×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 31 August 2018

ဘဝမှာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ

ဘဝမှာ လူတိုင်းကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ google.com

ဘဝတစ်ခုရယ်လို့ဖြစ်လာရင် ကျွန်တော်တို့အားလုံးကြုံတွေ့ရတဲ့ ပြဿနာတွေက ယျေဘုယျအားဖြင့် အတူတူချည်းပါပဲ။ ပြဿနာတွေ အဆင်မပြေတာတွေက အမြဲရှိနေမှာဖြစ်သလို ဘယ်သူမှ ဒါတွေကို ရှောင်ချင်လို့ ကျော်လွှားချင်လို့မရပါဘူး။ နေ့တနေ့ရဲ့ မနက်လင်းတာနဲ့စလို့ ပြဿနာဆိုတာ စတော့တာပါပဲ။

လူတိုင်းရုံးကို ပြဿနာတွေကိုယ်စီနဲ့ ရောက်လာမယ်။ ကိုယ့်မျက်နှာကြီးလဲ ပေါက်တော့မယ့် အနုမြူဗုံးတစ်လုံးလိုပါပဲ။ ဒါပေမယ့် ဝမ်းသာစရာသတင်းတစ်ခုက ကျွန်တော်တို့ရင်ဆိုင်ရတဲ့ ပြဿနာအားလုံးက ဖြေရှင်းလို့ရနိုင်တယ့်နည်းလမ်းတွေ ရှိတယ်ဆိုတာပါပဲ။ ဒါပေမယ့် ပြဿနာတွေကို မဖြေရှင်းကြသေးခင် ဘယ်လိုအရာတွေက ပြဿနာတွေလဲ ဘယ်လိုပြဿနာတွေကို ကိုယ်ရင်ဆိုင်နေရလဲ ဒါတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို လက်လှမ်းမီသလောက် ပြန်လည်မျှဝေပေးထားပါတယ်။


(၁) ကိုယ်ဖြစ်ချင်တာတွေ ဘာမှဖြစ်မလာဘူး

ဒီပြဿနာက ဘယ်ကစလဲဆိုတော့ ဖြစ်ချင်တာတွေများရာက စတာပါပဲ။ လူတိုင်းလူတိုင်း ကိုယ်ဖြစ်ချင်တာတွေအားလုံး ဖြစ်ကိုဖြစ်လာရမယ်လို့ တထစ်ချမှတ်ယူထားလို့ မရပါဘူး။ တချို့အရာတွေက ကိုယ်ရေကုန်ရေခန်း ပြင်းပြင်းထန်ထန် အားသွန်ခွန်စိုက် ကြိုးစာပါမှ ရနိုင်တဲ့အရာတွေပါ။ တစ်ခု သတိထားကြည့်ပါ။ တခါတလေမှာ အောင်မြင်ရေးအကြောင်းတွေ အလုပ်အကိုင်အဆင်ပြေရေးအကြောင်းတွေ ပြောတဲ့သူတွေကိုယ်တိုင်ကိုက အဲဒီနေရာတွေမှာ မအောင်မမြင်ဖြစ်နေသေးတာ အဆင်မပြေနိုင်သေးတာတွေကို တွေ့ရမှာပါ။ ကိုယ်ဖြစ်ချင်တာကို ဖြစ်ရခြင်းရဲ့ လက်တွေ့အနှစ်သာရက ဒီအရာကိုမရခင် မရောက်ခင် ဘယ်လိုအရာတွေကို ဖြစ်သန်းခဲ့ရလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာတွေ ရချင်တာတွေက သိပ်ပြီးလွယ်ကူလွန်းနေရင် ကိုယ်လိုချင်တာကို ရသွားတဲ့အခါ နောက်ဆုံးမှာ အောင်မြင်မှုရဲ့ အနှစ်သာရကို ဘာမှခံစားရတော့မှာ မဟုတ်ပါဘူး။


