×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 19 March 2019

မျှော်လင့်ချက် မဆုံးရှုံးပါစေနဲ့…???

တစ်ခါက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဟာ အလုပ်က ၀န်ထမ်းလျှော့ရာမှာ ပါဝင်သွားခဲ့ပြီး အလုပ်ကို ဆုံးရှုံးလိုက်ရပါတယ်။

သူဟာ စားဝတ်နေရေးအတွက် အလုပ်တစ်ခုကို ရှာဖွေပြီး ကုမ္ပဏီကြီးတစ်ခုရဲ့ ရုံးစေ(ပျာတာ)အလုပ်ခေါ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အလုပ်မရှိရင် မဖြစ်တော့တဲ့အခြေအနေကြောင့် ရုံးစေအလုပ်ကိုပဲ လျှောက်ထားလိုက်ပါတယ်။

နောက်တစ်နေ့မှာ အလုပ်အင်တာဗျူးသွားဖြေဆိုတဲ့အခါ မန်နေဂျာဖြစ်သူက စစ်ဆေးမှုတစ်ခု မေးပါတယ်။သူကလည်း စစ်ဆေးမှုကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့အတွက် မန်နေဂျာက-

“ခင်ဗျားကို အလုပ်ခန့်လိုက်ပြီ။ အခု အလုပ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့အသေးစိတ်အချက်အလက်တွေ ပို့ပေးလို့ရအောင် ခင်ဗျားရဲ့ အီးမေးလ်လိပ်စာပေးပါ”

အမျိုးသားက “ဆရာ၊ ကျွန်တော့်မှာ ကွန်ပျူတာလည်းမရှိပါဘူး။ အီးမေးလ်လိပ်စာလည်း မရှိပါဘူး” လို့ ပြန်ဖြေတဲ့အခါ

“ဘာ၊ ဒီခေတ်ကြီးထဲမှာ အီးမေးလ်လိပ်စာလေးတောင် မရှိဘူးဆိုရင် ခင်ဗျားဆိုတာ မရှိသလိုပဲ။ အီးမေးလ်လိပ်စာ မပေးနိုင်ဘူးဆိုရင်တော့ ခင်ဗျားကို အလုပ်မခန့်နိုင်ဘူး” လို့ မန်နေဂျာက ပြောဆိုပြီး အလုပ်ခန့်ဖို့ ငြင်းပယ်လိုက်ပါတယ်။

အမျိုးသားဟာ အလုပ်လည်းမရတဲ့အတွက် ဘာလုပ်ရမှန်း မသိ၊ စိတ်ပျက်လက်ပျက်နဲ့ အိမ်ကို ပြန်လာခဲ့ပါတယ်။ သူ့မှာ ရှိသမျှ လက်ကျန်ငွေကို စစ်ဆေးကြည့်တဲ့အခါမှာ ဒေါ်လာ ၂၀ ခန့် ရှိနေပါတယ်။ သူက ခဏလောက် ထိုင်ပြီး စဉ်းစားလိုက်တဲ့အခါမှာ အကြံတစ်ခု ရလာခဲ့ပါတယ်။

သူ့ရဲ့လက်ကျန်ငွေ ဒေါ်လာ ၂၀ ကို ကိုင်ပြီး လက်ကားဈေးကြီးတစ်ခုကို သွားပါတယ်။ ဒေါ်လာ ၂၀ ကို အရင်းပြုပြီး ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေကို ၀ယ်ယူကာ ရပ်ကွက်ထဲမှာ တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်ရောင်းပါတယ်။ ဒီလိုနဲ့ ညနေရောက်တဲ့အခါမှာ ၀ယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အားလုံးကုန်သွားပြီး အမြတ်အစွန်းလည်း တော်တော်ကျန်တာကို တွေ့လိုက်ရပါတယ်။

ဒီလို ရောင်းဝယ်မှုနည်းလမ်းနဲ့ ၀င်ငွေရှာနိုင်တာကို သူသဘောပေါက်သွားပြီး နေ့တိုင်းမနက်စောစောမှာ လက်ကားဈေးကြီးကိုသွားပြီး ဟင်းသီးဟင်းရွက်တွေ ၀ယ်ပါတယ်။ တစ်နေ့လုံး မြို့ထဲမှာ လိုက်လျှောက်ရောင်းပြီး ၀င်ငွေရှာပါတော့တယ်။

သူဟာ နေ့တိုင်းအလုပ်ကို ကြိုးကြိုးစားစားလုပ်သလို စိတ်ကူးသစ်တွေပေါင်းစပ်ပြီး ဇွဲအပြည့်နဲ့ လုပ်ဆောင်ခဲ့တဲ့အတွက် အချိန် (၅)နှစ်ကြာပြီးတဲ့နောက်မှာတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ သူကိုယ်တိုင် သွားဝယ်ပြီး အိမ်ပါက်စေ့လိုက်ရောင်းစရာမလိုတော့ပဲ ၀န်ထမ်းတွေ ခန့်ထားနိုင်ပြီး ကုန်ပစ္စည်းအမှာစာတွေကို ကားတွေနဲ့ လိုက်ပို့ပေးတဲ့ လက်လီအရောင်းလုပ်ငန်းကြီးတစ်ခုကို တည်ထောင်ထားနိုင်ပြီဖြစ်ပါတယ်။

တစ်ရက်မှာတော့ သူ့မိသားစုတစ်ခုလုံးအတွက် အသက်အာမခံထားရှိဖို့ အာမခံကိုယ်စားလှယ်ကို ဆက်သွယ်လိုက်ပါတယ်။ အားလုံးတိုင်ပင်ဆွေးနွေးပြီး အာမခံကိုယ်စားလှယ်က အချက်အလက်တွေ ပို့ပေးဖို့အတွက် အီးမေးလ်လိပ်စာပေးဖို့ တောင်းဆိုတဲ့အခါ -

“ကျုပ်မှာ အီးမေးလ်လိပ်စာ မရှိဘူးဗျ”

အာမခံကိုယ်စားလှယ်က အရမ်းအံ့သြသွားပြီး -

“ခင်များမှာ အီးမေးလ်မရှိတာတောင်မှ အခုလိုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကြီးကို တည်ထောင်ထားနိုင်တယ်။ အီးမေးလ်သာရှိရင် ခင်ဗျား ဘာဖြစ်လာမလဲဆိုတာ စိတ်ကူးမိရဲ့လား”

လုပ်ငန်းရှင်အမျိုးသားက တစ်ချက်တွေပြီး ပြန်ဖြေလိုက်တာက -

“ကျုပ်မှာသာ အီးမေးလ်လိပ်စာရှိခဲ့မယ်ဆိုရင် ရုံးစေ၀န်ထမ်းတစ်ယောက်ဖြစ်နေမှာပေါ့”

သင်ခန်းစာ ။       ။ ဘ၀မှာ လိုချင်တာကို မရလို့လည်း စိတ်မပျက်သွားပါနဲ့။ မရှိတာတွေအတွက်လည်း အားမငယ်ပါနဲ့။ မျှော်လင့်ချက်ကို လုံးဝမစွန့်လွှတ်ပဲ ရှေ့ဆက်ကြိုးစားပါ


Source: Gentleman Magazine

Read times Last modified on Thursday, 30 January 2020 17:58
Rate this articles
(1 Vote)