×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 06 September 2018

ကိုယ့်လက်အောက်ငယ်သားတွေကို မေးသင့်တဲ့ မေးခွန်း (၄)ခု

ကိုယ့်လက်အောက်ငယ်သားတွေကို မေးသင့်တဲ့ မေးခွန်း (၄)ခု google.com

လုပ်ငန်းခွင်ထဲရောက်လာရင် ကိုယ့်ရဲ့အနေအထားက အမြဲတမ်း တိုးတက်ပြောင်းလဲနေရမှာ ဖြစ်ပါတယ်။ လူငယ်မှသည် လူကြီးဆီသို့ လက်အောက်ငယ်သားမှသည် အထက်လူကြီှးဆီသို့ တဖြည်းဖြည်းတိုးတက်ပြီး ရင့်ကျက် ပြောင်းလဲလာရမှာပဲဖြစ်ပါတယ်။

ကိုယ်လက်အောက်ငယ်သားဘဝက ကိုယ့်ကိုယ် စီမံညွှန်ကြားပေးတဲ့ အထက်လူကြီးတွေရှိခဲ့ကြသလို ကိုယ်အထက်လူကြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာလဲ ကိုယ်စီမံအုပ်ချုပ်ရမယ့် လက်အောက်ငယ်သားတွေလဲ ရှိလာမှာအမှန်ပါပဲ။ ဒီလိုအနေအထားမျိုးမှာ ကိုယ်ဘယ်လောက်တော်သလဲ ဘယ်လောက်အလုပ်ကောင်းကောင်းလုပ်နိုင်သလဲဆိုတာဟာ ကိုယ့်လူတွေ လက်အောက်ငယ်သားတွေရဲ့ အရည်အချင်းတွေနဲ့လဲ အတိုင်းအတာတစ်ခုအထိ အချိုးကျနေပါတယ်။ ဒီလိုအနေအထားမှာ ကိုယ့်လူတွေအကြောင်းကို ကိုယ်ကောင်းကောင်းသိနေဖို့ လိုပါတယ်။

ကိုယ့်လူတွေအကြောင်းမှ ကိုယ်ကောင်းကောင်းမသိရင် သိဖို့ကို စိတ်မဝင်စားရင် ကိုယ့်လူတွေကလည်း ကိုယ်ပြီးမြောက်အောင်မြင်ဖို့ စိတ်ဝင်စားတဲ့အရာတွေကို ပြန်ပြီး စိတ်မဝင်စားခြင်းတွေနဲ့ တုန့်ပြန်ကြပါလိမ့်မယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် ကိုယ့်လူတွေအကြောင်း သိဖို့လိုပါတယ်။ သိအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့လိုပါတယ်။ ဒီလိုသိနိုင်ဖို့အတွက် အောက်မှာဖေါ်ပြထားတဲ့မေးခွန်းတွေကို မေးကြည့်သင့်ပါတယ်။


(၁) ကိုယ့်လူတွေကျွမ်းကျင်မှုအရှိဆုံးအရာတွေက ဘာတွေလဲ။ သူတို့ဘယ်လိုအရာတွေမှာ ကျွမ်းကျင်ကြလဲ?

ဒီမေးခွန်းကတော့ ကိုယ့်လူတွေရဲ့ အားသာချက် ဖြစ်နိုင်စွမ်း လုပ်နိုင်စွမ်းတွေကို ဖေါ်ထုတ်ပေးမယ့် မေးခွန်းမျိုးပါပဲ။ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကိုသုံးပြီး ဒီမေးခွန်းတွေကို မေးတတ်ကြရပါမယ်။ ကိုယ့်လူတွေကို ဒီလိုမေးခွန်းတွေကိုမေးခြင်းအားဖြင့် ကိုယ်လဲကိုယ့်လူတွေအကြောင်း ပိုပြီးသိလာနိုင်သလို ကိုယ့်လူတွေကိုယ်တိုင်လဲ သူတို့အကြောင်းသူတို့ ပိုပြီးသိလာ သတိထားမိလာပါလိမ့်မယ်။ ပြီးတော့ ကိုယ်ဟာ သူတို့ရဲ့ထူးချွန်မှု ကျွမ်းကျင်မှုအရည်အချင်းတွေကို အလေးထား လေးစားကြောင်းပြရာလည်း ရောက်ပါတယ်။


