“ယုံကြည်မှု ” ပြောတော့သာဘာမှမဟုတ်သလို လူတွေဆီက ယုံကြည်မှုရရှိဖို့က တော်တော်လေးတော့ ခက်တယ်။ မိသားစုဝင်ချင်းမှာဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေကြားမှာဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ချင်းဖြစ်ဖြစ် ယုံကြည်မှုရဖို့က အချိန်တွေ၊ လုပ်ရပ်တွေနဲ့ ရင်းနှီးပြီး တည်ဆောက်ထားရတာပါ။ ယုံကြည်မှုက ရရှိဖို့ခက်ခဲသလို တန်ဖိုးဖြတ်လို့မရတဲ့ ဂုဏ်ပုဒ်တစ်ခုပေါ့။
လူအများထံကနေ ယုံကြည်မှုကို ရထားတယ်ဆိုတာကလည်း ကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ ယုံကြည်မှုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုရင် စာဖတ်သူအနေနဲ့ လက်ခံမလား။
လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဖြစ်ဖြစ်၊ ဆက်ဆံရေးတစ်ခုမှာဖြစ်ဖြစ် ယုံကြည်မှုရှိနေမှသာ အောင်မြင်မှာပါ။ ကိုယ်တိုင်က လူတွေယုံကြည်မှုကို ရချင်တယ်ဆိုရင် အရင်ဆုံးလိုအပ်မယ့် အရည်အချင်းတွေ ပြည့်ဝအောင်လုပ်ဆောင်ဖို့ လိုပါမယ်။ ယုံကြည်မှု ရှိလာစေဖို့ အလေ့အကျင့်ကောင်းလေးတွေကို မွေးမြူလို့ရပါတယ်။
FBI အေးဂျင့်တွေဟာ သူတို့ရဲ့အချိန်အများစုကို လူတွေနဲ့ ဘယ်လိုယုံကြည်မှု တည်ဆောက်ရမလဲဆိုတဲ့အချက်ကို သင်ယူလေ့လာရင်း ကုန်ဆုံးကြပါတယ်။ လူတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်လေလေ သူတို့အနေနဲ့ အမှုတွေကို စစ်ဆေးမေးမြန်းရာမှာ အဆင်ပြေလေလေပါ။ ဒီလိုမျိုး ယုံကြည်မှုရဖို့ ဘယ်လိုတည်ဆောက်ရတာလဲလို့ သိချင်နေလား။ ယုံကြည်မှု တည်ဆောက်တယ်ဆိုတဲ့နေရာမှာ သူတို့နဲ့ စကားပြောဆိုရင်းက သူတို့ရဲ့အချက်အလက်တွေကို စုဆောင်းပြီး ကိုယ်ကလည်း ယုံကြည်လောက်တယ်ဆိုတဲ့ အကြောင်းကို အပြန်အလှန်ပြောဆိုမှုကနေတစ်ဆင့် သက်သေပြဖို့လိုပါမယ်။
ဘယ်ကိစ္စကိုပဲလုပ်လုပ် ယုံကြည်မှုက အရေးအကြီးဆုံးအရာပါ။ ဆက်ဆံရေးတိုင်းဟာ ယုံကြည်မှုပေါ်ကနေပဲ စ အခြေပြုလာတာပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ဖြစ်ဖြစ်၊ အသေးစားစီးပွားရေး လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်၊ လုပ်ငန်းတွေကို ဦးဆောင်နေရသူတွေပဲဖြစ်ဖြစ်၊ သူတို့ရဲ့လုပ်ငန်းတွင်းက သူတွေနဲ့ဖြစ်ဖြစ်၊ လုပ်ငန်းအပြင်ဘက်က လူတွေနဲ့ဖြစ်ဖြစ် အလုပ်အတူတူ လက်တွဲလုပ်နိုင်ဖို့ဆိုရင် အပြန်အလှန်ယုံကြည်မှုရှိနေဖို့က တော်တော်လေးအရေးကြီးပါတယ်။
