ခေါင်းဆောင်မှု (Leadership) ဆိုတာ ယနေ့ ခေတ်မှာ အရမ်းရေပန်းစားပြီး လူတိုင်း နေ့ စဉ်နီးပါး ကြားနေရတဲ့ ခေါင်းစဉ်တစ်ခုပါ။
“ခေါင်းဆောင်ဆိုတာ ခေါင်းမရှောင်ရဘူး။”
“ခေါင်းဆောင်ဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရတယ်။”
“ခေါင်းဆောင်ဆိုတာ အရည်အချင်း ရှိရတယ်။”
“ခေါင်းဆောင်ဆိုတာ ပေါင်းသင်းဆက်ဆံရေး ကောင်းရတယ်။” စသည်ဖြင့် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို အားလုံး ကြားဖူး၊ မှတ်ဖူး၊ လေ့လာဖူးကြမှာပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေ အားလုံးက မမှားသော်ငြားလည်း ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကိုရော စဉ်းစားကြည့်ခဲ့ဖူးပါသလား။
အထက်လူကြီးဆိုတဲ့ နေရာတစ်ခု ရောက်ပြီဆိုတာနဲ့ အလိုလို ခေါင်းဆောင် ဖြစ်ပြီလို့ ယူဆတတ်ကြပါတယ်။ တကယ်ကတော့ ခေါင်းဆောင်မှုဆိုတာ နေရာ တစ်ခုနဲ့  မသက် ဆိုင်ပါဘူး။ နေရာဆိုတာက မတည်မြဲတတ်ပေမယ့် ခေါင်းဆောင်မှု အရည်အချင်းကတော့ အမြဲတမ်း တည်မြဲနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အတတ်ပညာတစ်ခုပါ။
ဒါဆိုရင် ခေါင်းဆောင်လို့ ဘာကြောင့်ခေါ်ကြသလဲ။ ဘယ်သူတွေက သတ်မှတ်ကြသလဲ။ ရိုးရိုးလေးပဲ တွေးကြည့်ပါ။ လူအချင်းချင်းကပဲ ဒီလူကတော့ ခေါင်းဆောင်ဖြစ်တယ်။
ဒီလူကတော့ နောက်လိုက်ဖြစ်တယ် လို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် လူအချင်းချင်းကပဲ သတ်မှတ်ထားခြင်းကို ခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံး အနေနဲ့ ရှိသင့်တဲ့ အရည်အချင်းတစ်ခုက “လူတွေကို ရှေ့ တန်းတင်ခြင်း” ဆိုတာပါပဲ။
ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ထက် အများကို (နောက်လိုက်တွေကို) ရှေ့ တန်းတင်တတ်ဖို့ အရေးကြီးပါတယ်။ ခြင်္သေ့ကို တောဘုရင်လို့ သတ်မှတ်လေ့ ရှိကြသော်ငြားလည်း ခြင်္သေ့တစ်ကောင်တည်းပဲ ရှိတဲ့ တောအုပ်ထဲမှာ သူက ဘုရင် မဖြစ်နိုင်ပါဘူး။ သူ့ ကိုယ်သူ ဘုရင်လို့ သမားရိုးကျနည်းလမ်းအားဖြင့် သတ်မှတ်နိုင်သော်ငြားလည်း အမှန်စင်စစ်အားဖြင့်တော့ သူကိုယ်တိုင်ပဲ နောက်လိုက်တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သူ့ ရဲ့ ခေါင်းဆောင်မှုနောက်ကိုလိုက်မယ့် နောက်လိုက်တွေ မရှိလို့ ဖြစ်ပါတယ်။
ဒါဆိုရင် လူတိုင်းကို အသေးစိတ်ကအစ လိုက်ဂရုစိုက်နေရမှာလား ဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဆိုရင် လူတိုင်းကို အစစ အရာရာ အသေးစိတ်ကအစ ဂရုစိုက်နေရမယ်လို့ မဆိုလိုပါဘူး။
ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ နောက်လိုက်တွေက ကိုယ့်ထက် ပိုတော်သွားမှာ၊ ပိုတတ်သွားမှာကို စိုးရိမ်နေတတ်တဲ့ ကိုယ့်ရဲ့ အတ္တတွေကို ခ၀ါချပြီး ကိုယ့်နောက်လိုက်တွေ အောင်မြင်ဖို့ ကို အာရုံစိုက်ပေးဖို့ လိုအပ်ပါတယ်။
လူတိုင်းဟာ နေရာတိုင်းမှာ ကောင်းမွန် မနေတတ်ပါဘူး။ လူတိုင်းမှာ အားသာချက်တွေ ရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ကိုယ့်နောက်လိုက်တွေရဲ့ အားသာချက်တွေကို သိအောင် လေ့လာစူးစမ်းမှုတွေ ပြုလုပ်ပါ။
သူတို့ ရဲ့ အားသာချက်တွေကို ကောင်းမွန်စွာ အသုံးချနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ သူတို့ ရဲ့ အားနည်းချက်တွေကိုလည်း သိမြင်လာအောင် အပြု သဘော ဆောင် တဲ့ လမ်းညွှန်မှုတွေ ပြုလုပ်ပေးပြီး အားနည်းချက်တွေကနေ အားသာချက်တွေ ဖြစ်လာအောင် ပြောင်းလဲနိုင်တဲ့ အခြေအနေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
ဖန်တီးပေးထားတဲ့ အခြေအနေ၊ အခွင့်အလမ်းတွေကို နောက်လိုက်များကိုယ်တိုင် အောင်မြင်စွာ လုပ်ဆောင်နိုင်သည်ဟူသော ယုံကြည်ချက်တစ်ခု ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရှိနေသင့်သလို ထိုကဲ့သို့ ယုံကြည်ကြောင်း ကိုလည်း နောက်လိုက်များ သိမြင်စေရန် ဖော်ထုတ်ပြသဖို့ လိုအပ်ပါတယ်။
ထိုကဲ့သို့  ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ့်နောက်လိုက်တွေရဲ့ အရည်အချင်းတွေဟာလည်း တိုးတက်လာမှာ ဖြစ်သလို နောက်လိုက်ကောင်းတွေနဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်း တစ်ခုအနေနဲ့လည်း အောင်မြင်မှု ရရှိမှာ ဧကန် မုချပင် ဖြစ်ပါသည်။
credit: Eduadvice_for_all
#FutureELC
#NwayZO