×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 29 June 2019

"ဘာသာစကားအသစ်ကို မြန်မြန်သင်ယူနိုင်စေမယ့် အချက် (၄) ချက်"

"ဘာသာစကားအသစ်ကို မြန်မြန်သင်ယူနိုင်စေမယ့် အချက် (၄) ချက်" google.com

ဘာသာစကား အနည်းဆုံး (၄) မျိုး ကနေ (၁၂) မျိုးလောက်ထိ တတ်တဲ့ (Polyglots) တွေကို သူတို့ ဘာသာစကား တစ်ခုကို ဘယ်လိုနည်းလမ်းတွေနဲ့ အမြန်ဆုံးသင်ယူကြလဲ ဆိုတာကို စစ်တမ်းကောက်ယူကြည့်လိုက်တဲ့အခါမှာ အများထင်ထားသလို အရမ်းကောင်းမွန်တဲ့ မှတ်သားနိုင်စွမ်းတွေကြောင့်မဟုတ်ပဲ ရိုးရှင်းတဲ့ အချက်လေးတွေကြောင့်ဆိုတာ သိလိုက်ရပါတယ်။

Polyglots တွေ ဘာသာစကားနဲ့ ပတ်သက်ပြီး ဘယ်လို နည်းလမ်းတွေ ကျင့်သုံးကြလဲဆိုတာကို ကိုယ်တိုင်လည်း လေ့လာပြီး သူငယ်ချင်းတွေကိုလည်း သိအောင် Share ၊ Mention လုပ်ပေးလိုက်ပါဉီးနော်။

 

၁။ ကိုယ့်အားကိုယ်ကိုးတတ်ပါစေ

ဘာသာစကား တစ်ခုသင်တော့မယ်ဆိုရင် အဲ့ဒီ့ ဘာသာစကားကို ကိုယ်တတ်ချင်တာ ကိုယ်နဲ့ ဆိုင်တာ ဖြစ်တဲ့ အတွက် ကိုယ့်အားကိုယ်ကိုးပါ။

အဲ့ဒါက ဘာသာစကား သင်မှမဟုတ်ပါဘူး ကျန်တဲ့ကိစ္စ တွေလည်း အတူတူပါပဲ။ လူအများစုက ဘာသာစကားတစ်ခု သင်တော့မယ်ဆိုရင် သူတို့တာဝန်ကို သူများ တာဝန်ဆိုပြီး ပေးတတ်ကြပါတယ်။

ဉပမာ - ငါ့ကို အင်္ဂလိပ်စာတတ်အောင် သင်ပေးဖို့ ဆရာ့မှာ တာဝန်ရှိတယ်။ မမှန်ဘူး မဟုတ်ဘူး မှန်သင့်သလောက်မှန်ပါတယ်။ ဒါပေမယ့် ကိုယ်ဟာ ဘာသာစကားတစ်ခုကို အမြန်ဆုံး နဲ့ အကောင်းဆုံး တတ်ချင်တယ်ဆိုရင်တော့ “ငါ့ကို ဒီဘာသာစကား သင်ပေးနိုင်မယ့် ဘယ်ဆရာရှိမလဲ” ဆိုတာကို “ငါဒီဘာသာသာစကားကို ကိုယ့်ဘာသာကိုယ် ဘယ်လိုနည်းနဲ့ လေ့လာနိုင်မလဲ” ဆိုပြီး ကိုယ့်စိတ်ဓာတ်ကို အရင်ပြောင်းလဲ သင့်ပါတယ်။

 

၂။ ပျော်စရာဖြစ်ပါစေ

ဘာသာစကားလေ့လာရတာ ပျင်းဖို့ကောင်းတာ မဟုတ်ပါဘူး။ ပျင်းဖို့မကောင်းအောင် ဘယ်လိုလေ့လာရမလဲ ဆိုတာကို မသိသေးတာပါ။

ကိုယ့်သူငယ်ချင်းက ကိုယ့်ကို “ငါက Reading ပိုင်းအတွက် English Classic Novel တွေဖတ်ပြီး လေ့ကျင့်တယ် မင်းလည်း ဖတ်ကြည့်ပါလား” ပြောပေမဲ့ ကိုယ်ကစိတ်မပါလို့ မဖတ်ဖြစ်တော့တာမျိုး ဒါမှမဟုတ် အလားတူ ကိုယ် လိုက်မလုပ်ဖြစ်တဲ့ အခြားကိစ္စတွေ ကြုံဖူးကြမှာပါ။ ဒါဆိုရင် ကိုယ်ဟာ သူတို့တွေ အကြံပြုတဲ့ သင်ယူလေ့လာမှု ပုံစံနဲ့ မကိုက်ညီလို့ ဖြစ်ပါတယ်။

