×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 09 January 2019

လူမှုဆက်ဆံရေးမကောင်းသူတွေရဲ့ သိသာထင်ရှားတဲ့ လက္ခဏာများ

လူမှုဆက်ဆံရေးမကောင်းသူတွေမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိကြပါတယ်။ ဒီလက္ခဏာတွေ ပိုများလေလေ လူမှုဆက်ဆံရေး စွမ်းရည် ညံ့ဖျင်းလေလေပါပဲ။ လူတွေကြားထဲမှာ နေရထိုင်ရခက်ပြီး

အမြဲတမ်းရှောင်ဖယ်နေကြပါလိမ့်မယ်။ ဒီလက္ခဏာတွေက ဘာတွေလဲ၊ သင်ကိုယ်တိုင်ရော လူမှုဆက်ဆံရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေလား သုံးသပ်ကြည့်ပါ။

လူများများနဲ့ တွေ့ရမယ့်နေရာတွေမှာ စိတ်လှုပ်ရှားတတ်ခြင်း

လူမှုဆက်ဆံရေး မကောင်းတဲ့သူတွေဟာ လူများများနဲ့ ထိတွေ့ဆက်ဆံရမယ့်နေရာတွေရောက်ရင် မသက်မသာ ခံစားတတ်ကြရပါတယ်။ ဒီအချိန်မှာ ဘာမှန်းမသိစိုးရိမ်စိတ်တွေ ၀င်လာတတ်ပါတယ်။ ဒါ့ကြောင့်ပဲ လူတွေနဲ့ ဆက်ဆံရတဲ့အခါ ပေါက်ကရတွေ လုပ်တတ်ကြတာဖြစ်ပါတယ်။

လူမှုဆက်ဆံရေး စံနှုန်းတွေ နားမလည်ခြင်း

လူမှုဆက်ဆံရေးမကောင်းသူတွေဟာ လူမှုရေးထုံးတမ်းအစဉ်အလာတွေကို နားမလည်ကြတာ များပါတယ်။ ဘာတွေ လုပ်သင့်တယ် ဘာတွေ မလုပ်သင့်ဘူးဆိုတာ မသိကြပါဘူး။ ဘယ်အချိန်မှာ စကားစပြောရမလဲ၊ ဘယ်အကြောင်းအရာကို ပြောရင် သင့်တော်မလဲ၊ ဘယ်လို ဟာသမျိုးက အကောင်းဆုံးဖြစ်မလဲ နားမလည်ပါဘူး။ ပြောချင်ရာပြောပြီး လုပ်ချင်တာတွေ လုပ်တတ်ကြပါတယ်။

မဆီမဆိုင် အပြုအမူ၊ အပြောအဆိုတွေ ရှိတတ်ခြင်း

လူမှုဆက်ဆံရေးညံ့ဖျင်းသူတွေဟာ မရီရတဲ့ ဟာသတွေ၊ မလိုအပ်တဲ့ ချီးကျူးစကားတွေကို ပြောတတ်ကြပါတယ်။ ပြောရရင် သူတို့ရည်ရွယ်တာက တစ်ခြား တကယ်ရရှိတဲ့ ရလဒ်ကတစ်ခြားဖြစ်စေမယ့် အပြုအမူအပြောအဆိုတွေကို လုပ်တတ်ကြသူတွေပါ။ ဒါဟာ လူမှုဆက်ဆံရေးမှာ အံဝင်ခွင်ကျမဖြစ်ပဲ အမြဲတမ်း အခက်တွေ့နေသူတွေပဲ ဖြစ်ပါတယ်။

စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ခြင်း

လူတိုင်းမှာ စကားပြောနေရင်းနဲ့ စကားစ ပြတ်သွားတာမျိုး ရှိတတ်ကြပါတယ်။ ဒါပေမယ့် လူမှုဆက်ဆံရေး ညံ့ဖျင်းသူတွေနဲ့တော့ မတူပါဘူး။ လူမှုဆက်ဆံရေး မကောင်းသူတွေဟာ စကားကို ပြောနေရင်းနဲ့ ဖြတ်လိုက်တတ်ကြသလို မဆီမဆိုင်လည်း ဖြတ်ပြောတတ်ကြပါတယ်။ တဖက်သူက ပြောနေတာကိုလည်း ဘာမှပြန်မပြောပဲ မဆိုင်သလို နေတတ်ကြပါတယ်။ သူတို့နဲ့စကားပြောရတာ ဘယ်တော့မှ စိတ်ကျေနပ်စရာ ဖြစ်မှာ မဟုတ်ပါဘူး။

အခြားသူတွေက ရှောင်တာခံရခြင်း

တကယ်လို့ အခြားသူတွေက သင်နဲ့ စကားပြောဖို့ ဆက်ဆံဖို့ ရှောင်ဖယ်နေကြမယ်ဆိုရင် သင့်ရဲ့ လူမှုဆက်ဆံရေးမှာ ချို့ယွင်းချက်ရှိနေပါပြီ။ သူတို့အမြင်မှာ သင်က လူ့ဂွစာတစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒါဟာ သင့်ရဲ့ လူမှုဆက်ဆံရေး အပြုအမူတွေ နည်းလမ်းမမှန်လို့ပါ။

အခြားသူတွေနဲ့ အဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေး မရှိခြင်း

လူမှုဆက်ဆံရေး မကောင်းသူတွေဟာ လူတွေနဲ့ စကားအပြောအဆို အဆင်မပြေတာကြောင့် သူတို့သဘော သူတို့ဆောင်နေတတ်ကြသလို လူတွေနဲ့ ဝေးအောင်ရှောင်နေတတ်တာမျိုးလည်း ရှိပါတယ်။

ထို့ကြောင့် လူတွေနဲ့ အဓိပ္ပါယ်တစ်ခုခုရှိတဲ့ ဆက်သွယ်မှုမျိုး ကင်းမဲ့နေတတ်ပါတယ်။ သူတို့မှာ သူငယ်ချင်း အပေါင်းအသင်း နည်းနည်းပဲ ရှိတယ်။ အသိုင်းအ၀ိုင်းအနေနဲ့လည်း ကျဉ်းမြောင်းပြီး တစ်ယောက်ထဲ နေရချိန်တွေ ပိုများတတ်ပါတယ်။


Source: Gentleman

Read times Last modified on Wednesday, 29 January 2020 10:54
Rate this articles
(2 votes)