×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 22 February 2018

အမြင်နဲ့ ဆုံးဖြတ်ချက်ချမိတာထက် ပိုနိုင်ပါစေ

အမြင်နဲ့ ဆုံးဖြတ်ချက်ချမိတာထက် ပိုနိုင်ပါစေ google.com

မကြာမကြာစဉ်းစားမိတဲ့အခါတိုင်း ကျွန်တော်တို့လူမျိုးတွေဟာ သဘာဝဗီဇအရ အဆိုးမြင်တတ်တဲ့လူမျိုး တွေများလားလို့ သံသယဖြစ်မိတတ်တယ်။ ကိစ္စတော်တော်များများမှာ အပြုသဘောထက် အပျက်ဘက် ကိုပဲ ပိုမြင်တတ်ကြသလိုပဲ။

တစ်နည်းအားဖြင့် အဆိုးမြင်ဝါဒီသမား တွေများတယ်ပေါ့။ အဆိုးမြင်ဝါဒီဖြစ် တာက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအဆိုးမြင်တဲ့အမြင်တစ်ခုတည်းမှာပဲ ရပ်တန့်ပစ်ပြီး အရာရာ ကို သုံးသပ်ချက်ချ ယူဆလိုက်ကြတာက ပြဿနာ။

ကျွန်တော်ကိုယ်တိုင်လည်း အဆိုးမြင်ဝါဒီသမားတစ်ယောက်လို့ ထင်မိတယ်။ ဘာလို့လည်းဆိုတော့ ကိစ္စ တော်တော်များများမှာ အပြုသဘောထက် အပျက်ဘက်ကိုပဲ ကျွန်တော်အရင်မြင်မြင် နေတတ်တယ်။ တစ်ရက် ကားမောင်းရင်းလမ်းဘေးဝဲယာကြည့်သွားမိတော့ လမ်းဘေးမှာ ထိုင်တောင်းနေတတ်တဲ့ မိသားစု ထဲက ကလေးတစ်ယောက်က မြောင်းဘေးမှာထိုင်ပြီး အိမ်သာတက်နေတာကိုတွေ့မိတယ်။ စိတ်ထဲမှာ ချက်ခြင်းစဉ်းစားလိုက်မိတာက အော် ညစ်ပတ်လိုက်တာပေါ့၊ စည်းကမ်းမရှိလိုက်တာပေါ့။ အရင်တုန်းက ဆိုရင်တော့ အဲလောက်အတွေးမှာတင် ရပ်လိုက်တာများပါတယ်။ အဲဒီနေ့ကတော့ ဘာ့ကြောင့်ရယ်မသိ။ အဲဒါနဲ့ပတ်သက်လို့ ဆက်စပ်တွေးမိတယ်။

Recommended for you - ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်တဲ့ မေးခွန်းတစ်ခု

ဒီမိသားစု စည်းကမ်းမဲ့လိုက်တာလို့ပဲ တွေးပြီးရပ်လိုက်ရင် အဲဒီအမြင်ထပ်ပိုပြီး ဘာမှဆက်တွေးမိမှာမဟုတ် ဘူး။ ဒါပေမယ့် သူတို့ ဘာလို့ စည်းကမ်းမဲ့ရတာလဲဆိုတာကို ဆက်တွေးမိတယ်။ ဘာလို့ လမ်းဘေးမှာ အိမ်သာတက်ရတာလဲပေါ့။ အဖြေကရှင်းရှင်းလေးပဲ။ လမ်းဘေးမှာအိပ် လမ်းဘေးမှာစားနေရတဲ့ သူတို့ အတွက် အိမ်သာမှမရှိတာ။ အိမ်သာရှိရင်တော့ အိမ်သာမှာပဲ တက်မှာပေါ့။ ဒါဆိုရင် စည်းကမ်းမရှိလိုက်တဲ့ မိသားစုပါလားလို့ ကျွန်တော်ဆွဲလိုက်တဲ့ကောက်ချက်မှာ လိုအပ်ချက်တစ်ခုရှိသွားပြီ။ ဟုတ်တယ်၊ အမြင် မသင့်တော်ဘူး၊ စည်းကမ်းမရှိဘူး။ အဲဒါအတွက် ကျွန်တော်ဘာဖြေရှင်းပေးနိုင်မှာလဲ။ ဥပမာ သူတို့အတွက် ကျွန်တော် အိမ်သာတစ်လုံးလောက် ဆောက်ပေးနိုင်မလား။ ဒါမှမဟုတ် အနည်းဆုံး ကိုယ့်အိမ်နဲ့သာ နီးနီး နားနားဆိုရင် သူတို့အိမ်သာတက်ဖို့အတွက် ကိုယ့်အိမ်ကိုခေါ်သွားပေးနိုင်မလား။ လမ်းဘေးမှာ သူတို့ အိမ်သာမတက်ရအောင် ကိုယ့်အိမ်မှာခေါ်ပြီး တက်ခိုင်းနိုင်ပါ့မလား။ ဖြစ်နိုင်ချေရှိတာကတော့ နှစ်ခုလုံး ကျွန်တော်မလုပ်နိုင်လောက်ဘူး။