ပညာရှင်များ ပြောကြားချက်အရ သင်ယူလေ့လာမှု ပုံစံ (၈)မျိုး ရှိတာ ဖြစ်လို့ တခြားသူတယောက်အတွက် သင်ယူလေ့လာမှုပုံစံက ကိုယ်နဲ့အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။

ဒါကြောင့် ကိုယ်အရမ်းနှစ်သက်တဲ့ Activity တစ်ခုနဲ့ ဘာသာစကားလေ့လာခြင်းကို ပေါင်းစပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဉပမာအားဖြင့် ကိုယ်က ဟင်းချက်နည်းအသစ်တွေကို စာအုပ်တွေဖတ်ပြီး ချက်ရတာ ဝါသနာပါတယ် ပြီးတော့ ဘာသာစကားလည်း လေ့လာနေတယ်ဆိုရင်တော့ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ဟင်းချက်နည်းစာအုပ်တွေ ဖတ်ကြည့်တာမျိုး - Reading Skill ၊ ရုပ်ရှင်ကြည့်ရတာ ဝါသနာပါရင်တော့ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ ပြောတာကို နောက်ကနေလေယူလေသိမ်းတူအောင် လိုက်ပြောတာမျိုး (Shadowing Technique) - Speaking Skill / Listening Skill ၊ Social Media သုံးရတာဝါသနာပါရင် ကိုယ်လေ့လာတဲ့ ဘာသာစကားပြောတတ်တဲ့ လူတွေကို လိုက်စကားပြောတာမျိုး - Writing Skill တွေကိုလုပ်နိုင်ပြီးတော့ ဉပမာ ပြောပြရမယ်ဆိုရင်ကုန်နိုင်မှာတောင် မဟုတ်ပါဘူး။

 

၃။ အချိန်ပေးနိုင်ပါစေ

လူတစ်ယောက်ဟာ ဘာသာစကား တစ်ခုကို လေ့လာတဲ့အခါ ကိုယ်ဘယ်အချိန်အတိုင်းအတာမှာ တတ်မြောက်ချင်လဲ အပေါ် မူတည်ပြီး သင့်တင့်တဲ့ အချိန်ပေး သင့်ပါတယ်။

ကိုယ်ဟာ အချိန်အနည်းငယ် နဲ့ အမြန်တတ်ချင်တယ်ဆိုရင် သင်တန်းကို တရက် နှစ်ချိန်သွားတက် အိမ်ပြန်ရောက်ရင် အိမ်စာ ၅ မိနစ် ၁ဝ မိနစ် လောက်လေး လုပ်ရုံ ၊ သင်တန်းရောက်လို့ ဆရာ စာစစ်ခါနီးမှာ အိမ်စာလေး လုပ်ရုံနဲ့တော့ သိကြားမင်းက တတ်စေလို့ ဆုပေးသလို တတ်သွားမှာမဟုတ်ပါဘူး။

အကြံပေးချင်တာကတော့ ကိုယ်နဲ့အဆင်ပြေမယ့် သင်ယူမှုပုံစံကို ရွေးချယ်ပြီး 4 Skills (၁)ရက် ကို (၂)နာရီနှုန်းနဲ့ လေ့လာမယ်ဆိုရင် (၂)နှစ် အကြာမှာ နိုင်ငံခြားသားနဲ့ ကျွမ်းကျွမ်းကျင်ကျင် လိပ်ပတ်လည်အောင် ပြောနိုင်မှာ ဖြစ်ပါတယ်။ ဒီမှာ ထပ်မေးရမှာက ဘာသာစကားလေ့လာဖို့အတွက် အချိန်သီးသန့် ၂ နာရီထပ်ပေးရမှာ များသလား? အချိန်က သီးသန့်ထပ်ပေးစရာမလိုပါဘူး။

ကိုယ်နေ့စဉ်လုပ်နေကြ Activity တွေကိုပဲ အနည်းငယ် ပြောင်းလဲလိုက်ရင် ရတတ်ပါတယ်။ ယေဘုယျအားဖြင့် ရန်ကုန်မှာ ရုံးကို ဘတ်စ်ကားနဲ့ သွားတဲ့သူတယောက်ဟာ အသွား (၁) နာရီ ဝန်းကျင် အပြန် (၁)နာရီဝန်းကျင် ကားပေါ်မှာ အချိန်ဖြုန်းကြရပါတယ်။

