမှာပဲ ပျော်မွေ့နေခဲ့ပါတယ်။ နောင်နှစ်ပေါင်းအတော်ကြာလာတော့ သူငယ်ချင်းသုံးဦးပြန်လည်ဆုံဖြစ်ကြတယ်။ ပထမအလုပ်ပြောင်းတဲ့တစ်ဦးဟာ စက်ရုံမှုးဖြစ်နေပါပြီ။ ဒုတိယတစ်ဦးဟာ စားသောက်ဆိုင်အကြီးကြီးတစ်ခု ပိုင်ဆိုင်နေပါပြီ။ အစိုးရ ရုံးမှာနေခဲ့တဲ့လူကြတော့ မလုပ်မရူပ်မပြုတ် မူအတိုင်း ပင်စင်စားခါနီးလေ သတိနဲ့ နေထိုင်လေ ဖြစ်နေပါသေးတယ်။
လူတော်တော်များများဟာ ပုံမှန်ဝင်ငွေကို အရမ်းမက်မောကြပါတယ်။ ပုံမှန်အလုပ်ဟာ အေးအေးဆေးဆေးဖြစ်တယ်ဆိုပေမဲ့ ဖိအားမရှိရင် တွန်းအားဖြစ်မလာလေတော့ အေးအေးလူလူ နေထိုင်ခြင်းဟာ ဘဝတက်လမ်းကို ပိတ်ပင်တတ်စေပါတယ်။
Recommended for you - ၁၀၀% အခမဲ့ သင်ကြားပေးမည့် Web UI/UX Design သင်တန်း
၃။ သားသမီးများကို ကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့ဘူး
၆၂% သော အမေးခံရတဲ့ အဖိုးအဖွားများဟာ သားသမီးများကို လုံလုံလောက်လောက် အချိန်မပေးခဲ့လို့ ကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့တာကို နောင်တရကြပါတယ်။ မိဘဘဝမှာ ကိုယ့်အလုပ်နဲ့ ကိုယ်ရုန်းကန်နေရတာမို့ သတိရတုန်းကပဲ ဆဲလိုက်တယ်။ နောက်တော့မေ့သွားတယ်။ စိတ်ပါရင် ခေါ်ပြီး စာသံပေသံနဲ့ ဆုံးမလိုက်တယ်။ မိဘကျေးဇူး ကြီးမားပုံကို ကြားပူးနားဝ စကားလုံးများနဲ့ သြဝါသပေးလိုက်တယ် ။ ပြီးရင် မေ့သွားပြန်တယ်။ နောင်သားသမီးက အသုံးမကျလာတဲ့ အခါကျတော့ ကောင်းကောင်းမွန်မွန် မပျိုးထောင်ခဲ့တာကို နောင်တရလာကြတယ်။
၎ ။ အိမ်ထောင်ဘက် အပေါ် ကောင်းကောင်းတန်ဖိုးမထားခဲ့ဘူး
၅၇% သောလူများဟာ အိမ်ထောင်ဘက်အပေါ် ကောင်းကောင်းတန်ဖိုးမထားခဲ့တာကို နောင်တရကြပါတယ်။ လူသဘောသဘာဝအရ လူစိမ်းအပေါ် အရမ်းကောင်းမွန်တတ်ပြီး အရမ်းရင်းနှီးသောလူများကိုကျတော့ ရင့်ရင့်သီးသီး စိမ်းကားတတ်ကြပါတယ်။ အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ အချင်းချင်းရဲ့ အားနည်းချက်ကိုလည်း သိလာတတ်ကြပါတယ်။ ပြင်ပကလူတွေကိုတော့ အားတက်သရော ဆက်ဆံတတ်ပြီး ကိုယ့်အိမ်ထောင်ဖက်အပေါ် မှာတော့ အေးစက်စက်နဲ့ ဘာမဆိုအပြစ် မြင်နေတတ်ပါတယ်။ အမှန်တော့ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အားနည်းချက်ကိုပါ ချစ်ရတာမို့ အိမ်ထောင်ဘက်အပေါ် တန်ဖိုးထားတတ်ဖို့ သတိထားသင့်ပါတယ်။
၅။ ကျန်းမာရေးကို ကောင်းကောင်း ဂရုမစိုက်ခဲ့ဘူး
၄၅% သောလူများဟာ ကျန်းမာရေးကို ကောင်းကောင်းဂရုမစိုက်ခဲ့တာကို နောင်တရကြပါတယ်။ ကျန်းမာရေးကောင်းမွန်နေခြင်းဟာ ဘာမှထူးထူးခြားခြားမခံစားတတ်ရပေမဲ့ ကျန်းမာရေးဆုံးရူံးသွားရင် အရာရာတိုင်းကို ဆုံးရူံးသွားရတတ်ပါတယ်။ အပေါင်းအသင်းတွေနဲ့တွေ့ရင် အရက်ကို အလွန်အကျွံ သောက်တာမျိုး၊ ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်တာမျိုး၊ မိန်းခလေးများ လှချင်တော့ ဘာမှမစားပဲ အငတ်ခံတာမျိုး၊ ပိန်ဆေးသောက်တာမျိုး ၊ စသည်ဖြင့် အရွယ်ရောက်လာရင် ကိုယ့်ကို ပြန်ဒုက္ခပေးနိုင်တဲ့ အပြုအမူများအားလုံး ရှောင်ကျဉ်နိုင်ကြပါစေ။
Recommended for you - လူတစ်ယောက်ကို ကျရှုံးစေတတ်တဲ့ အဓိကအကြောင်းအရာ
Recommended for you - YUFL ပထမနှစ် သင်တန်းဝင်ခွင့်လျှောက်ထားသူ ၄၃၀၀ ကျော်ရှိဟုဆို
Credit; Aung Ko Latt