×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 27 August 2018

ဆယ်ကျော်သက်များ၏ မိဘများသို့

ဆယ်ကျော်သက်များ၏ မိဘများသို့ google.com

သားသမီးများက ဆယ်ကျော်သက်အရွယ်၊ တစ်နည်းအားဖြင့် လူပျိုအပျိုဝင်စအရွယ်၊ “ ပျိုဘော်ဝင်အရွယ် ” ပဲခေါ်ကြပါစို့၊ ဒီအရွယ်ဟာ ကလေးများအတွက် အလွန်အရေးကြီးတဲ့ ကာလဖြစ်ပါတယ်။ မိဘများက နည်းမှန်လမ်းမှန် မကိုင်တွယ်တတ်ခဲ့ရင် ကလေးများအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။


အရပ်က တစ်နှစ်အတွင်းမှာ ရုတ်တရက် ထွားကြိုင်းလာတယ်။ မူလက မိဘများကို မော့ကြည့်ရာကနေ တည့်တည့်ကြည့် ဖြစ်လာပါတယ်။ ကလေးများက မိဘကို မော့ကြည့်နေရတဲ့အချိန်မှာ သဘာဝသဘောအရ နာခံလွယ်တယ်။ မနာခံလို့ မရတဲ့သဘော ပါဝင်ပါတယ်။ အရပ်အမောင်းထောင်တက်လာတက်လာပြီး မိဘနဲ့ဆရာများကို တည့်တည့်ကြည့် ( သို့ ) ငုံ့ကြည့်ရတဲ့အခါကျတော့ စဉ်းစားပုံစဉ်းစားနည်းကအစ၊ ပြောတဲ့စကားများကအဆုံး စတင်အာခံတတ်လာပါတယ်။ ကလေးများရဲ့ ခန္ဓာကိုယ် ထွားကြိုင်းလာခြင်းကြောင့် စိတ်ဓါတ်ပြောင်းလဲမှု ဖြစ်ပေါ်လာစေပါတယ်။ လွတ်လပ်မှု လိုအပ်လာခြင်း၊ မိမိရဲ့အတွင်းစိတ်မာနကို ဂရုပြုတတ်လာခြင်းနှင့် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟိုမုန်းဓါတ်ပြောင်းလဲမှုကြောင့် လိင်စိတ်နိုးထလာခြင်းတို့ ဖြစ်ပါတယ်။


ပျိုဘော်ဝင်အရွယ်ကလေးများဟာ အရပ်အမောင်းအပြင် အသံပြောင်းလာပါတယ်။ အကျိုးဆက်အနေနဲ့ ဂျစ်ကန်ကန် လုပ်လာပါတယ်။ အပြုအမူ၊ အမူအယာ၊ လုပ်ရှားပုံကအစ ပြောင်းလဲလာပါတယ်။ ငြင်းဆိုလာတတ်ပါတယ်။ ရန်ဆောင်လာတတ်ပါတယ်။ ဒါဟာ သဘာဝလို့ ဆိုပါတယ်။ ပျိုဘော်ဝင်ကာလဆိုတာ အကာအကွယ်ကောင်းမွန်စွာခံရတဲ့ မိသားစုဘဝကနေ ရူပ်ထွေးပွေလီလှတဲ့ လူ့ဘောင်ထဲကို ဝင်ရောက်သွားနိုင်ဖို့၊ ဝင်ဆန့်သွားနိုင်ဖို့ ကြားခံကာလပဲ ဖြစ်တယ်။ မိဘများသိပ်ပြီး စိုးရိမ်စရာမရှိသင့်ပါ။ပျိုဘော်ဝင်ကာလရဲ့ သဘောသဘာဝနဲ့ကိုက်ညီအောင် ကိုင်တွယ်တတ်ရင် ကလေးများအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။


၁။ ကလေးများပျိုဘော်ဝင်လာပြီဆိုရင် မိဘများဆုံးမတဲ့ပုံစံကိုပြောင်းလဲလိုက်ပါ

အရင်တုန်းက မိဘများအနေနဲ့ “ အိမ်စာသွားလုပ်တော့ ”၊ “ ကျောင်းသွားတက်တော့” ၊ စသည်ဖြင့် ပြောကြားခဲ့ကြပါတယ်။ ဒီအရွယ်ရောက်ပြီဆိုရင် ကလေးကိုဒီလိုပြောပါ။ “ သားအခုအသက်ကြီးလာပြီ၊ အချို့ကိစ္စတွေ ကိုယ့်ကိုယ်ကို လုပ်ရတော့မယ်၊ အကူအညီလိုရင်ပြော၊ သားကပြောပြမှ ဖေဖေမေမေက ကူညီလို့ရမှာ၊ သားကိုယ့်ကိုယ်ကို ထိန်းသိမ်းမှရတော့မှာ၊” ဒီလိုပြောပေမဲ့ သူတို့ရဲ့ အပြုအမူအားလုံးကို တိတ်တခိုး မျက်စိတောက်ထောက် ကြည့်ရူ့ထားရပါမယ်။ အပေါ်ရံသဘောနဲ့ စတင်လက်လွတ်ခြင်း ဖြစ်ပါတယ်။


