လူ့ ဘဝကို အချိန်နဲ့ တိုင်းတာတယ်။ လူ့ ဘဝဟာတိုတောင်းတယ်လို့  ပြောကြတာအချိန်နဲ့ တိုင်းတာလို့ ပေါ့။
ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ပစ္စည်းတစ်ခုကိုပြောပါဆိုရင် စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ စတာတွေ ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီပစ္စည်းတွေကို ပိုက်ဆံရှိရင် ဝယ်လို့ ရပါတယ်။
လောကကြီးမှာ ပိုက်ဆံဘယ်လောက်ပေးပေး ဝယ်လို့မရတာ အချိန်ပဲဗျ။ မနေ့ကကုန်ဆုံးသွားတဲ့အချိန်ကို ဒေါ်လာတစ်သိန်းနဲ့ ဝယ်မယ်ဗျာရမလား။ မရဘူး။ ငယ်ငယ်က ပျော်စရာ ကလေးလေးဘဝတုန်းက ကျန်ခဲ့တဲ့အချိန်လေးကို ဒေါ်လာတစ်ထောင်ပေးပြီး ဝယ်မယ်ဗျာ။ ဝယ်လို့ရလား မရဘူးလေ။ဒါကြောင့် ဒီလောကကြီးမှာအဖိုးတန်ဆုံးအရာဟာ အချိန်ပဲလို့ ပြောရင် ငြင်းနိုင်မယ်မထင်ပါဘူး။ ဒါဆိုရင်ကျွန်တော်တို့ အလွန်အဖိုးတန်တဲ့အချိန်တွေကိုဘာကြောင့်ဖြုန်းတီးနေကြတာလဲ။ အချိန်ရဲ့ တန်ဖိုးကို မသိကြလို့ ပေါ့။
အချိန်ဟာ အဖိုးတန်တယ်ဆိုတာ အခု သိပြီ။ သိရင်မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အကျိုးရှိအောင် သုံးကြပါစို့လား။ အချိန်တွေကိုအကျိုးမရှိတဲ့ အရာတွေနဲ့ မကုန်ဆုံးအောင် ကြိုးစားကြပါစို့ လား။လက်ဖက်ရည်ဆိုင်ထိုင် လေပစ်နေတာ၊ ဂိမ်းကစားနေတာ၊ facebook စာမျက်နှာလေးကို လက်ညှိုးလေးနဲ့ ဟိုလှန်ဒီလှန်လုပ်နေတဲ့အချိန်လေးတွေကိုပေါင်းကြည့်လိုက်စမ်းပါ။ သင်အံ့သြသွားလိမ့်မယ်။
ကမ္ဘာပေါ်မှာ ကြီးပွားအောင်မြင်နေသူတိုင်းဟာ အဲ့ဒီ တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးရှိရှိသုံးခဲ့ကြသူတွေဖြစ်ပါတယ်။
သင်ညအိပ်မပျော်ခင် နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ ဒီနေ့ငါအချိန်ဘယ်လောက်ဖြုန်းခဲ့မိသလဲ။ အချိန်မဖြုန်းပဲ ဘာတွေလုပ်ခဲ့သလဲ။ ငါလုပ်ခဲ့တဲ့အလုပ်ဟာ ငါ့အတွက်၊ ငါ့မိသားစုအတွက် အကျိုးရှိရဲ့ လား၊ ငါ့နိုင်ငံအတွက် အကျိုးရှိရဲ့ လား။ ညတိုင်း အဲ့ဒိလို တနေ့ တာလုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်နေမယ်ဆိုရင် အဖိုးတန်လှတဲ့အချိန်တွေကို အကျိုးရှိရှိ သုံးတတ်လာပါလိမ့်မယ်။
လူ့ ဘဝဆိုတာ ရွှေအိုးကြီးထဲကနေ အချိန်ဆိုတဲ့ရွှေဒင်္ဂါးပြားတစ်ပြားကို တစ်မ်နစ်တိုင်း ထုတ်ယူသုံးနေရင် တချိန်ချိန်မှာ အိုးထဲရှိသမျှ ရွှေဒင်္ဂါးတွေ ကုန်သွားလိမ့်မယ်။ ကုန်သွားတာကိုထပ်ဖြည့်လို့မရဘူးလေ။ ထုတ်သုံးလိုက်တဲ့ ရွှေဒင်္ဂါားနဲ့ အကျိုးရှိတာလေးတွေ ဝယ်မထားခဲ့ဘူးဆိုရင် အိုးထဲမှာလဲပြောင်ရော လူ့ ဘဝကြီးမှာနေခဲ့ရတဲ့ ကာလလေးဟာလည်း အဓိပ္ပါယ်မဲ့ ဗလာနတ္ထိ ဖြစ်ကျန်ခဲ့မှာပါပဲ။
ငယ်ငယ်က မိဘတွေ ပညာပေးခဲ့ရဲ့သားနဲ့ ငါပညာမသင်ခဲ့လို့ အခုငါ့သူငယ်ချင်းလက်အောက်မှာ အောက်ကျခံလေုက်နေရတယ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့  စိတ်အားငယ်စကား။ ငါလုပ်နိုင်ကိုင်နိုင်တုန်းက ကြိုးစာြး့ပီး စီးပွားမရှာခဲ့လို့ အခုငါ့သားသမီးတွေ လူတန်းစေ့မထားနိုင်ဘူးဆိုတဲ့ အဖေတစ်ယောက်ရဲ့ ဝမ်းနည်းယူကျုံးမရ ပြောတဲ့စကား။ငါတရားအားထုတ်ဖို့ အချိန်ရပေမဲ့ အပျော်အပါးတွေနောက်လိုက်နေခဲ့တာ မှားပြီဆိုတဲ့သေခါနီးလူတစ်ယောက်ရဲ့ စိတ်ထိခိုက်ပြောစကား။ ဒါတွေ အားလုံးဟာ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းတီးခဲ့တဲ့လူတွေရဲ့ နောင်မှရတဲ့ နောက်တစကားတွေပါ။ နောင်တရလည်းနာက်ကျသွားပြီ။ ကုန်ဆုံးသွား တဲ့အချိန်ကို ပြန်မရနိုင်တော့ဘူး။
အချိန်နှောင်းမှ နောင်တရငိုကြွေးနေရမယ့် လူတွေထဲမှာ သင်မပါ၊ပါစေနဲ့ ။
ဗန်းမော်သိန်းဖေ (မျှဝေလိုသောအတွေးများ)