ယုံကြည်မှုက အပြန်အလှန်ရှိပါတယ်။ အပြန်အလှန်ယုံကြည်မှုရှိမှလည်း အဓိပ္ဗာယ်ရှိတဲ့ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ။ ယနေ့ခေတ်မှာ မဖြစ်မနေတတ်ထားသင့်တဲ့ အတတ်ပညာထဲမှာ တစ်ဦးနဲ့တစ်ဦး ဘယ်လိုမျိုးယုံကြည်မှု တည်ဆောက်ရမလဲဆိုတာ ကလည်း တစ်ခုအပါအဝင်ပါ။
၁။ အပြောမဟုတ် အလုပ်နဲ့သက်သေပြပါ
အခြားသူတွေဆီက ယုံကြည်မှုရဖို့ဆိုရင် အပြောချည်းသက်သက်မဟုတ်ဘဲ တိကျသေချာစွာ လုပ်ကိုင်ပါ။ ပေးအပ်ထားတဲ့ တာဝန်ကို ဖြစ်ဖြစ်၊ လုပ်ဆောင်မယ်လို့ ပြောထားတဲ့အရာကို ဖြစ်ဖြစ် ပြောထားတဲ့အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်ပါ။ ပေးထားတဲ့ကတိအတိုင်း တည်အောင်လုပ်ဆောင်တာက ဂုဏ်သိက္ခာတက်စေတဲ့ အပြုအမူတစ်ရပ်ပါ။
တကယ်လို့ ပြောထားတဲ့အလုပ်ကို အဆင်မပြေတာတစ်ခုခုကြောင့် မလုပ်ဖြစ်လောက်ဘူးဆိုရင်လည်း အလုပ်ပြီးရမယ့်ရက် မတိုင်ခင်မှာ ကြိုတင်အသိပေးပြီး ပြန်လည်ညှိနှိုင်းမှုလုပ်ပါ။ ပြီးရင် ပြောထားတဲ့အတိုင်း တည်အောင်လုပ်ဆောင်ဖို့ မမေ့ပါနဲ့။အပြောနဲ့အလုပ်ညီအောင်လုပ်တဲ့သူတွေကို လူတိုင်းက ယုံကြည်ကြပါတယ်။ ကိုယ့်စကားကိုယ်တန်ဖိုးထားပြီး လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ အပြောအလုပ်ညီအောင် လုပ်ဆောင်ပါ။ ပေးထားတဲ့ကတိကို တည်ပါစေ။
၂။ ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ဆောင်ပါ
ဒီအချက်က မေ့ထားလို့မဖြစ်တဲ့ အရေးကြီးတဲ့ အချက်ပါ။ တစ်ဦးတစ်ယောက်နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါ တိကျရှင်းလင်းတဲ့ အဖြေမထွက်မချင်း သေချာဆွေးနွေးပါ။ ငွေကြေးလိုမျိုး အတိမ်းအစောင်းခံလို့မရတဲ့ ကိစ္စမျိုးပါလာရင် အစကတည်းက ရှင်းရှင်း လင်းလင်းဖြစ်အောင် ဆွေးနွေးပါ။
အပြန်အလှန်အပေးအယူရှိမှလည်း ယုံကြည်မှုက ဖြစ်လာမှာပါ။ ခက်ခဲတဲ့ အသေးစိတ်အချက်အလက်တွေကို သေချာမဆွေးနွေးဘဲနဲ့တော့ အခြားသူတွေရဲ့ နားလည်မှုကို မရနိုင်ပါဘူး။ သင့်အနေနဲ့ ခက်ခဲတဲ့ ပြောဆိုဆွေးနွေးမှုတွေကို ကောင်းကောင်းဖြေရှင်း နိုင်ပြီး အရေးကြီးတဲ့ ဆွေးနွေးဖွယ်ရာတွေကို တိကျသေချာစွာ ဆွေးနွေးနိုင်မှသာ လူအများထံကနေ ယုံကြည်မှုရအောင် တည်ဆောက်နိုင်မှာပါ။ လူတွေနဲ့ အဆက်အသွယ်မပြတ်အောင် အမြဲနေပါ။ ခင်မင်သူတိုင်းနဲ့ စကားစမြည် ပြောဆိုမှုတွေ အမြဲရှိနေပါစေ။
၃။ စိတ်ရှည်တတ်အောင် လေ့ကျင့်ပါ