အရင်ကမရဖူးတာ အရင်ကမလုပ်ဘူးတာတွေကို အရင်တုန်းကနဲ့ မတူတဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြည့်ပါ။ လုပ်ကြည့်ပါ။ တစ်ခုခုကို ရူးသွပ်တယ်ဆိုတာဟာ ကိုယ်ဖြစ်ချင်တာ ကိုယ်ရချင်တာကို ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာ လုပ်နိုင်တာကို ဆိုလိုတာပါ။ ဘဝမှာ ကိုယ်လေစားအားကျရတဲ့ ကိုယ့်ရဲ့စံပြသူရဲကောင်းတွေတောင် တခါတလေ သူတို့ရဲ့ ရည်မှန်းချက်တွေ ပျောက်နေတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဘာကြောင့်အောင်မြင်ကြတာလဲ။ အဖြေကရှင်းပါတယ်။ ဘယ်သောအခါမှ အရှုံးမပေးကြလို့ပါ။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာကို သတ်မှတ်ကြတဲ့အခါမှာ ပျော်စရာကောင်းတာတစ်ခုက ကိုယ်ကျရှုံးနိုင်တယ်ဆိုတာကို ကြိုသိနေလို့ပါပဲ။ ဖြစ်ချင်တာကို ဖြစ်အောင် အကောင်းဆုံးကြိုးစားပါ။ အကောင်းဆုံးရလာဒ်တွေအတွက် အလုပ်လုပ်ပါ။ အကောင်းဆုံးကို မျှော်လင့်ထားပါ။ လူတိုင်းလူတိုင်း အကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တာတွေ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ဒါကိုရင်ဆိုင်နိုင်ဖို့ကိုလဲ အဆင်သင့်ဖြစ်နေပါစေ။

 

(၂) ဘာလုပ်လုပ် အမြဲတမ်း အပြစ်ပဲရှာခံနေရတယ်

လောကကြီးမှာ ကိုယ်ဘာလုပ်လုပ် ကိုယ့်ကို ဝေဖန်အပြစ်တင်ချင်တဲ့သူတွေက ကိုယ့်ရဲ့အနီးနားမှာပဲ ရှိနေပါတယ်။ များများအောင်မြင်ချင်ရင်တော့ များများအဝေဖန်ခံနိုင်ရပါမယ်။ အဝေဖန်ခံနိုင်တယ်ဆိုတာက အောင်မြင်မှုကို တနည်းအားဖြင့် လှစ်ဟပြလိုက်တာပါပဲ။ ကိုယ့်ဘဝမှာ တွေ့သမျှလူတိုင်းကို နှစ်သက်သဘောကျဖို့မဖြစ်နိုင်သလို လူတိုင်းက ကိုယ့်ကို နှစ်သက်သဘောကျဖို့ဆိုတာလဲ လုံးဝမဖြစ်နိုင်ပါဘူး။ ဝေဖန်အပြစ်ရှာခံရတယ်ဆိုတာဟာ အမြဲတမ်း အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ ကိုယ့်ကို အပြစ်ရှာ ဝေဖန်လာမှုတွေကြားကပဲ ကိုယ်ကိုယ်တိုင်တောင် မသိသေးတဲ့ ကိုယ့်အကြောင်း လောကကြီးအကြောင်းတွေကို လေလာလို့ ရနိုင်ပါသေးတယ်။ ဒီလို အပြစ်တင် ဝေဖန်တိုက်ခိုက်လာမှုတွေကိုရင်ဆိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဒါတွေထဲက ကိုယ်ဘာများရမလဲ ဘာတွေလေ့လာလို့ရမလဲဆိုတာကို အကောင်းဆုံး အကောင်အထည်ဖေါ်နိုင်ရင်ရပါပြီ။ ဝေဖန်အပြစ်တင်ခံရတာကို မကြောက်ပါနဲ့။ ဒါဟာ လူတိုင်းနဲ့မကင်းနိုင်သလို လူတိုင်းလဲ ဒါကိုကျော်လွှားနိုင်ကြပါတယ်။