၂။ သားသမီးကို လူကြီးလို သဘောထားပြီး ဆက်ဆံရပါမယ်

သမီးဖြစ်သူရဲ့ နေ့စဉ်မှတ်တမ်းကို ခိုးကြည့်လို့ သမီးဖြစ်သူ အိမ်ကနေထွက်ပြေးသွားတဲ့ဖြစ်စဉ်တစ်ခု နိုင်ငံခြား တီဗွီသတင်းတစ်ခုမှာ ကြည့်ရူ့မိဖူးပါတယ်။ မိခင်ဖြစ်သူကို ဘာဖြစ်လို့ အဲလိုလုပ်ရတာလဲလို့ မေးတော့ သမီးဖြစ်သူရဲ့ စိတ်တွင်းခံစားမှုကို သိချင်လို့ပါလို့ သတင်းထောက်ကို ဖြေဆိုသွားရှာပါတယ်။ ကလေးက အပျိုဘော်ဝင်လာပြီဆိုတော့၊ လွတ်လပ်တဲ့ စိတ်တွင်းခံစားမှု လိုအပ်လာပြီဆိုတာကို မိခင်က သိရှိပုံမရခဲ့ပါ။ သမီးဖြစ်သူရဲ့ စိတ်တွင်းမှာ ဘာတွေစဉ်းစားနေသလဲ၊ ဘာတွေခံစားနေသလဲ ဆိုတာတွေကို သိချင်တဲ့ မိခင်ကို ကိုယ်ချင်းစာမိတာ အမှန်ပါ။ ဒါပေမဲ့ သိချင်ရုံသက်သက်နဲ့ သမီးဖြစ်သူကို မလေးစားလို့ မရဘူးလေ၊ သူရဲ့ ကိုယ်ပိုင်လျို့ဝှက်ချက်လေးတော့ ထားရှိခွင့်ပေးရမှာဖြစ်ပါတယ်။


၃။ အိမ်တွင်းအရေးကြီးတဲ့ကိစ္စမှာ ပါဝင်ပါစေ

ကလေးက အရွယ်ရောက်လို့ အလုပ်ထွက်လုပ်ပြီဆိုရင် မန်နေဂျာများရဲ့ လက်ထောက်ဖြစ်ဖြစ်၊ အကူဖြစ်ဖြစ် အရင်စလုပ်ရတတ်ပါတယ်။ ဒါကြောင့်မို့လို့ ငယ်ရွယ်စဉ်မှာ လက်တွေ့ဆောင်တာများကို အရင်လုပ်တတ်ဖို့လိုပါတယ်။ ဥပမာ၊ အိမ်မှာ ကျန်းမာရေးသိပ်မကောင်းတဲ့ အဖိုးအဖွားရှိတယ်ဆိုပါစို့၊ ကျောင်းတက်ရက်မှာ မိဘဖြစ်သူများက အဖိုးအဖွားကို စောင့်ရှောက်ပြီး၊ ကျောင်းပိတ်ရက်တွေမှာ သားသမီးများဖြင့် သူတို့အဖိုးအဖွားကို စောင့်ရှောက်ခိုင်းကြည့်ပါ။ အဲလိုစောင့်ရှောက်တတ်သွားရင် မိဘများအိုလာတဲ့အခါမှာလည်း သူတို့စောင့်ရှောက်တတ်သွားပါတယ်။

 

Recommended for you - ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်များမှာ...


၎။ ကလေးရဲ့ တုန့်ပြန်မှုကိုကြည့်ပြီး ဆုံးမတဲ့ပုံစံကို ပြောင်းလဲခြင်း

တစ်ခါတစ်လေမှာ ဆယ်ကျော်သက်သားသမီးများဟာ မိဘဖြစ်သူကို မရိုသေတဲ့ ဟန်အမူအရာပြသလာတယ်။ ချက်ချင်းမဆဲလိုက်ပါနဲ့၊ ဘယ်အကြောင်းအရာကြောင့်၊ ဘာအတွက်ကြောင့် သူတို့ဒီလိုတုန့်ပြန်သလဲဆိုတာကို မိမိကိုယ်မိမိ အရင်စမ်းစစ်ကြည့်ပါ။ ပြီးရင် သူတို့နဲ့ဆွေးနွေးပါ။ အဖြေတစ်ခုရပြီဆိုရင် အဆင်ပြေစေမဲ့နည်းလမ်းတစ်ခုကို ကျင့်သုံးကြတာပေါ့။