အထက်လူကြီးတစ်ယောက်ရယ်လို့ဖြစ်လာရင် လူမှန်နေရာမှန်ဖြစ်ရေး ဝန်နဲ့အားမျှတရေး သူတို့ရဲ့တက်လမ်းတွေကို ဖန်တီးပေးရေး စတဲ့ တာဝန်တွေက အလိုလိုပါလာကြပါတယ်။ လူတိုင်းလူတိုင်းမှာ မတူညီတဲ့ ထူးချွန်မှုတွေ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ အရည်အချင်းတွေ ရှိနေကြပါတယ်။ ဒီအချက်တွေကို အထက်လူကြီးတစ်ယောက်အနေနဲ့ ကောင်းကောင်းသိထားဖို့ လိုအပ်ပါတယ်။ ဒါတွေကို ကိုယ့်အနေနဲ့ ကောင်းကောင်းသိထားတဲ့အခါ သတိထားမိတဲ့အခါ ကိုယ်ကောင်းကောင်းသိနေတဲ့အခါ လူမှန်နေရာမှန် ဖြစ်ဖို့ ဝန်နဲ့အားမျှဖို့အတွက် သူတို့ရဲ့တက်လမ်းတွေကိုစဉ်းစားရာမှာ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ပြီးတော့ ဒီမေးခွန်းကိုမေးရခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ့်လူတွေရဲ့ အားသာချက် ထူးချွန်မှု ကျွမ်းကျင်မှုတွေကို သိလိုတာမှန်ပေမယ့် တဆက်တည်းမှာပဲ သူတို့ရဲ့အားနည်းချက် လိုအပ်ချက်လေးတွေကို သိလိုက်နိုင်တာပါပဲ။ သူတို့ကိုယ်တိုင်လည်း ကိုယ့်အားသာချက် အားနည်းချက် ကိုယ့်အနေအထားကို သိသွား နားလည်သွားတဲ့အခါ သူတို့ရဲ့လုပ်ရပ်တွေဟာလည်း သူတို့ရဲ့တိုးတက် ပြောင်းလဲမှုအတွက် အနှေးနဲ့အမြန်ဆိုသလို ပြောင်းလဲလာကြပါလိမ့်မယ်။


(၂) အလုပ်မှာ သူတို့ကိုပျော်ရွှင်စေတဲ့အရာတွေက ဘာတွေလဲ?

အလုပ်တိုင်း အလုပ်တိုင်းကတော့ လူတိုင်းအတွက်အချိန်တိုင်း အမြဲတမ်း ပျော်စရာကောင်းနေမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းခွင်တစ်ခုဆိုတာ အမြဲတမ်း အလုပ်မှအလုပ်ဖြစ်နေဖို့လဲ မလိုအပ်ပါဘူး။ အမှန်တကယ်တော့ အလုပ်ခွင်ဆိုတာ မိသားစုပြင်ပက မိသားစုလေးတစ်ခုပါပဲ။ ဒီတော့ ကိုယ်လဲအလုပ်ထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်နိုင်ဖို့လိုသလို ကိုယ့်လူတွေကိုလည်း ဒီလိုမျိုးလုပ်ငန်းခွင် အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ပေးနိုင်ဖို့ဆိုရင် သူတို့ကိုလေ့လာစောင့်ကြည့်နေဖို့လိုပါတယ်။ လိုအပ်လာရင် သူတို့ကို အလုပ်ထဲမှာ ဘယ်လိုအရာတွေက ပျော်ရွှင်မှုပေးတာလဲဆိုတဲ့မေးခွန်းမျိုးတွေ မေးပေးဖို့လိုပါတယ်။ ဒီလိုလေ့လာစောင့်ကြည့်မှုတွေ မေးခွန်းတွေရဲ့အဖြေက အလုပ်ထဲမှာသူတို့ကို ဘယ်လိုအရာတွေက ပျော်ရွှင်စေလဲဆိုတာကို ဖေါ်ထုတ်ပေးပါလိမ့်မယ်။


