×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 29 June 2019

ယနေ့ ဆယ်ကျော်သက်တွေ ကြုံတွေ့နေရတဲ့ ပြဿနာ (၈) ခု

ယနေ့ ဆယ်ကျော်သက်တွေ ကြုံတွေ့နေရတဲ့ ပြဿနာ (၈) ခု google.com

သီအိုရီ ရဲ့ သီချင်းထဲကလို “၁၆ နှစ် နဲ့ရည်းစားထားဖို့ မစဉ်းစားနဲ့” ဆိုတဲ့ မတော်တရော်တွေနဲ့ ရည်းစားဖြစ်သွားမှာ တစ်ခုပဲ စိတ်ပူရမယ့် ခေတ် မဟုတ်တော့ပါဘူး။

နည်းပညာတွေ တဟုန်ထိုး တိုးတက်လာတာနဲ့ အတူ ဆယ်ကျော်သက် သားရှင်သမီးရှင် တစ်ယောက် တွေးပူရမယ့် ကိစ္စတွေက ပိုများလာပါပြီ။ ကလေးတွေက လည်း ဉာဏ်ပိုကောင်းလာကြတော့ ကောင်းတဲ့ ကိစ္စတွေရော မကောင်းတဲ့ ကိစ္စတွေရော အတုမြင် အတတ်သင် လွယ်လာကြပါတယ်။

ဒါကြောင့် မိဘတွေ အနေနဲ့ ကိုယ့်ကလေးကြုံတွေ့ နိုင်တဲ့ အခက်အခဲတွေကို ကြိုတင်သိထားမှာသာလျှင် သူတို့လေးတွေအတွက် ကြိုတင်အဖြေရှာနိုင်မှာ မဟုတ်ပါလားရှင်။ ကျွန်မတို့နည်းတူ အခြားသော မိဘတွေလည်း ကြိုတင်ပြင်ဆင်လို့ ရအောင် ပြန်လည် ဝေမျှထားလိုက်ပါစို့နော်။

 


(၁) ဖြားယောင်းမှုများ/ဆေးလိပ်နှင့်မူးယစ်ဆေးဝါး (Drug Addiction)

istock 174825736 webbanner

 

ဆယ်ကျော်သက်အရွယ်မှာ ကလေးတွေဟာ ဆေးလိပ် နဲ့ မူးယစ်ဆေးဝါး သုံးဖူးတယ် ဆိုရင် အခြား ရွယ်တူ ကလေးတွေကြားထဲမှာ သူတို့ကိုယ်သူတို့ လူရာဝင်တယ် “ဆရာ” ကျတယ် “ဂေါ်တယ်” လို့ ထင်တဲ့အတွက် စမ်းပြီးသုံးချင်ကြပါတယ်။

တချို့ ကလေးတွေ ကျတော့လည်း အိမ်က လျစ်လျူရှုထားသလို ဖြစ်နေတဲ့အတွက် ဂရုစိုက်မှုကိုလိုချင်လို့ တမင်သက်သက် လုပ်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မိဘက ကလေးကို တော်ရုံထက် မုန့်ဖိုးပိုပေးခြင်း တို့ကြောင့်လည်း ဒီကိစ္စက ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်ကသာ အချိန်မီမတားလိုက်နိုင်ခဲ့ရင်တော့ ကလေးရဲ့ ပညာရေးလမ်းခရီးလေးသာမက သူ့ရဲ့ တောက်ပနေတဲ့ အနာဂတ်လေးပါပျက်စီးသွားနိုင်ပါတယ်။

အကြံပြုချက် - မိဘတွေ အနေနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင် မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ အမြဲ Up to Date သိဖို့ နားစွင့်ထားဖို့လိုအပ်ပြီး အခြားကျောင်းသားမိဘတွေနဲ့ အဆက်အသွယ်ရှိဖို့ နဲ့ ကိုယ့်ကလေးရဲ့ အနေအထိုင်အပြုအမူ ရုတ်ချည်း ပြောင်းလဲမှု ရှိမရှိကို သေချာစောင့်ကြည့်သင့်ပါတယ်။