အဲလိုဆက်တွေးကြည့်မိသွားတော့ စည်းကမ်းမဲ့လိုက်တာလို့ တွေးမိတဲ့အတွေးရော၊ အမြင်မတော်လိုက် တာလို့ ဒေါသထွက်မိတာရော ခေါင်းထဲကပျောက်သွားတယ်။ ဒီလိုကိစ္စမျိုးတွေအတွက် ဘယ်လိုလုပ်ပေး နိုင်မလဲဆိုတာကိုပဲ တွေးမိတော့တယ်။ ဆိုလိုချင်တာက ဒီလိုပါ။ ကျွန်တော်တို့ နေ့တိုင်းနေ့တိုင်း ဒီလိုအဖြစ် အပျက်တွေမြင်တွေ့တတ်တယ်။ လမ်းဘေးသေးထိုင်ပေါက်နေတဲ့သူပေါ့။ အမှိုက်ပစ်ချတာမျိုးပေါ့။ အဲလို မြင်ကွင်းတွေတွေ့မိတိုင်း စည်းကမ်းမဲ့လိုက်တာလို့ ကဲ့ရဲ့လိုက်တာ၊ ဒေါသထွက်လိုက်တာထက် မပိုလိုက် ဘူး။ အဲဒီမှာတင်ရပ်လိုက်တတ်တယ်။ တစ်ခါတလေဆိုရင် ကိုယ်မြင်လိုက်တဲ့မြင်ကွင်းဆိုးတစ်ခုကို အခြားသူတွေအများကြီးကိုတောင် လိုက်ဖြန့်ဝေပြောပြနေမိတတ်တယ်။

Recommended for you - သင်သည် အချိန်ကို ခိုးယူနေသူလော၊ အခိုးခံနေရသူလော

တစ်ခုရှင်းရှင်းလင်းလင်းသိစေချင်တာက အဲလိုလုပ်ရပ်မျိုးတွေကို မှန်ကန်တယ်လို့ ဆိုနေတာမဟုတ်ပါဘူး။ မြင်လိုက်တဲ့အမြင်တစ်ခုအပေါ် ချက်ခြင်းဆုံးဖြတ်ပြီး အဆိုးမြင်တာတစ်ခုပဲ ရင်ထဲမှာစွဲကျန်နေတာမျိုး မဖြစ် စေချင်တာ။ အဲဒီလိုကိုယ်မြင်လိုက်တဲ့ အမြင်တစ်ခုထက်ပိုတဲ့ အတွေးတွေဆက်တွေးစေချင်တာ။ ဘာ့

ကြောင့်လဲ၊ ဘယ်လိုလုပ်လိုက်ရင် ဒါပြေလည်သွားမှာလဲ အဲဒါတွေကိုပါ စဉ်းစားစေချင်တာ။ ဥပမာ လူ တစ်ယောက်အမှိုက်ပစ်လိုက်တယ်ဆိုရင် အတော်ဆိုးတဲ့လူပဲဆိုတာလောက်နဲ့မရပ်စေချင်ဘူး။ သူဘာလို့ အမှိုက်ပစ်ချလိုက်တာလဲ။ အဖြေကအမျိုးမျိုးဖြစ်နိုင်တယ်။ အမှိုက်ပုံးမရှိလို့လား၊ ဒါမှမဟုတ် အမှိုက်ကို ပုံးထဲပစ်ရမယ်ဆိုတဲ့ အသိမရှိလို့လား။ ပြီးရင် အဲဒီလူနောက်တစ်ခါ အမှိုက်ထပ်မပစ်တော့အောင် ဘယ်လို လုပ်လိုက်ရင် အဆင်ပြေမယ်ထင်လဲ။

အခုကျွန်တော်တို့နိုင်ငံမှာဆိုရင် ပျက်နေတာတွေအများကြီးပဲ။ လိုအပ်နေတာတွေအများကြီးပဲ။ ဒါပေမယ့် အဲဒါတွေကို တစ်ခုချင်းလိုက်လက်ညှိုးထိုးနေရုံ အပြစ်တင်နေရုံနဲ့တော့ ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး။ အဆိုးမြင်နေရုံနဲ့ ဘာမှပြုပြင်နိုင်သွားမှာမဟုတ်ဘူး။ အဆိုးမမြင်နဲ့မပြောပါဘူး။ အကုန်လုံးဆိုးနေတာကို အဆိုးမြင်မှာပေါ့။ ဒါသဘာဝကျပါတယ်။ ဒါပေမယ့် အဲဒီဆိုးနေတာတွေကို ကောင်းသွားအောင် ဘယ်လို လုပ်မလဲဆိုတာထိ တွေးစေချင်တယ်။ ကိုယ်မြင်ရတာလေးတစ်ခုနဲ့ ကောက်ချက်ချက်ခြင်းဆွဲလိုက်တာ ထက် ပိုစေချင်တယ်။ တစ်ယောက်ချင်းစီကသာ အကောင်းဘက် ပြောင်းလဲလာအောင်တွေးပြီး လုပ်ကြည့် မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကစပြီး တဖြည်းဖြည်းချင်း တိုးတက်လာတာကို မြင်ရမှာပါ။ အဆိုးတစ်ခုဖြစ် ပျက်လာရင် ပညာမဲ့သူဟာ သူများကိုအပြစ်တင်တယ်။ ပညာတတ်တဲ့သူကတော့ ကိုယ့်ကိုကိုယ်ပဲ အပြစ် တင်တယ်။ ပညာရှိကတော့ ဘယ်သူ့ကိုမှအပြစ်မတင်ဘဲ အဲဒီအဖြစ်အပျက်ကို ကောင်းအောင် ပြုပြင်ယူ တယ်တဲ့။ ကျွန်တော်တို့ ဘယ်ထဲမှာ ပါချင်လဲ။ ကိုယ့်ဘာသာပဲ ရွေးချယ်ပါ။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ သင်ယူချင်ပါသလား။ sayar.com.mm တွင်ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။ 

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုပါက ကျွန်တော်တို့ နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်နိုင်ပါတယ်။

Credit: Thurein Hlaing Win

 

 

 

 

Read times Last modified on Friday, 03 January 2020 14:25
Rate this articles
(2 votes)