(၃) ငွေရေး ကြေးရေးလဲ သိပ်ပြီးအဆင်မပြေလှဘူး

လောကမှာ ငွေရေးကြေးရေးအဆင်မပြေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ သိန်းသောင်းချီချမ်းသာတဲ့လူမှာလဲ အဆင်မပြေတဲ့အချိန် ရှိနေနိုင်ပါတယ်။ ရူးတယ်ပဲပြောပြော ငွေဆိုတာ တစ်ခါတလေမှ လူတွေကို ကျဆုံးစေနိုင်ပါတယ်။ တချို့ကျပြန်တော့လဲ ငွေမရှိပေမယ့် ပျော်ရွှင်နေကြတယ်။ တချို့ကျပြန်တော့လဲ တသက်သုံးမကုန်တဲ့ ငွေတွေရှိနေကြပေမယ့် ဘဝမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေကြတယ်။ ငွေဆိုတာ ဘဝတစ်ခုလုံး မဟုတ်ပါဘူး။ ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေး တစ်ခုမျှသာပါပဲ။ လူတစ်ယောက်အနေနဲ့ဆိုရင်တော့ လူတွေက ရှင်သန်နေထိုင်ခြင်းရဲ့ အဓိပ္ပါယ်ကိုရှာကြတယ်။ ကိုယ်ဘယ်လိုပျော်ရွှင်နိုင်လဲဆိုတဲ့ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ရှာကြတယ်။ ဒါပေမယ့် ငွေက ဒီအရာတွေအားလုံးကို လုံလုံလောက်လောက် မပေးနိုင်ပါဘူး။ ပေးနိုင်တယ်ဆိုစေအုံးတော့ ခနတာပါပဲ။ ဒါပေမယ့် ငွေဟာ ဘဝမှာ အရေးမကြီးဘူးလို့ ဆိုလိုတာလည်း မဟုတ်ပြန်ပါဘူး။ တခါတလေမှာ ငွေမရှိတာဟာလည်း ဆုလာဘ်တစ်ခုပါပဲ။ ကိုယ့်မှာ ငွေမရှိတဲ့အခါ အဆင်မပြေဖြစ်နေတဲ့အခါ ဒီငွေကို ဘယ်လိုရအောင်ရှာမလဲဆိုတဲ့ အကြံအဉာဏ်တွေ ထွက်လာတတ်လို့ပါပဲ။ ဒီငွေမရှိတာတစ်ခုကြောင့်ပဲ ဘယ်ဟာကအရေးကြီးတယ် ဘယ်ဟာကအရေးမကြီးဘူး ဆိုတာကိုလည်း ခွဲခြားတတ်လာပါလိမ့်မယ်။ ဒီတော့ ငွေရေးကြေးရေးအဆင်မပြေတာဟာ အမြဲတမ်း အကောင်းချည်းလဲ မဟုတ်ပါဘူး။


(၄) ကျန်းမာရေးကလဲ သိပ်ပြီးချုချာလွန်းတယ်

ဒီနေ့ခေတ်ကြီးမှာ လူတိုင်းအတွက် ကျန်းမာရေးက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘာလို့ကျွန်တော်တို့ ဖျားနာကြတာလဲ မကျန်းမမာဖြစ်နေကြတာလဲ။ လူတစ်ယောက်ဟာ ဘဝတစ်ကွေ့မှာ တချိန်မဟုတ်တချိန်တော့ ဒီပြဿနာတွေကို ရင်ဆိုင်ကြူံတွေ့ကြရတာပါပဲ။ ဒီလိုအရာတွေအတွက် အစစ်အမှန်အားကိုးရာကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ နေမကောင်းဖြစ်တာ မကျန်းမမာဖြစ်တာကို ခံစားနေမယ့်အစား ဒါကိုသက်သာနိုင်မယ့်အလုပ်တစ်ခုခုကို လုပ်ပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဆေးပုံမှန်စစ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲပါ။ ရေများများသောက်ပါ။ ကိုယ့်ရဲ့အလုပ်ခုံမှာပဲ တနေ့လုံးထိုင်မနေပါနဲ့။ ကိုယ်ဘာပဲလုပ်လုပ် ဒါတွေရဲ့ကောင်းကျိုးဆိုးကျိုးကို ခံစားရမယ့်သူက ကိုယ်ကိုယ်တိုင်ပဲဆိုတာကို လုံးဝမမေ့သင့်ပါဘူး။ ကျန်းမာတာလဲ ကိုယ့်ကြောင့်ပါပဲ။ မကျန်းမမာဖြစ်တာကလည်း ကိုယ့်ကြောင့်ပါပဲ။ ဒီတော့ ကျန်းကျန်းမာမာရှိနေဖို့ကိုပဲ ရွေးချယ်ကြရအောင်ပါ။

 