 

(၂) နည်းပညာ (Game & Social Media Addiction)

pexels photo 834949

 

အခုခေတ် ကလေးတွေက ခေတ်ပေါ် နည်းပညာတွေရဲ့ အကျိုးကျေးဇူးတွေ အများကြီး ခံစားရပါတယ်။ သူတို့တွေ လက်ထက်မှာ နည်းပညာတွေ အရမ်းကို တိုးတက်လာပြီး ဒီနည်းပညာတွေဟာ သူတို့အတွက် အကျိုးလည်းရှိစေသလို အခြားတဖက်မှာ ဒုက္ခလည်း ပေးနိုင်ပါတယ်။

တဖက်ကမ်းခပ် အသုံးတတ်လွန် တလွဲတွေ အသုံးချပြီး မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်တာကို ပြောချင်တာ ဖြစ်ပါတယ်။

ဂိမ်း နဲ့ ဆိုရှယ်မီဒီယာ ကို “စွဲလမ်း”ခြင်း ကြောင့် ကျောင်းစာကို အာရုံမစိုက်နိုင်တော့ခြင်း ၊ မကောင်းတဲ့ အကျင့်စရိုက်များရိုက်သွင်းခံရခြင်း ၊ မသမာသူများရဲ့ လွယ်ကူတဲ့ ပစ်မှတ်များ ဖြစ်လာခြင်း ၊ Cyber Bullying (အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခံရခြင်း) အစရှိတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တဲ့ အတွက် ကျွန်မတို့ မိဘတွေအနေနဲ့ အထူးသတိပြုသင့်ပါတယ်။

အကြံပြုချက် - ဂိမ်းတို့ ဆိုရှယ်မီဒီယာ သုံးကျင့် ရှိသွားတဲ့ ကလေး တစ်ယောက်ကို လုံးဝပိတ်ပင်ဖို့ဆိုတာ မလွယ်ကူပါဘူး။

အကယ်လို့ မိဘတွေ အနေနဲ့ ပေးသုံးမယ်ဆိုရင်လည်း ဖုန်းတို့ ကွန်ပျူတာတို့ အသုံးပြုတာနဲ့ပတ်သက်ပြီး အချိန်နဲ့ ပေးသုံးတာမျိုး…. ပြီးတော့ Parenting Software တွေ သူတို့ဖုန်းထဲမှာ ထည့်ထားပြီး သူတို့ဘာတွေ အသုံးပြုနေလဲ ဆိုတာကို စောင့်ကြည့်သင့်ပါတယ်။

 

(၃) ဗိုလ်ကျ အနိုင်ကျင့်ခံရခြင်း (Bullying)

bullying

 

Bullying ဆိုတာ ကျောင်းတိုင်းမှာ ခုချိန်ထိ ဖြေရှင်းမရတဲ့ ပြဿနာတစ်ခုဖြစ်ပြီး နောက်လည်း ဆက်ရှိသွားဦးမယ့် ပြဿနာ ဖြစ်ပါတယ်။

တစ်ခုရှိတာက ကိုယ့်ရဲ့ ကလေးက သူတို့ရဲ့ သားကောင် (Victim) ဖြစ်မသွားဖို့ပဲ အရေးကြီးပါတယ်။ ခုနောက်ပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် အနိုင်ကျင့် ဗိုလ်ကျခံရမှုတွေ ကျောင်းတွေမှာ လျော့နည်းသွားပေမယ့် နှုတ်ပိုင်းဆိုင်ရာ Body Shaming တာတွေ နဲ့ Cyber Bullying လိုမျိုး လူမှုကွန်ရက်မှာ အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျ ခံရတာတွေ တော်တော် များလာပါတယ်။

