သင့်ပတ်ဝန်းကျင်မှာ အရာရာတိုင်းကို နှံ့နှံ့စပ်စပ်သိပြီးတတ်ကျွမ်းနေသူတွေကို တွေ့မြင်ဖူးမယ်ထင်ပါတယ်။ သင် သူတို့ကိုအားကျပြီး သူတို့လို ဖြစ်ချင်နေတယ်မဟုတ်ပါလား?
ဒါပေမယ့် ဘယ်ကနေ ဘယ်လိုစပြီး လုပ်ဆောင်ရမှန်း မသိ ဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးကိုအဆုံးထိ ဖတ်ကြည့်ပါ။ သင့်အတွက် အကျိုးကျေးဇူး တစ်ခုခုရသွားမှာ သေချာပါတယ်။
(၁) နေ့တိုင်းသတင်းစာဖတ်ပါ။
သတင်းစာတွေထဲမှာ ကမ္ဘာ့နှင့်အဝှမ်း နေ့စဉ်ဖြစ်ပျက်နေတဲ့နာမည်ကြီးသတင်းတွေ အမြဲပါဝင်တာကြောင့် သင့်အနေနဲ့ နေ့တိုင်း သတင်းစာဖတ်မယ်ဆိုရင် ခေတ်နောက်ကျပြီးတုံးအ နေစရာ အကြောင်းမရှိပါဘူး။
သတင်းစာ ဖတ်တဲ့အခါမှာလည်း နိုင်ငံတကာသတင်းတွေအတွက်အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာတွေကို အဓိက ဖတ်ရှုပါ။
အကောင်းဆုံးကတော့ New York Timesနဲ့ Wall Street တို့လို့ ကမ္ဘာကျော် သတင်းစာတွေ ဖတ်တာ အကောင်းဆုံးပါပဲ။
ဒါ့အပြင် ဖတ်နေရုံနဲ့မပြီးသေးပါဘူး။ အဲဒီအထဲက သင်အရမ်းစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို သင့်သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပြန်ဆွေးနွေးသင့်ပါတယ်။
(၂) ရသစာပေကိုတစ်နေ့မှာ အနည်းဆုံး မိနစ် (၂၀) ခန့်ဖတ်ပါ။
ရသစာပေဟာ သုတစာပေတွေလို သင်လိုချင်တဲ့ ပညာရပ်ဆိုင်ရာအကြောင်းအရာတွေကို တိုက်ရိုက်မပေးနိုင်ပေမယ့် ၎င်းဟာ သင့်ရဲ့ စိတ်နှလုံးကို နူးညံ့ပြီး တက်ကြွလန်းဆန်းနေအောင် အားပေးနိုင်ပါတယ်။
တက်ကျမ်း၊ နိုင်ငံရေး၊ သမိုင်းနဲ့ အတ္ထုပတ္တိတွေကသင့်ကို မပေးနိုင်မယ့် တစ်ချို့သော အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းနဲ့ သင်ခန်းစာတွေကို ရသစာပေးက သင့်ကို ပေးစွမ်းနိုင်ပါတယ်။
လူတစ်ယောက်ဟာ လူနဲ့တူတဲ့ နှလုံးသား ရရှိဖို့အတွက်ရသစာပေ ဖတ်ရှုဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံးတော့ မိနစ်(၂၀)ခန့်အချိန်ယူပြီး ရသစာပေ ဖတ်ရှုသင့်ပါတယ်။
(၃) အမြဲတမ်းလေ့လာသင်ယူပါ။
ကောလိပ်တွေ တက္ကသိုလ်တွေ တက်ရောက်နေမှသာ လေ့လာသင်ယူခြင်းကိုပြုလုပ်လို့ရတာ မဟုတ်ပါဘူး။
နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာမှန်သမျှကို ကောင်းစွာသင်ခန်းစာယူခြင်း၊ ၎င်းတို့ကို ဆင်ခြင်နှလုံးသွင်း တတ်ခြင်း နဲ့ သင်ရောက်ရှိနေတဲ့ နေရာတိုင်းကအရာတွေကို စူးစမ်းလေ့လာနေခြင်းတို့ဟာလည်း လေ့လာသင်ယူခြင်းပါပဲ။
သင် လူရည်လည်တဲ့ လူတစ်ယောက်ဖြစ်ချင်ရင်လေ့လာသင်ယူခြင်းကို ဘယ်သောအခါမှ မရပ်တန့်လိုက်ပါနဲ့။
(၄) များများနားထောင်ပါ။
တခြားသူတွေဆီက စကားတွေကို နားထောင်တာဟာအရင်းအနှီးမလိုဘဲရတဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုပါ။ လူတစ်ယောက် လူရည်လည်နေခြင်း ဟာ လူအများရဲ့စကားသံတွေကို စိတ်ရှည်သည်းခံစွာ နားထောင်နိုင်တာကြောင့်လည်း ပါပါတယ်။
နည်းနည်းပြောပြီးများများနားထောင်ခြင်းဟာ သင့်ကို လူရည်လည်တဲ့ လူတစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။
(၅) သင်တန်းတစ်ခုခုကို အမြဲတက်ရောက်နေပါ။
သင်တန်းတွေဟာ လူသားအရင်းအမြစ်ကို မြင့်တက်လာအောင်လုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော အရာတစ်ခုပါပဲ။ သင်တန်းတစ်ခုခုကို အမြဲတက်ရောက်နေတဲ့သူဟာလူရည်မလည်ရင်တောင် မတုံးမအ နိုင်ပါဘူး။
ဒါကြောင့် သင်တန်းတစ်ခုခုကို အမြဲတက်ရောက်နေပါ။ ပန်းချီ၊ အက လိုမျိုးအနုပညာ၊ နိုင်ငံခြား ဘာသာစကားတစ်ခုခု (သို့မဟုတ်) ပညာရပ်တစ်ခုခုနဲ့ပတ်သက်ပြီး သင်တန်းတစ်ခုခု တက်ရောက်နေပါ။