×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 21 December 2018

ဂျပန်နိုင်ငံကမိဘတွေရဲ့ ထူးခြားတဲ့ကလေးအုပ်ထိန်းမှုပုံစံ (၃) မျိုး

ငယ်စဉ်ကတည်းကနေပြီးအရွယ်ရောက်တဲ့အချိန်အထိ ကလေးတွေကို တားမြစ်တာ အတင်းအကြပ်စေခိုင်းတာမျိုးတွေ မရှိဘဲနားလည်မှုနဲ့ ချစ်ခြင်းမေတ္တာကိုသာ အဓိက အခြေခံပြီး ဆုံးမသွန်သင်ကြပါတယ်။


ဂျပန်လူမျိုးတွေဟာ စည်းကမ်းရှိပြီး အလုပ်အလွန်ကြိုးစားတဲ့လူမျိုးတွေအဖြစ် တစ်ကမ္ဘာလုံးက သတ်မှတ်ခံထားရပါတယ်။ သူတို့ဟာ အဲဒီလို ကောင်းမွန်တဲ့အမူအကျင့်တွေနဲ့ စိတ်ဓာတ်တွေကို ပိုင်ဆိုင်ထားကြတာဟာ ငယ်စဉ်ကတည်းက ဆုံးမသွန်သင်ခံထားကြလို့ ပဲဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ မိဘအုပ်ထိန်းမှု ပုံစံကို တခြားသောနိုင်ငံကမိဘတွေ အတုယူသင့်ပါတယ်။

(၁) မိခင်နဲ့ကလေးကြားက ဆက်စပ်မှု

ဂျပန်နိုင်ငံမှာ မိခင်နဲ့ ကလေးကြားက ဆက်ဆံမှုဟာအလွန်ခိုင်မာတာကို တွေ့ရပါတယ်။ ဂျပန်အမျိုးသမီးတွေဟာ သူတို့ရဲ့ သားသမီးတွေကို အသက်(၅) နှစ် မပြည့်မချင်း အိပ်/ စား/ သွားလာ စတဲ့အမှုကိစ္စအကုန်လုံးကို လွတ်လပ်ခွင့်ပေးထားပါတယ်။ သူတို့ဟာ သူတို့ရဲ့ ကလေးတွေ အနားမှာ အချိန်ပြည့် ရှိနေပေမယ့်လည်း ကလေးတွေကို သူတို့စိတ်ကြိုက်အကုန်လုံး ပြုလုပ်ခွင့်ပေးထားတာကို တွေ့ရပါတယ်။

တခြားသော လူမျိုးတွေဟာ အဲဒီလိုလုပ်တာကိုအလိုလိုက်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဂျပန်လူမျိုးတွေရဲ့ ကလေးအုပ်ထိန်းမှုပုံစံပါပဲ။ အဲဒီလို အုပ်ထိန်းတာကြောင့် ဂျပန်လူမျိုးတွေဟာ ငယ်စဉ်ကတည်းက ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေ....ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၂) ကလေးတွေအားလုံးဟာ အတူတူပါပဲ

ဂျပန်နိုင်ငံရဲ့ ကလေးအုပ်ထိန်းမှုနဲ့ ပတ်သက်တဲ့စည်းမျဉ်းတွေ အတွေးအခေါ်တွေဟာ တကယ်ကို ဆန်းကျယ်ပါတယ်။ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့အသက်(၅) နှစ်အောက် ကလေးတွေကို "ပြည့်စုံတယ်/ အပြစ်ကင်းစင်တယ်" လို့ သတ်မှတ်ထားကြပါတယ်။

ဒါကြောင့် သူတို့ဟာ အသက် (၅) နှစ်အောက်ကလေးတွေကို လွတ်လပ်ခွင့် အပြည့်အဝ ပေးထားကြတာဖြစ်ပါတယ်။ ဒါ့အပြင် အသက် (၅) နှစ်ကနေ (၁၅) နှစ်အထိ ကလေးတွေ အကုန်လုံးကိုတော့  "အတူတူပဲ" လို့ သတ်မှတ်ထားကြပြီး အားလုံးကိုတန်းတူ အခွင့်အရေး ပေးထားတာကို တွေ့ရပါတယ်။

(၃) စနစ်ကျတဲ့အုပ်ထိန်းမှု

ဂျပန်လူမျိုးတွေရဲ့ ကလေးအုပ်ထိန်းမှုပုံစံကိုလေ့လာကြည့်တဲ့အခါမှာ အုပ်ထိန်းမှုအဆင့် (၃) ဆင့်ရှိတာကို တွေ့ရပါလိမ့်မယ် ။

ပထမ အဆင့် ဂျပန်လူမျိုး မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ငယ်ရွယ်ချိန်ကတည်းက ချစ်ခြင်းမေတ္တာကိုအပြည့်အဝ ပေးကြတာကို တွေ့ရပါတယ်။ သူတို့ဟာ ကလေးတွေကို ချစ်ခြင်းမေတ္တာအား ကောင်းစွာခံစားတတ်စေပြီးမိသားစုဝင်တွေအပေါ်မှာရော သူစိမ်းတွေအပေါ်မှာပါ မေတ္တာထားတတ်ဖို့ကို ကောင်းစွာ သင်ကြားပေးကြပါတယ်။

ဒုတိယ အဆင့် သူတို့ဟာ ကလေးတွေကို လူ့လောကမှာ ဘောင်ဝင်တန်းဝင်စွာ နေတတ်အောင် လူတစ်ဦးတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေ ကျွမ်းကျင်မှုတွေကို သေချာသင်ကြား ပြသပေးပါတယ်။ ဥပမာ- ဂျပန်နိုင်ငံမှာကလေးတွေ အားလုံးဟာ မူကြိုကျောင်းမှာ ကတည်းက ယောက်ျားလေး မိန်းကလေးရယ်လို့ မရွေးဘဲ အချက်အပြုတ်၊ အချုပ်အလုပ်၊ သန့်ရှင်းရေ စတဲ့ အရာတွေ အကုန်လုံးကို မဖြစ်မနေ သင်ကြားရပါတယ်။

တတိယ အဆင့် နောက်ဆုံးအဆင့်မှာတော့ ဂျပန်လူမျိုးတွေဟာ သူတို့ရဲ့ကလေးတွေကို လူ့ဘဝမှာ ရှင်သန်နေထိုင်ရတဲ့အဓိက ရည်ရွယ်ချက်ကို ရှာဖွေခိုင်းကြပါတယ်။ ဒါ့အပြင် သူတို့ကလေးတွေရဲ့ ဝါသနာတွေ ကျွမ်းကျင်မှုတွေကိုသူတို့ဘက်က တတ်နိုင်သလောက် အကောင်းဆုံး ထောက်ပံ့ပေးလေ့ရှိကြပါတယ်။ ငယ်စဉ်ကတည်းကနေပြီးအရွယ်ရောက်တဲ့အချိန်အထိ ကလေးတွေကို တားမြစ်တာ  အတင်းအကြပ်စေခိုင်းတာမျိုးတွေ မရှိဘဲနားလည်မှုနဲ့ ချစ်ခြင်းမေတ္တာကိုသာ အဓိက အခြေခံပြီး ဆုံးမသွန်သင်ကြပါတယ်။

Source: လူငယ်

Read times Last modified on Wednesday, 29 January 2020 10:28
Rate this articles
(2 votes)