Recommended for you - အောက်ခြေ၀န်ထမ်းများ မူလတန်းပြတိုးလိုပါက PPTT အောင်ရမည်


(၅) ရှင်သန်နေရတဲ့ဘဝကြီးက အဓိပ္ပါယ်မရှိတော့ဘူးလို့ ခံစားနေရတယ်

လူတိုင်းလူတိုင်း ဘဝရဲ့ အဓိပ္ပါယ်ကဘာလဲဆိုတာသိပြီး မွေးဖွားလာကြတာမဟုတ်ပါဘူး။ ဘဝတစ်ခုရဲ့အဓိပ္ပါယ်က ငါဟာဘယ်လိုလူစားမျိုးလဲ ဘယ်လိုကြီးပြင်းလာသလဲဆိုတာကို ဘဝတလျှောက်လုံး လေ့လာရင်းလေ့လာရင်းနဲ့ပဲ သိရှိလာကြတာပါ။ ကိုငယ်စဉ်အခါမှာ ဘဝတစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့ အသက်ကြီးလာတဲ့အခါ အဓိပ္ပါယ်ဖွင့်ဆိုပုံနဲ့က တူတော့မှာ မဟုတ်ပါဘူး။ ဘဝတစ်ခုကို လွယ်လွယ်နဲ့ ပျက်စီးခံချင်ရင် လွယ်ပါတယ်။ ရှင်သန်နေရတဲ့ ဘဝကြီးက အဓိပ္ပါယ်မရှိဘူးလို့သာ တွေးလိုက်။ အဓိပ္ပါယ်မရှိဘူးလို့ လက်ခံလိုက်တာနဲ့ဘဝက ပျက်ပြီ။ ဒီနောက် စိတ်ဓာတ်ကျတာက စလာပါပြီ။ ကိုယ့်ကို ကူသူမဲ့တယ်ဆိုပြီး စထင်လာပြီ။ မကောင်းတာတွေ စလုပ်တဲ့အထိ ဖြစ်လာပြီ။ အမှန်တော့ တကယ်လို့ ကိုယ့်ဘဝကြီးက အဓိပ္ပါယ်မရှိဘူးလို့ခံစားရရင် ဒါကို ဟုတ်မှန်ကြောင်း သက်သေပြနိုင်ဖို့ လိုပါတယ်။ တခါတလေ ကိုယ့်ကိုယ်ကိုပဲ သတိထားလွန်းနေတဲ့အခါ ဒီလိုအတွေးတွေကို ပိုပြီးတွေးမိစေပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘဝတစ်ခုရဲ့ အဓိပ္ပါယ်ဆိုတာ ကိုယ်ဘယ်လိုနေရာတွေမှာ ဘယ်လိုအလုပ်တွေမှာ ပျော်ရွှင်လေ့ရှိလဲဆိုတာကိုရှာဖွေပြီး ဒါတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခြင်းပါပဲ။ ဒါဆိုရင် ရှင်သန်နေရတဲ့ ဘဝကြီးက ပိုပိုပြီး အဓိပ္ပါယ်ရှိလာမှာပါ။


(၆) ဘာကိုမှဆက်မလုပ်နိုင်တော့ဘူးလို ခံစားနေရတယ်

လူတိုင်းလူတိုင်းမှာ ငါဆက်မလုပ်နိုင်တော့ဘူး ရှေ့မဆက်နိုင်တော့ဘူးလို့ ခံစားရတဲ့နေ့ရက်တွေ မလွဲမသွေ ရှိကြပါတယ်။ အချို့ကျဆုံးမှုတွေက ဘဝမှာ တခြားသူတွေထက် ကိုယ့်ကိုယ်ကိုပိုပြီး နာကျင်စေနိုင်ပါတယ်။ တချို့ကျဆုံးမှုတွေကလည်း ဘဝမှာ ပြန်ပြီး ပြင်လိုမရနိုင်တဲ့ ကျဆုံးမှု ဆုံးရှုံးမှုမျိုးတွေလဲ ကြုံရနိုင်ပါတယ်။ ဒီလိုအဖြေအနေမျိုးတွေ ကြုံလာတဲ့အခါ ဆေးမြှီးတိုတွေထက် အမှန်တကယ်အလုပ်ဖြစ်နိုင်တဲ့ ကိုယ့်ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်တဲ့ အဖြေကိုသာရှာပါ။ ဒါပေမယ့် ကံကောင်းတာတစ်ခုက တခါတလေမှာ ကိုယ်ဒီလိုတွေးမိသွားတဲ့အတွက်ကြောင့်ပဲ ကိုယ်အမှန်တကယ်လိုအပ်နေတဲ့ အကူအညီတွေကို ကူညီနိုင်မယ့်သူကို စိတ်ရှင်းရှင်းနဲ့ရှာနိုင်လာတာပါပဲ။ ဘာမှမလုပ်ပဲ ဘယ်သူ့အကူအညီမှမယူပဲနဲ့တော့ ဘယ်အရာကိုမှ လွယ်လွယ်ကူကူနဲ့ လက်လျော့အရှုံးမပေးလိုက်ပါနဲ့။ လူတိုင်း စိတ်ဓာတ်ကျဖူးကြတယ်။ လူတိုင်း စိတ်ညစ်ဖူးကြတယ်။ ဒါပေမယ့် လူတိုင်းမကျဆုံးကြပါဘူး။ ဒီလိုလူတွေထဲ ကိုယ်ပါနိုင်အောင်ပဲ ကြိုးစားကြည့်ပါ။