အဲ့ဒီအချိန်မှာ ကိုယ်က နေရာမရဘူးဆိုရင် နားကြပ် နဲ့ Listening Skill နားထောင်တာမျိုး ၊ နေရာရရင် Reading နဲ့ Writing လေ့ကျင့်တာမျိုးတွေ ပြုလုပ်လို့ရပါတယ်။

 

၎။ နွှေးပါ

ဉီးနှောက်ရဲ့ မှတ်သားမှု အပိုင်းမှာ ရေရှည် မှတ်ဉာဏ် (Long Term Memory) နဲ့ ရေတို မှတ်ဉာဏ် (Short Term Memory) ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဘယ်ပညာရပ်မဆို သင်ကြားလေ့လာထားပြီး သေချာပြန်ပြီးမလေ့ဘူးဆိုရင် ရေတို မှတ်ဉာဏ် မှာမှတ်သားထားတဲ့ ဘာသာရပ်ရဲ့ အသေးစိပ် အချက်အလက်တွေ စတင်မေ့လာမှာ ဖြစ်ပါတယ်။

နောက်ဆုံး ကိုယ့်ရဲ့ ရေရှည် မှတ်ဉာဏ် မှာမှတ်သားထားတဲ့ သဘောတရားလောက်သာ ကျန်ခဲ့မှာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာစကားနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ အချက်တွေကို ရေရှည်မှတ်ဉာဏ်မှာ မှတ်သားနိုင်အောင် လေ့ကျင့် ကြိုးစားရမှာ ဖြစ်ပါတယ်။

မှတ်သားနည်းတွေကတော့ အများကြီးရှိပါတယ်။ ကွန်ပျူတာတို့ ဖုန်းတို့သုံးရတာ မကြိုက်ဘူး စာအုပ်နဲ့ ဘောပင်ကိုပဲသုံးပြီး Grammar Pattern တွေ VOCAB တွေ နွှေးချင်တဲ့ လူတွေတဲ့ Gold List Method (စာလုံးရေ ၂၅ လုံးကို ၂ ပတ်ခြားစီနဲ့ လုံးဝမမှတ်မိနိုင်တဲ့ စာလုံးရေ ၈လုံးထိ လျှော့ချပြီး မှတ်သားလေ့ကျင့်တဲ့ စနစ်), Spaced Repetition System (Flash Card အသုံးပြုပြီး Vocab ကိုမှတ်မိအောင် လေ့ကျင့်တဲ့ စနစ်) အစရှိတဲ့ နည်းလမ်းတွေသုံးနိုင်ပါတယ်။

ဒါပေမဲ့ ဖုန်းတို့ ကွန်ပျူတာတို့ အမြဲတမ်းကိုင်နေတဲ့ သူတွေအတွက်တော့ Memrise ဆိုတဲ့ app လေးက တော်တော် အဆင်ပြေပါတယ်။

အားလုံးကို နိဂုံးချုပ်လိုက်မယ် ဆိုရင်တော့ ဘာသာစကားတစ်ခု တတ်မြောက်မှု မြန်ဆန်ခြင်း မမြန်ဆန်ခြင်းဟာ အကြောင်းအရင်း (၃)ခုပေါ်မှာ မူတည်နေပါတယ်။

အဲ့ဒါတွေကတော့ ဘာသာစကားအပေါ်ထားတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက် ၊ ကိုယ်အချိန်ပေးနိုင်မှု ၊ ကိုယ့်ရဲ့ ဘာသာစကားအပေါ်အာရုံစိုက်နိုင်မှု တို့နဲ့ အများကြီးသက်ဆိုင်ပါတယ်။

ဒါကြောင့် နောက်ဆုံးအကြံပြုချင်တာလေးတစ်ခုက “When I have time is the grave yard of many great plans” ဆိုတဲ့ စကားလေးအတိုင်း အပေါ်မှာ ပြောထားခဲ့တဲ့ အချက်လေးတွေကို ဖတ်ပြီး နောင်အချိန်ရမှ လိုက်လုပ်ကြည့်ရမယ်ဆိုတဲ့ အတွေးလေးတွေကို စွန့်လွှတ်ပြီး အခုပဲ လက်တွေ့ လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

 

Source: Myanlearn 

English, Chinese, Korea, Japan, French, Spain, Thai အစရှိသည်ရှိ သည့် ဘာသာစကားများ သင်ကြားပေးသော သင်တန်း ဆရာ၊ ဆရာမများကို တစ်နေရာတည်းမှာ

လွယ်လွယ်ကူကူနဲ့ စုံစုံ လင်လင်သိချင်ရင်တော့ LANGUAGES ဤလင့်ခ် ကို နှိပ်လိုက်ပါ။

Read times
Rate this articles
(2 votes)