မြောက်ကယ်ရိုလိုင်းနား FBI ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ကျွန်တော် deadlines အမှီ လုပ်ငန်းကို ပြီးစီးအောင်လုပ်ဆောင်ဖို့အတွက် ဖိအားပေးခံခဲ့ရဖူးပါတယ်။ နောက်ဆုံးဖြစ်လာတဲ့ ရလဒ်က ဖိအားဒဏ်တွေကို မခံနိုင်ဘဲ စိတ်တိုလာပြီး အနားကလူတွေကို ဒေါသတကြီး တုံ့ပြန်မိတာပါ။ ဒီအခြေအနေက ကိုယ့်အချိန်မှ အရေးကြီးသလို ပြောမိပြီး အခြားသူတွေဆီကနေ ယုံကြည်မှုရဖို့ ခက်ခဲသွားတာပါ။ လူတိုင်း အခက်အခဲနဲ့ မကင်းပါဘူး။ အခက်အခဲကြုံရတဲ့အခါ အခက်အခဲကနေ အခွင့်အလမ်းတွေ ရနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒီအခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့ ဖြေရှင်းမှုကနေတစ်ဆင့်လည်း အများရဲ့ ယုံကြည်မှုကို ရရှိနိုင်ပါတယ်။
Recommended for you - တက္ကသိုလ်ဝင်တန်းအဖြေလွှာ ပြန်လည်စစ်ဆေးရန် တောင်းဆိုခဲ့မှု ယခင်နှစ်ထက်ပိုမို များပြားလာ
၎။ ရည်ရွယ်ချက်ထားပြီး လုပ်ဆောင်တတ်ပါစေ
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ကုမ္ဗဏီအနေနဲ့ သူတို့ရဲ့ customer တွေကို အကျိုးရှိစေဖို့ ဘယ်လိုဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို ပေးရမလဲဆိုတာကို သေသေချာချာ သိထားကြသူတွေပါ။ သုံးစွဲသူတွေအနေနဲ့ကလည်း သူတို့လိုချင်တဲ့အရာတွေကို ရရှိနေတာကြောင့် ကုမ္ဗဏီရဲ့ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေအပေါ်မှာ ငွေကြေးကို သုံးစွဲနေကြတာပါ။
အောင်မြင်မှုရရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေက သူတို့ဝန်ထမ်းတွေကို အလုပ်ခွင်မှာ ပျော်နေအောင်ဆိုပြီး စိတ်တိုင်းကျ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးထားတာ မရှိပါဘူး။ ဒီအချက်အစား အလုပ်လုပ်ဆောင်ရာမှာ ရည်မှန်းချက်ထားရှိတတ်တဲ့ အလေ့အကျင့်ကောင်းကို မွေးမြူပေးပြီး ယုံကြည်မှုတည်ဆောက်တဲ့ အလေ့အထကို ဖန်တီးပေးပါတယ်။ လုပ်ငန်းခွင်ကဝန်ထမ်းတွေကို အချင်းချင်းယုံကြည်မှုရစေဖို့ မွေးမြူပေးပါ။ လုပ်ငန်းခွင်ထဲမှာ ယုံကြည်မှုရစေဖို့ ပျိုးထောင်ပေးတာက လုပ်ငန်း အောင်မြင်စေမယ့် အချက်တစ်ခုပါ။
၅။ အခြားသူတွေကိုနားလည်အောင် ကြိုးစားပါ
လူတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခုက အခြားသူတွေရဲ့ အပြုအမူတွေကို နားလည်ထားဖို့ပါ။ လူတွေရဲ့ စိတ်နေသဘောထားက သူတို့ရဲ့ ပြောဆိုပုံအပြုအမူတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒီအာရုံသုံးခုက လူတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့အတွက် တော်တော်လေးအရေးပါတဲ့ အရာပါ။ မြင်နေ၊ ကြားနေ၊ ခံစားနေရတဲ့ အရာတွေက လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အဓိပ္ဗာယ်ပြည့်စုံတဲ့ ယုံကြည်မှုကို ပေးနိုင်ပါတယ်။ လူတစ်ယောက်နဲ့ ယုံကြည်မှုတည်ဆောက်တဲ့အခါ လူတိုင်းက ဒီအချက်သုံးခုထဲက တစ်ခုကိုတော့ လိုက်နာတတ်စမြဲပါ။
- ကြားရတာတွေကနေတစ်ဆင့် သတင်းစကားအများအပြားကို ရရှိတယ်။
- မြင်တွေ့ ရတာတွေကနေတစ်ဆင့် သင်ယူစရာတွေ အများကြီးကို လက်ခံရရှိတယ်။
- ခံစားရမှုတွေကနေတစ်ဆင့် ပြဿနာဖြစ်တဲ့အခါ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ပိုမိုသိရှိလာမယ်။
လူတွေနဲ့ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ စိတ်ရင်းအမှန်အတိုင်း ဆက်ဆံပါ။
၆။ စကားလုံးတွေကို သေချာဂရုစိုက်ပါ
လူတွေက သူတို့အရမ်းစိတ်ဝင်စားတဲ့အရာတွေကို ပြောပြတဲ့အခါ လေးလေးနက်နက်ထားပြီး ပြောတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘက်ကနေလည်း အလေးအနက်ထားပြီး နားထောင်ပေးဖို့ လိုပါမယ်။ သူတစ်ပါးပြောတာကို အလေးအနက်ထား နားထောင်ပေးတတ်တဲ့အကျင့်ကို မွေးမြူပေးပါ။
၇။ သင့်ဆီမှာ ပြဿနာတိုင်းအတွက် အဖြေမရှိဘူးဆိုတာကို ဝန်ခံတတ်ပါစေ
ကိုယ်မသိနားမလည်တဲ့အရာကို မသိဘူးလို့ဝန်ခံရဲဖို့က တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ပါဘူး။ သင့်အနေနဲ့ လူတစ်ယောက်နဲ့ ပြောဆိုဆက်ဆံတဲ့ အခါ၊ သူပြောနေတဲ့ အကြောင်းအရာကို မသိတဲ့အခါ၊ နားမလည်တဲ့အခါ မသိနားမလည်ဘူးလို့ ပြောလိုက်ပါ။ ဒီလိုပြောဆိုပေးတာက သင့်ကိုရိုးသားပွင့်လင်းသူအဖြစ် လူတွေကလက်ခံလာပြီး ယုံကြည်မှု ပိုတိုးလာစေမှာပါ။
သင့်မှာလည်း အားနည်းချက်ရှိတယ်ဆိုတာကို အများတွေသိအောင်ပြသပေးတာက လူတွေကိုစိတ်အားထက်သန်မှုရရှိစေပြီး ယုံကြည်မှုတည်ဆောက်ဖို့အတွက်လည်း အထောက်အကူ ရရှိစေပါတယ်။ လူတွေဆီက ယုံကြည်မှုရရှိစေဖို့ ရိုးသားပွင့်လင်းမှုရှိပါ။ လူတွေအပေါ် ကိုယ့်ဘက်က ယုံကြည်ပေးပါ။ ဒါမှအချင်းချင်း ယုံကြည်မှုတည်ဆောက်နိုင်ပြီး စစ်မှန်တဲ့ယုံကြည်မှုကို တည်ဆောက်လိုက်ပါ။
Recommended for you - အောင်မြင်တဲ့သူတွေဆိုတာ....?
Recommended for you - ရန်ကုန်တက္ကသိုလ်က ဖွင့်တဲ့ Global English သင်တန်း (3/2018) ထပ်ခေါ်နေပါပြီ
Credit; Kumudra