(၇) တနေ့နဲ့တနေ့ ထူးမခြားတဲ့နေ့ရက်တွေကိုပဲ ဖြတ်သန်းနေရတယ်လို့ ခံစားနေရတယ်

မနက်မိုးလင်းတယ်။ မနက်စာစားတယ်။ အလုပ်ကိုသွားတယ်။ နေ့လည်စာစားတယ်။ အလုပ်ကနေ အိမ်ကိုပြန်လာတယ်။ ညစာစားတယ်။ အိပ်ယာဝင်တယ်။ ဒါက လူတိုင်းလူတိုင်းရဲ့ နေစဉ်စက်ဝန်းပါပဲ။ ဘဝတစ်ခုဆိုတာ ကိုယ်က ဘာမှထူးထူးခြားခြားမလုပ်ရင်တော့ တနေ့နဲ့တနေ့ ဒါတွေပဲ သံသရာလည်နေသလို ဖြစ်နေမှာပါ။ လုပ်နေကျတွေကိုပဲလုပ်နေပြီး ရနေကျတွေပဲရနေလို့ဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ဆိုးဒေါသထွက် အပြစ်တင်နေလို့ မရပါဘူး။ ကိုယ်ဘာလုပ်နေတာလဲ ဒါတွေလုပ်နေခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ ဒါတွေအတွက် ကိုယ့်မှာ ဘာရည်ရွယ်ချက်မှမရှိရင်တော့ နေ့တနေ့ဆိုတာ ပြက္ခဒိန်တွေသာပြောင်းသွားတယ် ဘာမှထူးခြားလာတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ လူတိုင်းလူတိုင်း ကိုယ်နေ့စဉ် ထပ်တလဲလဲလုပ်နေကြရတဲ့ အလုပ်တွေထဲကနေ ပျော်ရွင်မှုကို ရှာနိုင်ရပါမယ်။ ရှာတတ်ရပါမယ်။ လုပ်နေကြအလုပ်တွေကို မတူတဲ့ပုံစံတွေနဲ့လုပ်ကြည့်တဲ့အခါ အရင်တုန်းကနဲ့မတူတဲ့ အသစ်အဆန်းတွေ ရလာဒ်တွေကို ရရှိနိုင်ပြီး ဒါတွေကို ကိုယ့်ရဲ့လုပ်နေကျအလုပ်တွေအဖြစ် ပြန်လည်ဖန်တီးပါ။ မနေ့ကနဲ့မတူတဲ့ ဒီနေ့လုပ်နေတဲ့ အလုပ်တွေဟာ မနက်ဖြန်မှာ ဒီနေ့နဲ့မတူတဲ့ အခြေအနေတွေကို ဖန်တီးပေးမှာ မလွဲပါဘူး။