အခုနောက်ပိုင်းမှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တောင် ကျောင်းသားအချို့မှာ cyber bullying ကြောင့် ကိုယ့်ကိုကိုယ် Suicide လုပ်တာတွေ အထိ ရှိလာပါတယ်။

ဒါ့အပြင် ခဏခဏ အနိုင်ကျင့် ဗိုလ်ကျခံခဲ့ရတဲ့ ကလေး တစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ် ကျဆင်းလာမယ် ၊ မျှော်လင့်ချက် ကင်းမဲ့လာမယ် ၊ စိတ်အလိုမကျ ဒေါသကြီးလာမယ် ၊ အရှက်ရမယ် ၊ ဝမ်းနည်းမယ် အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံတွေ့ရတတ်ပြီး နုနယ်တဲ့ သူတို့ရဲ့စိတ်ထဲမှာ ဒဏ်ရာတွေ ရသွားတတ်ပါတယ်။

အကြံပြုချက် - ကိုယ့်ကလေးကို ကျောင်းမှာ တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့် ၊ ဗိုလ်ကျတာခံနေရရင် ကျိတ်ခံစားမနေဘဲ မိသားစုကိုပြန်ပြီး ရင်ဖွင့်တတ်အောင် သင်ကြားပေးထားပါ။

 

(၄) ကြွားဝါလိုစိတ် နှင့် သိမ်ငယ်စိတ်

pexels photo 551590

 

ကလေးတွေဟာ သူတို့ရဲ့ အတန်းဖော်တွေနဲ့ စာ ၊ အသုံးအဆောင်ပစ္စည်း ၊ မုန့်ဖိုး ၊ အလှအပ ၊ ပေါ်ပြူလာဖြစ်မှု အစရှိတာတွေ အချင်းချင်း ပြိုင်ဆိုင်တတ်ကြပါတယ်။ ဆယ်ကျော်သက်မှာတော့ ပြိုင်ဆိုင်စရာတွေ ပိုများလာပါတယ်။

စာပြိုင်တာက သူတို့ရဲ့ ပညာရေး Development အတွက် အကျိုးရှိပေမယ့် ကျန်တာတွေ ပြိုင်တာက ဒီအရွယ်မှာ အကျိုးမရှိသေးတာကို သူတို့ မမြင်နိုင်ကြသေးပါဘူး။

အတန်းထဲမှာက မိသားစုပေါင်းစုံက ကလေးတွေဖြစ်ပြီး မိသားစုပေါင်းစုံတဲ့အတွက် သူတို့ရဲ့ တစ်ယောက်နဲ့ တစ်ယောက် အနေအထားတွေကလည်း မတူကြပါဘူး။

ဉပမာ အဆင်ပြေတဲ့ မိသားစုက သူတို့ကလေးအတွက် ဖုန်းအကောင်းစားဝယ်ထားပေးတာကို အဆင်မပြေတဲ့ မိသားစုက ကလေးက ကြည့်ပြီး စိတ်အားငယ်သွားတတ်ပါတယ်။

အကြံပြုချက် - ကလေးကို လိုအပ်တာ (Need) နဲ့ လိုချင်တာ (Want) ကို ကွဲကွဲပြားပြား သိအောင် သင်ပေးပါ။

 

(၅) မေဂျာ ရွေးချယ်ခြင်း (Major Choice)

Career Choice

 

အထက်တန်းကျောင်းစတက်တဲ့ အချိန် အထူးပြုမေဂျာ ရွေးချယ်တဲ့အခါမှာလည်း ကလေးတွေက ဟိုဟာရွေးရနိုးနိုး ဒီဟာရွေးရနိုးနိုး နဲ့ ဝေခွဲမရ အခက်တွေ့တက်ကြပါတယ်။ သူတို့ အရှေ့က စီနီယာတွေ အဆင်ပြေသွားတာကို ကြည့်ပြီး စီနီယာတွေလျှောက်ခဲ့တဲ့ လမ်းကြောင်းကိုပဲ လိုက်လျှောက်ရမလား ဒါမှမဟုတ် ကိုယ်သဘောကျတဲ့ မေဂျာကို ရွေးချယ်ရမလား ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။ ေ

