×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 11 February 2019

သင်တန်းအများကြီးတက်ပြီး ဘာကြောင့်မအောင်မြင်တာလဲ

လူငယ်တွေ တစ်ချို့အကြား အဖြစ်များတဲ့ ပြဿနာတစ်ခုက သင်တန်းတွေ အများကြီးတက်ပြီး ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတာပါပဲ။

ကြည့်လိုက်ရင်တော့ မနားမနေ ဟိုသင်တန်းတက်လိုက် ဒီသင်တန်းတက်လိုက်နဲ့ တကယ်တမ်းမေးကြည့်လိုက်ရင် ဘာမှမသိဘဲ အူကြောင်ကြား ဖြစ်နေတတ်တဲ့ အဖြစ်မျိုး အများကြီးရှိပါတယ်။

ဥပမာပြောရရင် အင်္ဂလိပ်စာသင်တန်းတွေ အစုံတက်တယ် ဒါပေမယ့် တိုးတက်လာတယ်ဆိုတာ မရှိဘူး အမြဲတမ်း Basic ကနေ ပြန်ပြန်စနေရတယ် ဆိုတာမျိုးတွေ၊ ကွန်ပျူတာ သင်တန်းတွေ တက်ပေမယ့် wallpaper ဘယ်လိုပြောင်းရမှန်းတောင် မသိတာမျိုးတွေပေါ့။

ဒါဆို ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ။ အချိန်ကုန်ခံ ပိုက်ဆံကုန်ခံ အပင်ပန်းခံပြီး သင်တန်းတွေ ဒီလောက် ကြိုးစားပြီး တက်နေတာပဲ ဘာလို့ မတိုးတက်နိုင်ရတာလဲ။ တကယ်တော့ ဒါလေးတွေကြောင့်ပါ။

ဖြစ်ချင်တာ များလွန်းတယ်

လူတစ်ယောက်မှာ ဝါသနာတွေ အများကြီးရှိတာ ဘာမှမဖြစ်ပေမယ့် ရည်မှန်းချက် များလွန်းရင်တော့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်မှာ ပန်းတိုင်တစ်ခု တိတိကျကျမရှိဘဲ ဟိုဟာလည်း ဖြစ်ချင်၊ ဒီဟာလည်း ဖြစ်ချင်ဆိုရင် အောင်မြင်နိုင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ အဲလို ဖြစ်ချင်တာ များလွန်းတာကြောင့်ပဲ ဟိုသင်တန်းလည်း စိတ်ဝင်စားတယ်၊ ဒီဟာလည်း တတ်ချင်ပြန်နဲ့ သင်တန်းအစုံ တက်ရင်း ဘာမှမဖြစ်မြောက်နိုင် ဖြစ်နေရတာပါ။ ဥပမာပေးရရင် မျောက်သစ်ကိုင်း လွတ်ကျတာနဲ့ အတူတူပဲပေါ့။ ဒါ့ကြောင့် အကုန်တတ်ရမယ်ဆိုပြီး ဖြစ်ချင်တာကို အများကြီး မထားဘဲ လမ်းကြောင်းတစ်ခုတည်းကို အာရုံစိုက်နိုင်အောင် ကြိုးစားပါနော်။

အဆုံးထိ မလုပ်ဘူး

လူငယ်တချို့ ရှိပါတယ်။ ဒီသင်တန်းလေး တက်နေတယ်။ ဒါပေမယ့် အပြီးထိမလုပ်ဘဲ တခြားလိုင်း ပြောင်းသွားတယ် ဆိုတာမျိုးတွေ။ ကိုယ့်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုံးဝ လိုင်းပြောင်းမယ် ဆုံးဖြတ်ထားရင်တော့ တစ်မျိုးပေါ့ ဒါကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လေ။ ဒီလိုမဟုတ်ဘဲ ဘာရည်ရွယ်ချက်မှ သိပ်မရှိပေမယ့် ဒီတိုင်း စိတ်ဝင်စားလို့ ဟိုပြောင်း ဒီပြောင်း လုပ်နေတာ ဆိုရင်တော့ ဒါကိုယ့်အောင်မြင်မှုလမ်း ကိုယ်ပိတ်နေသလိုပါပဲ။ ကိုယ်စတဲ့ အရာတစ်ခုကို ကိုယ်တိုင်က သေချာအဆုံးသတ်သင့်ပါတယ်။ ဒါမှပဲ ကိုယ်သင်ယူနေတဲ့ အကြောင်းအရာ၊ ဘာသာရပ်ကို ပြည့်ပြည့်စုံစုံ နားလည်နိုင်မှာပါ။ မဟုတ်ရင် ဟိုလိုလို ဒီလိုလိုနဲ့ ဘာမှမတတ်ဘဲ ယောင်လည်လည် ပြီးသွားပါလိမ့်မယ်။