၅။ သူတို့ရဲ့ သူငယ်ချင်းများအကြောင်းကို ကောင်းကောင်းသိထားအောင်လုပ်ပါ

တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး၊ မိဘများအနေနဲ့ သူတို့ရဲ့ သူငယ်ချင်းများအကြောင်းကို ကောင်းကောင်းသိထားဖို့လိုပါလိမ့်မယ်။ ဘယ်သူနဲ့အခင်ဆုံးလဲ၊ ဘယ်သူနဲ့ အသွားအလာ၊ အဆက်အသွယ် အများဆုံးလဲ၊ ဒါအလွန်အရေးကြီးပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ ပျက်စီးဖို့ အလွယ်ကူဆုံးအချိန်ဖြစ်ပါတယ်။


၆။ သူတို့ရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုကို သတိထားပါ

ဆယ်ကျော်သက်ကလေးများရဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာကို အထူးဂရုစိုက်ပါ။ ဘယ်ဟာကို ထိတွေ့လိုက်ရုံနဲ့ မမောနိုင်မပန်းနိုင် သူဆောင်ရွက်နေတာလဲ၊ သူဘာကို တကယ်စိတ်ဝင်စားနေတာလဲ။ သူရဲ့ဝါသနာအစစ်က ဘာလဲ။ ဒါတွေအားလုံးဟာ သူတို့ရဲ့ အနာဂတ်အခွင့်အလမ်းတွေဖြစ်ပါတယ်။


၇။ သူတို့ကို အတတ်နိုင်ဆုံး ယုံကြည်မှုပြပါ။ တစ်ဖျစ်တောက်တောက် လုံးဝရှောင်ကျဉ်ပါ

ဆယ်ကျော်သက်အရွယ်ဆိုတာ ခန္ဓာကိုယ်အားဖြင့် လူကြီးလောက်ထွားကြိုင်းလာပေမဲ့ စိတ်ဓါတ်ရင့်ကျက်မှုပိုင်းမှာ ကလေးသာသာ ရှိနေသေးတဲ့ ကာလဖြစ်ပါတယ်။ ဒီအရွယ်ကို ပုန်ကန်တဲ့အရွယ်လို့လည်း ခေါ်ဆိုပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကို အတတ်နိုင်ဆုံး ယုံကြည်မှုပြပေးပါ။ သူတို့နားမှာ နားပူနားဆာ မလုပ်မိပါစေနှင့်၊ အကျိုးရလဒ် ပြောင်းပြန်ဖြစ်တတ်လွန်းလို့ပါ။


၈။ သူတို့ကို ဂုဏ်ယူပေးပါ

ဒီအရွယ်ဟာ ကလေးတုန်းကလို အဖေအမေရဲ့ သားဆိုတာထက်၊ မိမိကိုယ်မိမိ ရပ်တည်လိုတဲ့စိတ် အပြင်းထန်ဆုံး အချိန်ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ရင်းခံကောင်းမွန်မှု၊ အောင်မြင်မှု တစ်ခုခု၊ တာဝန်ယူစိတ်ပြသမှု တစ်ခုခုတွေ့ရှိခဲ့ရင် မိသားစုတစ်စုလုံး ချီးမွမ်းပေးပါ။ အသိအမှတ်ပြုပေးပါ။ ဂုဏ်ယူပေးပါ။


ဆယ်ကျော်သက်အရွယ်ဆိုတာ အကိုင်တွယ်ရ အခက်ဆုံးအရွယ်ဖြစ်ပါတယ်။ ပျက်စီးဖို့ အလွယ်ကူဆုံး အရွယ်လည်းဖြစ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ကွာခြားလှတာမို့ မှီဥာဏ်းနိုင်ရုံသက်သက် ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။

 

Recommended for you - လုပ်ငန်းခွင်မှာ ကိုယ့်ကို ဒုက္ခဖြစ်စေမယ့် အဆိပ်ပြင်းတဲ့လူအမျိုးမျိုး

 

Recommended for you - ၂၀၁၉ ခုနှစ် အင်္ဂလိပ်စာမေးခွန်းပုံစံသစ် အတွက် ရှင်းလင်းမှာကြားချက်များ

 

Credit; Aung Ko Latt

Read times Last modified on Friday, 17 January 2020 13:52
Rate this articles
(1 Vote)