နာက်တစ်ခုက ကလေးတွေ မေဂျာရွေးတဲ့ နေရာမှာ မိဘတွေက ဝင်ရောက်စွက်ဖက်ကြတာပဲ ဖြစ်ပါတယ်။

မိဘတွေ ရွေးချယ်ခိုင်းတဲ့ မေဂျာ နဲ့ သူတို့ရွေးချင်တဲ့ မေဂျာနဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဉပမာ - ကလေးက အင်္ဂလိပ်စာ သိပ်မနိုင်ဘူး အဲ့ဒါကြောင့် မြန်မာလို သင်ရမယ့် ECO ရွေးချင်တယ် မိဘတွေက အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး BIO ယူခိုင်းတာမျိုး စတာတွေက ကလေးတွေကို အခက်တွေ့စေတတ်ပါတယ်။

အကြံပြုချက် - မေဂျာကို ကလေးတွေ ရွေးခိုင်ပြီး မိဘတွေ အနေနဲ့ “ဘာကြောင့်ဘာ” ဆိုတဲ့အကျိုးသင့်အကြောင်းသင့် လမ်းပြတာမျိုးပဲ လုပ်သင့်ပါတယ်။

အထက်တန်းကျောင်းမှာ မေဂျာရွေးတာကစလို့ အထက်တန်း ပြီးရင် တက်ဖို့ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ရွေးတာ ၊ ရှေ့ဆက်ဘဝမှာ သူတို့လေးတွေ ကိုယ်တိုင် ဆုံးဖြတ် ရွေးချယ် ရမယ့် ကိစ္စတွေ အများကြီးဆိုတော့ အခုထဲက သေချာဝေဖန် ဆုံးဖြတ်တတ်အောင် မိဘတွေက လေ့ကျင့်ပေးထားသင့်ပါတယ်။

 

(၆) ပညာရေးဖိအား (Academic Pressure)

5bb683c01f0000390124ca62

 

ကလေးတွေဟာ ပညာရေးဆိုတဲ့ အရာနဲ့ စတင်ထိတွေ့ ကတည်းက အဘက်ဘက်က ဖိအားပေးတာတွေကို ခံခဲ့ရပါတယ်။ တောက်လျှောက်ဖိအားပေးလာခဲ့လိုက်တာ မြန်မာနိုင်ငံ အနေနဲ့ဆို အထက်တန်း ကျောင်းသားအရွယ်မှာ အမှတ်ကောင်းဖို့ ၊ တက္ကသိုလ်ကောင်းကောင်းရဖို့ မိဘ ၊ ဆရာ နဲ့ ပတ်ဝန်းကျင်က ဖိအား အများဆုံး ပေးကြပါတယ်။

အမှတ်တွေကိုသာ အာရုံစိုက်နေရတဲ့အတွက် ကျောင်းသားဘဝရဲ့ အနှစ်သာရကို ကောင်းကောင်း ခံစားဖို့ အချိန်မရှိတော့တဲ့အထိပါပဲ။ မနက်နိုးလာရင် ကျောင်းသွား ကျောင်းကပြန်ရောက်ရင် ကျူရှင် ပြီးရင် Study Guide ပြီးရင် အိပ် နောက်နေ့နိုးလာပြန်တော့လည်း မနေ့ကအတိုင်း နှစ်ပါးဆက်သွား နဲ့ ဒီကြားထဲ အမှတ်နည်းနည်းလျော့သွားရင် အိမ် ကျူရှင် study guide တွေရဲ့ တယောက်တပေါက်ဆူတာလည်း ခံရတတ်ပါသေးတယ်။