စိတ်ကူးနဲ့ လက်တွေ့

လူငယ်တွေကို အတွေးနယ်ချဲ့တဲ့ နေရာမှာတော့ ဘယ်သူမှ လိုက်မမီကြဘူး ဆိုပေမယ့် အမြဲ စိတ်ကူးယဉ်ပြီး လေထဲတိုက်အိမ်ဆောက်နေလို့ မရပါဘူး။ စိတ်ကူးနဲ့ လက်တွေ့က မျှတနေဖို့ လိုပါတယ်။ ဟိုဟာ တက်မယ်၊ ဒီဟာသင်မယ် ပြီးရင် ဘယ်လိုတော်လာမယ်၊ ဘာတွေလုပ်မယ်၊ ဘယ်လိုအောင်မြင်မယ်လို့ တွေးထားရင် စိတ်ကူးယဉ်ထားရင် အဲ့စိတ်ကူးအတိုင်း တကယ်ဖြစ်မြောက်အောင် လုပ်ပါ။ ဒီတိုင်း စိတ်ကူးနဲ့တင် ပြီးသွားတာမျိုး မဟုတ်ဘဲ ကိုယ့်စိတ်ကူးတွေကို လက်တွေ့လုပ်ဆောင်မှ အောင်မြင်မှုနဲ့ တဖြည်းဖြည်း နီးစပ်လာမှာပါနော်။ မဟုတ်ရင် စိတ်ကူးချည်း ယဉ်နေပြီး အဖြစ်မရှိတဲ့ သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

သင်ယူတာတွေကို ပြန်မလေ့လာဘူး

သင်ယူခြင်းနဲ့ လေ့လာခြင်း၊ ပြန်လှန်လေ့ကျင့်ခြင်းတို့က တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြတာပါ။ သင်တန်းတွေတက် အများကြီးသင်ပြီးတော့ အိမ်ရောက်တာနဲ့ လွယ်အိတ်တောင် မထိဖြစ်ဘူးဆိုရင်တော့ သင်ထားသမျှ သဲထဲရေသွန် ဖြစ်ရုံပဲရှိတာပါ။ ဒါမှမဟုတ် ကိုယ်က စွန်းဉာဏ်ကောင်းလွန်းပြီး တစ်ခါသင်တာနဲ့ အကုန်တတ်သွားရင်တော့ သဘောရှိပေါ့လေ။ သင်တန်းမှာ သင်ယူထားတဲ့ အရာတွေကို တတ်နိုင်သလောက် ပြန်လေ့လာရမယ်၊ အကြောင်းအရာတွေကို နားလည်အောင် ကြိုးစားရမယ်၊ ထပ်ခါ ထပ်ခါ ပြန်လှန်လေ့ကျင့်ရမယ် ဒီလိုကြိုးစားအားထုတ်မှုတွေ ပေါင်းစည်းမှပဲ တိုးတက်မှု၊ ကျွမ်းကျင်မှု၊ အောင်မြင်မှုဆိုတာ ဖြစ်တည်လာနိုင်တာပါ။ ဒါ့ကြောင့် အိမ်ရောက်တာနဲ့ လွယ်အိတ်လေးကို တစ်ယောက်တည်း ပစ်မထားပါနဲ့နော်။

လွယ်လွယ်လက်လျှော့တယ်

ဘဝမှာ အခက်အခဲပေါင်းစုံ ဆိုတာကတော့ လူတိုင်းတွေ့ကြုံနေကြရတဲ့ အရာပါပဲ။ အထူးသဖြင့် အောင်မြင်မှုနဲ့ သက်ဆိုင်လာရင် ပိုခက်ခဲလာတတ်ပါတယ်။ တကယ်လို့များ ကိုယ်က လွယ်လွယ် လက်လျှော့တတ်တဲ့သူ ဆိုရင်တော့ အောင်မြင်မှုနဲ့ ပိုပိုပြီး ဝေးသွားဖို့ပဲ ရှိပါတယ်။ ဒီလို လွယ်လွယ် လက်လျှော့တတ်လို့ပဲ ဟိုသင်တန်းတက်ကြည့်တယ်၊ ကြိုးစားကြည့်တယ်၊ ခက်ခဲတယ်၊ မအောင်မြင်ဘူး ဒါလောက်နဲ့ လက်လျှော့လိုက်တယ်။ တခြားတစ်ခု ကြိုးစားကြည့်တယ် ဒီလိုပဲ လက်လျှော့လိုက်တယ် အဆုံးထိ တင်းခံပြီး ကြိုးစားမသွားဘူး။ ဒါ့ကြောင့် တက်တဲ့ သင်တန်းတွေသာ များလာတယ် ဘာမှရေရေရာရာ တက်တာလည်း မရှိ၊ သိတာလည်း မရှိ ဆိုတာမျိုး ဖြစ်နေရတာပါ။

Source: LiveTheDream

Read times Last modified on Wednesday, 29 January 2020 11:58
Rate this articles
(1 Vote)