တစ်ခါတစ်လေ စကားတစ်ခွန်းကြောင့် ကလေးဘဝတစ်ခုလုံးကို ထိခိုက်သွားတာမျိုး ရှိတတ်ပါတယ်။ အောက်ပါ စကားများကို သင်ပြောမိတာမျိုး ရှိတတ်ပါသလား ဆန်းစစ်နိုင်အောင်တင်ပေးလိုက်ပါတယ်။
၁။ အလကားကောင် အသုံးမကျတဲ့ကောင်
မိဘများ အထူးဆင်ခြင်သင့်ပါတယ်။ ကလေးဆိုတာမျိုးက မိဘရည်ညွန်းသလို ဖြစ်တတ်သွားပါတယ်။ အော..ငါ့အဖေက ငါ့ကို အလကားကောင်လို့ပြောနေပါလား ငါတကယ်ပဲ အသုံးမကျတဲ့ကောင်ဖြစ်နေတာပဲ စသည်ဖြင့် ကလေးကို အသိဝင်သွားစေ တတ်ပါတယ်။
၂။ မင်းပါးစပ် ပိတ်ထားစမ်း
မင်းပါးစပ် ပိတ်ထားစမ်း၊ မင်း ဘာလို့ မိဘစကားကို နားမထောင်တာလဲ စကားနားထောင်ခြင်းဆိုတာ နာခံခြင်းကို ကိုယ်စားပြုနေတတ်ပါတယ်။ တကယ်လို့ ကလေးက မိဘပြောတိုင်း ဒါအမှန်ပဲ၊ ငါ့အဖေ အမေတောင် ဒီလိုပြောတာ အကုန်လုံး မှန်တယ်လို့ အထင်ရောက်သွားစေခဲ့ရင် ကလေးစဉ်းစားဥာဏ် ထိုင်းသွားစေနိုင်ပါတယ်။
ကလေးကို ငြင်းဆိုခွင့် သူ့အမြင် သူ့တင်ပြပိုင်ခွင့် ပေးထားသင့်ပါတယ်။ ဖေဖေ ပြောတာ သားကောင်းဖို့အတွက်ဆိုပေမဲ့လို့ အားလုံးမှန်ချင်မှ မှန်မှာ၊ သားပြန်စဉ်းစားကြည့်၊ မှန်တယ်ဆိုရင် လက်ခံလိုက်၊ ဖေဖေပြောတဲ့အတိုင်း လုပ်လိုက်၊ အဲလိုပြောရင် ကလေးက ပိုလက်ခံတတ်ပြီး စဉ်းစားခိုင်းရာလည်းကျပါတယ်။
၃။ ငါ မရဘူးဆိုရင် မရဘူးပဲ
မိဘ သြဇာပြတာပါ။ မှားမှား မှန်မှန် ဒီအိမ်မှာ ဒါပြီးမှ ပြီးတယ်ဆိုတဲ့သဘော ဆောင်ပါတယ်။ တစ်ချက်လွတ်အမိန့် သုံးတတ်တဲ့ မိဘမျိုး ပြောလေ့ရှိပါတယ်။ တစ်အိမ်သားလုံး ကိုယ့်ကို ကြောက်နေတာမျိုးကို ဂုဏ်ယူတတ်တဲ့ လူစားမျိုး ဖြစ်နေတတ်ပါတယ်။ ကြောက်ခြင်းဟာ ယုံကြည်လေးစားခြင်းကို ကိုယ်စားလုံးဝမပြုတာကို သတိပြုသင့်ပါတယ်။
၎။ မင်း ငါတို့နဲ့ မဆိုင်တော့ဘူး၊ မင်း လုပ်ချင်သလိုလုပ်တော့
သားသမီးကို စိတ်ပျက်ပြီဆိုတဲ့ သဘောမျိုးနဲ့ ပြောတဲ့စကားမျိုးပါ။ တစ်ခုခုကို လုပ်ခိုင်းလိုက်လို့ ကလေးကို ဘယ်လိုနည်းနဲ့မှ ဖျောင်းဖြလို့ မရတော့တဲ့အခါမျိုးမှာ သုံးစွဲတတ်ပါတယ်။ မိဘက ကိုယ့်ကို စိတ်ကုန်သွားပြီလို့ ကလေးအထင်ရောက်သွားစေပါတယ်။ ကလေး စိတ်ဓါတ်ကျလွယ်စေတတ်ပါတယ်။
၅။ မင်း အမှတ် (၁၀၀) ရရင် ဘာဘာဝယ်ပေးမယ်
အပေးအယူ လုပ်တာပါ။ မင်း ငါ့ကို ဒါရအောင်လုပ်ပေးရင် မင်းကို ဒါလုပ်ပေးမယ်ဆိုတဲ့ သဘောမျိုးကို ဆောင်ပါတယ်။ အဲဒီအမှတ်မှမရရင် ဝယ်မပေးနိုင်တဲ့သဘော၊ မိဘက ဝယ်မပေးချင်လို့ အဲလိုပြောတာမျိုး အထင်ရောက်သွားစေပါတယ်။ ကြိုးစားခြင်းဆိုတာ ကလေးရဲ့တာဝန်လို့ ကလေးကို သိစေသင့်ပါတယ်။ မိဘအတွက် ကြိုးစားတာမျိုး မဖြစ်သင့်ပါဘူး။
၆။ ကလေးချင်း အတူတူပဲ မင်း ဘာလို့ သူများလောက် မထူးချွန်တာလဲ
ကလေးဆိုတာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှိတတ်တာမို့ သူများကလေးနဲ့ နှိုင်းနှိုင်းပြီး မဆုံးမသင့်ပါဘူး။ အခြားကလေးတွေနဲ့ ခိုင်းနှိုင်းပြီး ကလေးကို ဆုံးမတာလောက် ကလေးကို စိတ်ထိခိုက်စေတာမျိုး မရှိတော့ပါဘူး။
Recommended for you - စာဖတ်ခြင်းရဲ့ အကျိုး (၁၀) ချက်
Recommended for you - နည်းပညာတက္ကသိုလ် (မှော်ဘီ) မှ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား/သူများ စာရင်း
Credit; Sayar Aung Ko Latt