အကြုံပြုချက် - မိဘတွေ အနေနဲ့သိထားရမှာက သူတို့လေးတွေမှာ ဖိအားတွေက တန်သင့်သလောက်ရှိသားပြီးသားပါ။ အဲ့ဒါကို ကိုယ်က အရမ်းဖြစ်စေချင်ဇောနဲ့ ဖိအားတွေ လိုအပ်တာထက် ပိုပေးမိမယ်ဆိုရင်တော့ ကလေးကလည်း စိတ်ညစ်ရ မိဘကလည်း မျှော်မှန်းထားသလောက် မဖြစ်လာရင် စိတ်ဓာတ်ကျရတတ်ပါတယ်။

 

(၇) ကျန်းမာရေး (Health)

pexels photo 905874

 

ကလေးတွေဟာ စာအမြဲလုပ်နေရတဲ့အတွက် စိတ်ဖိစီးမှုတွေများလာပြီး ကောင်းကောင်း အိပ်မပျော်တာမျိုး ၊ စိတ်ဓာတ်ကျလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အကျိုးဆက်အနေနဲ့ ကျန်းမာရေးထိခိုက်လာပါတော့တယ်။ ကျန်းမာရေးမကောင်းတဲ့ ကလေးတစ်ယောက်ဟာ ရေရှည် ကျောင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲပါတယ်။

ဒီစာဖတ်နေတဲ့ မိဘတွေလည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ အတန်လျောက်ရှိတယ်လို့ ယူဆတဲ့အတွက် အများကြီး ထပ်မပြောတော့ပါဘူး။

အကြံပြုချက် - ကလေးကို အအိပ် အစား ဂရုစိုက်ပေးပါ။ စာမေးပွဲရာသီတွေဆို ပိုဂရုစိုက်ပေးပါ။

 

(၈) ကျား ၊ မ လိင်ကိစ္စ

pexels photo 289224

 

ဆယ်ကျော်သက်ကလေးမိဘတွေရဲ့ နောက်ထပ် ခေါင်းကိုက်စရာ ပြဿနာကတော့ လိင်ကိစ္စပါပဲ။

ဒီအရွယ်ဟာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားစိတ်၊ စူးစမ်းလိုစိတ်တွေ အထွဋ်အထိပ် ရှိနိုင်တဲ့အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ဗဟုသုတ ပေးသင့်တန်ပေး၊ အလွန်အကျွံ စိတ်မဝင်စားအောင် အခြား စိတ်ဝင်စားစရာတွေနဲ့ လှည့်ဖြားသင့် လှည့်ဖြား စတာတွေ ပြုလုပ်ရပါမယ်။

အကြံပြုချက် - (ဗုဒ္ဓဘာသာဝင်တွေအတွက် အနည်းငယ် ခက်ခဲနိုင်ပေမယ့်) ကိုယ့်ကလေးကို လိင်ပညာရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။ ကိုယ်တာဝန်မကျေခဲ့ရင် အခြားသူတွေကိုပါ ဒုက္ခပေးနိုင်ပါတယ်။

ဒီလောက်ဆိုရင် မိဘတွေ အနေနဲ့ ကလေးတွေအတွက် ဘာတွေလုပ်ပေးရမယ် ဘာတွေ သတိထားရမယ် ဆိုတာကို အတန်သင့် သဘောပေါက်လိမ့်မယ်လို ယူဆပါတယ်။ ပြီးတော့ ကလေးကို အအောင်မြင်ဆုံးဖြစ်အောင် ပြုစု ပျိုးထောင်ပေးနိုင်တဲ့ မိဘတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

 

source : MyanLearn

မိမိ သားသမီးများ ကို သင် ယူ စေချင် လိုသော ဘာသာရပ်များနှင့် သင်ကြားပေးသော ဆရာ၊ ဆရာမများကို တစ်နေ ရာတည်းမှာ စုံစုံလင်လင်နဲ့ သိချင်ရင်တော့ ဤလင့်ခ် sayar.com.mm ကို နှိပ်လိုက်ပါ။

Read times
Rate this articles
(0 votes)