(၈) ကိုယ်တိုးတက်သွားမှာကြောက်နေကြတဲ့ သူငယ်ချင်းတွေနဲ့ပဲ ကြူံနေရတယ်

ကိုယ့်မှာ ဒီလိုသူငယ်ချင်းမျိုးတွေရှိရင်တော့ သူတို့ကို သူငယ်ချင်းအဖြစ်က စွန့်လွှတ်လိုက်တာက ကိုယ့်အတွက် ပိုကောင်းစေမှာပါ။ သူတို့ကို ကိုယ့်ဘဝထဲက အပြီးထုတ်နိုင်အောင် ကြိုးစားပါ။ လူတိုင်းလူတိုင်း ဘဝတစ်လျှောက်လုံးမှာ ကိုယ်ဘယ်လိုလူမျိုးတွေကို ရွေးချယ်ပေါင်းသင်းမလဲဆိုတာအတွက် ရွေးချယ်ပိုင်ခွင့် အပြည့်အဝရှိကြပါတယ်။ တခါတလေ ကိုယ့်ဘေးနားမှာရှိတဲ့လူတွေက ကိုယ်ရဲ့တက်လမ်းတွေကို မနာလိုမရှု့စိမ့်တဲ့လူတွေ ကိုယ့်ကိုနောက်ပြန်ဆွဲမယ့်သူတွေ အောက်ကိုဆွဲချမယ့်သူတွေ ဖြစ်နေတတ်ပါတယ်။ ကိုယ့်အတွက် ဘာမှလည်းအကျိုးမရှိ ကိုယ်ဘာပဲလုပ်လုပ် အောင်မြင်မှာမဟုတ်ပါဘူးကွာဆိုတဲ့လူမျိုးတွေပါ။ ကိုယ့်ရဲ့မိတ်ဆွေ သူငယ်ချင်းတွေက ကိုယ့်ရဲအိမ်မက်တွေ ဖြစ်ချင်စိတ်တွေကို အသေသတ်ပစ်တတ်တဲ့ မိတ်ဆွေမျိုးတွေလား ဒါမှမဟုတ် ကိုယ်လုပ်နိုင်မယ်လို့ တခါမှမတွေးဖူးတဲ့ အရာတွေကို ကိုယ်လုပ်နိုင်တယ်လို့ ယုံကြည်လာအောင် အားပေးအားမြှောက်ပြုနိုင်သူတွေလား ဆိုတာကို သိနေဖို့လိုပါတယ်။ တခါတလေမှာ အမှန်တကယ်ပဲ သူတို့က ငါ့ဘဝရဲ့ မရှိမဖြစ်တွေလားဆိုတာကို ကိုယ့်ကိုယ်ကို အားမနာတမ်းမေးပါ။ ပြတ်ပြတ်သားသား ရှိပါစေ။ စွန့်လွှတ်သင့်တာတွေကို စွန့်လွှတ်လိုက်ပါ။ လမ်းခွဲသင့်သူတွေနဲ့ လမ်းခွဲလိုက်ပါ။ ရွေးချယ်ပိုင်ခွင့်ရှိတဲ့အရာတွေအတွက် ဒီလိုစိတ်ညစ်နေရတာတွေက မတန်ပါဘူး။


(၉) အမြဲတမ်း စိတ်ဖိစီးမှုကို ခံစားနေရတယ်

အနည်းဆုံးတော့ လူ ၁၀၀ မှာ ၇၇ ယောက်လောက်က စိတ်ဖိစီးမှုကို ခံစားရလေ့ရှိကြပါတယ်။ ဒီလို စိတ်ညစ်စရာတွေ စိတ်ဖိစီးမှုတွေက ကိုယ့်ကို အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ကိုယ့်ကို ပိုပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒီလိုစိတ်ညစ်စရာ စိတ်ဖိစီးစရာတွေကြောင့်ပဲ ကိုယ့်ဘဝထဲကို အဝင်မခံသင့်တဲ့အရာတွေကို လက်ခံပြီးသား ဖြစ်သွားတတ်ပါတယ်။ ဒီလိုအရာတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အိမ်နဲ့ရုံးကို ကွဲပြားနေအောင်လုပ်ပါ။ တကယ်လို့ လိုအပ်လာတဲ့အခါ ငြင်းဆိုဖို့ အားမနာပါနဲ့။ ကိုယ့်အနားမှာ ကိုယ်အမှန်တကယ် ယုံကြည်ချစ်ခင်ရသူတွေပဲ ရှိနေပါစေ။ ပုံမှန်အနားယူပါ။ စာဖတ်ပါ။ ဒီအရာတွေက ကိုယ့်ကို စိတ်ဖိစီးမှုတွေကနေ အထိုက်အလျောက် ကင်းဝေးစေမှာဖြစ်ပါတယ်။

 

Recommended for you - ပန်းကန်ဆေးဘဝမှ ဘီလျံနာကြီးဖြစ်လာသူ

 

Recommended for you - ပညာသင်ဆုနဲ့ ဂျပန်မှာ ကျောင်းတက်ကြစို့

 

Credit; မြတ်သု

Read times Last modified on Friday, 17 January 2020 13:55
Rate this articles
(1 Vote)