သူဌေးတစ်ယောက်ပဲဖြစ်ဖြစ် ဝန်ထမ်းတစ်ယောက်ပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းကတော့ မွေးတဲ့အချိန်ကနေစပြီး သေတဲ့အချိန်အထိ ပုံစံမျိုးစုံနဲ့ မလွဲမသွေ အလုပ်လုပ်နေကြရပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အလုပ်မှာ ရာနှုန်းပြည့် ပျော်ရွှင်လေ့မရှိကြပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဘယ်လိုအရာတွေက သူတို့ကို အလုပ်မှာပျော်ရွှင်စေတာလဲ သူတို့အလုပ်လုပ်နေရခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သူတို့ကိုယ်တိုင် သေသေချာချာမသိကြလို့ပါပဲ။


လောကကြီးမှာ တချို့အရာတွေက တမင်တကာလုပ်ယူလို့ရကောင်းရနိုင်ပေမယ့် တချို့အရာတွေကတော့ လုံးဝလုပ်ယူလို့မရပါဘူး။ ပျော်ရွှင်မှုဆိုတာ ရင်ထဲကလာတာပါ။ အဲဒီလို တမင်တကာ လုပ်ယူလို့မရတဲ့အထဲမှာ ပျော်ရွှင်မှုဆိုတာလဲ တစ်ခုအပါအဝင်ပါ။ ဒီပျော်ရွှင်မှုဆိုတာကို လုပ်ယူလို့ရစေအုံးတော့ အဲဒီပျော်ရွှင်မှုဟာ ကြာရှည်ခံလေ့ မရှိပါဘူး။ ကိုယ်အနေနဲ့လဲ ဒီအကြောင်းတွေကို သိထားနားလည်ထားတဲ့အခါ ကိုယ့်လူတွေကိုပျော်ရွှင်အောင် လုပ်မပေးနိုင်ရင်တောင်မှ စိတ်ဆင်းရဲမှုမဖြစ်အောင်တော့ ဆင်ခြင်လို့ ရနိုင်ပါတယ်။

 

Recommended for you - မြန်မာစာဘာသာရပ် အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများလျှောက်ထားနိုင်တဲ့ ပညာသင်ဆု


(၃) သူတို့ကိုယ်သူတို့ အောင်မြင်တယ်လို့ယူဆတဲ့ အခြေအနေက ဘယ်လိုအခြေအနေမျိုးလဲ?

လူတစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုကြပုံခြင်းတော့ တူညီကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်လူတွေကို ဘယ်လိုအရာတွေက အောင်မြင်စေတာလဲ သူတို့အောင်မြင်မှုလို့ ယူဆထားတဲ့အရာတွက ဘာတွေလဲဆိုတာကိုတော့ ကိုယ့်အနေနဲ့ သိနေသင့်ပါတယ်။ ဒီလိုသိနိုင်ဖို့ဆို မေးခွန်းတွေမေးလို့ရတယ်။ လေ့လာစောင့်ကြည့်သွားလို့ ရပါတယ်။ ဒီလိုမေးခွန်းတွေမေးခြင်းအားဖြင့် သူတို့ရဲ့ဘယ်လိုပြီးမြောက်မှု စွမ်းဆောင်မှုတွေက သူတို့ကိုအောင်မြင်သူလို့ မြင်စေတာလဲဆိုတာကို သိလာစေနိုင်ပါတယ်။ ဒီလိုမေးခွန်းတွေကိုမေးခြင်းအားဖြင့် ကိုယ့်ရဲ့ဘယ်အလုပ်တာဝန်တွေက ကိုယ့်အဖွဲ့အစည်း ကိုယ့်လုပ်ငန်းကို ဘယ်လိုအထောက်အပံ့ဖြစ်စေတယ် ဘယ်လိုအောင်မြင်မှုရစေတယ်ဆိုတာကို ပိုပြီးသိလာကြပါလိမ့်မယ်။ ပြီးတော့ လစာရဖို့ အလုပ်တည်မြဲဖို့အလုပ်လုပ်နေတယ်ဆိုတာထက် ကိုယ်လုပ်နေတဲ့အလုပ်ဟာ အဖွဲ့အစည်းကို ဘယ်လောက်တန်ဖိုးရှိတယ် ဘယ်လောက်အထောက်အပံ့ဖြစ်စေတယ် အကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာကို ပိုပြီးသိလာပါလိမ့်မယ်။ နောက်တစ်ခုက သူ့ရဲ့အလုပ်နဲ့ ပြင်ပလူနေမှုဘဝကို သူဘယ်လိုချိန်ညှိသလဲဆိုတာကိုလဲ သိလိုက်နိုင်ပါတယ်။


(၄) သူတို့ရှေ့ဆက်နိုင်ဖို့အတွက် တွန်းအားဖြစ်စေတဲ့အရာတွေက ဘာတွေလဲ?

ဒီမေးခွန်းကိုမေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ယနေ့ကိုယ်လုပ်နေရတဲ့အရာတွေဟာ နောက်တစ်ချိန် ကိုယ့်ရဲ့အနာဂါတ်ကို ဘယ်လိုပြန်ပြီးဖန်တီးပေးမလဲဆိုတာကို သိရှိနိုင်ဖို့ပါပဲ။ လူတိုင်းဟာ ကိုယ့်ကိုရှေ့ရောက်ဖို့ ဘယ်လိုအရာတွေက တွန်းအားပေးသလဲဆိုတာကို သိနေကြရပါမယ်။ ကိုယ်လက်ရှိ လုပ်နေရတာနဲ့ အနာဂါတ်မှာကိုယ်ဖြစ်ချင်တာကို ချိတ်ဆက်ပေးမယ့်အရာက ဒီတွန်းအားတွေပါပဲ။


ကိုယ့်လူတွေဟာ အသစ်အဆန်းတွေ လေ့လာသင်ယူနေရရင် ပျော်တာလား တာဝန်အသစ်တွေယူရရင် ပျော်တာလား စသည်ဖြင့်လူတစ်ယောက်နဲ့တစ်ယောက် အမျိုးမျိုးရှိနေနိုင်ပါတယ်။ သေချာတာတစ်ခုက ဒါကိုကိုယ်သိထားရင် ကိုယ်တွေဘယ်ရောက်နေလဲ ဘယ်ကိုသွားနေတာလဲ ကိုယ်လူတွေရဲ့အခြေအနေက ဘယ်လိုရှိလဲဆိုတာကိုပါ သိနိုင်ပါတယ်။ ပြီးတော့ ဒီမေးခွန်ဟာ ကိုယ့်လူတွေရဲ့တက်လမ်းကို ကိုယ်စိတ်ဝင်စားကြောင်းပြတဲ့ မေးခွန်းတစ်ခုလဲဖြစ်ပါတယ်။

 

Recommended for you - ကလေးများကို စာဖတ်တဲ့အကျင့် ပျိုးထောင်ပေးခြင်း

 

Recommended for you - ဒုတိယတန်းမှ ဒသမတန်းအထိ ပထမနှစ်ဝက်စာမေးပွဲများကို အောက်တိုဘာလအတွင်း စစ်ဆေးသွား မည်

 

Credit; Entrepreneur

Read times Last modified on Tuesday, 21 January 2020 15:31
Rate this articles
(1 Vote)