×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 05 September 2018

ဘွဲ့ရထားပေမယ့် ဘာလို့အလုပ်မရသေးတာလဲ

ဘွဲ့ရထားပေမယ့် ဘာလို့အလုပ်မရသေးတာလဲ google.com

တစ်ခါတလေဖြစ်တတ်ပါတယ်။ ကျောင်းပြီးလို့ဘွဲ့ရထားပြီးပေမယ့်လည်း အလုပ်ရှာမရတာတို့၊ သင့်တော်တဲ့အလုပ်မတွေ့တာမျိုးတွေပေါ့။ သူများတွေကတော့ ကျောင်းတောင်မပြီးသေးဘူး။ Part Time အလုပ်တွေလုပ်နေကြပြီ။

ကိုယ်ကျမှ ဘွဲ့တွေရထားရက်နဲ့ ဘာအလုပ်မှအဆင်မပြေ၊ လုပ်စရာမရှိဖြစ်နေရင်တော့ သင့်ဖက်က တစ်ခုခုလိုအပ်နေလို့ပါပဲ။ ဒီလိုဘွဲ့တစ်ခုနဲ့ အလုပ်လက်မဲ့လူငယ်တွေအနေနဲ့ အလုပ်မြန်မြန်လုပ်ရဖို့ ဘာတွေလိုအပ်လဲဆိုတာကို ကြည့်ရအောင်။


တကယ်ရှာဖွေပါ

အဆိုးဆုံးအချက်က အလုပ်မရဘူးလို့ ထိုင်အော်နေကြတယ်။ ဘာလို့မရလဲဆိုရင်တော့ မရှာလို့မရတာပါ။ အားသွန်ခွန်စိုက်အလုပ်ရှာတာမျိုးလည်း မရှိဘူး။ မျက်စိဖွင့်နားစွင့်ထားတာမျိုးလည်း မရှိဘူး။ ဟိုဟိုဒီဒီ ကုမ္ပဏီလေးတွေမှာ CV လေးတစ်စောင်နှစ်စောင်တင်ထားရုံနဲ့ အလုပ်ရမှာမဟုတ်ပါဘူး။ အခုဆိုရင် အလုပ်ရှာဖို့ အပြင်မှာ မိုးလင်းမိုးချုပ် ကုန်းကြောင်းလျှောက်နေဖို့လည်း မလိုအပ်တော့ပါဘူး။ လက်ထဲမှာ ဖုန်းလေးတစ်လုံးနဲ့ Facebook Account တစ်ခုရှိနေရုံနဲ့ လိုချင်တဲ့အလုပ်အကိုင်ကို အချိန်တိုတိုအတွင်း ထိထိရောက်ရောက်ရှာနိုင်ပါတယ်။


လူမှုဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ပါ

ဘယ်သူနဲ့မှလည်း ခင်ခင်မင်မင် မနေတတ်၊ ဘယ်မှလည်း မသွားချင်မလာချင်နဲ့ အိမ်ထဲမှာပဲ အောင်းနေသရွေ့တော့ အိမ်တံခါးခေါက်ပြီး ဘယ်သူကမှ အလုပ်လာအပ်မှာမဟုတ်ဘူးဆိုတာကို သိထားရပါလိမ့်မယ်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အလုပ်ရနိုင်အောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာအောင် လူမှုဆက်ဆံရေးကောင်းရပါလိမ့်မယ်။ အထူးသဖြင့်တော့ ကိုယ့်ကို ကူညီဖေးမနိုင်မယ့် သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားစမြည်ပြောတာပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိနိုင်တဲ့ ဦးလေးအဒေါ်တွေဆီ သွားလည်တာပဲဖြစ်ဖြစ် ပုံမှန်လုပ်ပေးပါ။

 

Recommended for you - မြန်မာစာဘာသာရပ် အထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့သင်တန်း တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများလျှောက်ထားနိုင်တဲ့ ပညာသင်ဆု


Internship ဆင်းဖို့ မပျင်းပါနဲ့

အလုပ်အကိုင်အခွင့်အလမ်းတော်တော်များများဟာ လမ်းကြောင်းပေါ်ရောက်သွားလေလေ၊ ပိုပြီးမြင်ရလာလေလေ၊ ပိုပြီးများလာလေလေပါပဲ။ ဒါကြောင့် Internship ဆင်းဖို့ မကြောက်ပါနဲ့။ မပျင်းပါနဲ့။ Internship ဟာ လစာကောင်းကောင်းမရလို့၊ ထမင်းဖိုးနဲ့ ခရီးစရိတ်ပဲရလို့ မလုပ်ဘူး။ အပြင်ကနေ အလုပ်ပဲရှာမယ်လို့ စိတ်ကူးရှိနေရင်တော့ အခုပဲ အဲဒီ့စိတ်ကူးကို ပြောင်းလဲလိုက်ပါတော့။ ဘယ်အလုပ်မဆို သေးသေးလေးကနေပဲ စတင်ရမှာပါ။


လိုအပ်တာကိုဖြည့်ဆည်းပါ

အလုပ်တွေလည်း ပုံမှန်လိုက်လျှောက်နေတယ်။ အားသွန်ခွန်စိုက်လည်း ရှာဖွေနေပါရက်နဲ့ အလုပ်မရဘူးဖြစ်နေရင်တော့ ကိုယ့်မှာဘာလိုအပ်ချက်ရှိနေပြီလဲဆိုတာကို ပြန်ကြည့်ရပါတော့မယ်။ ဘွဲ့တစ်ဘွဲ့ရရုံနဲ့ အလုံးစုံပြည့်စုံသွားတဲ့လူငယ်တစ်ဦး မဖြစ်သေးပါဘူးနော်။ တခြားလိုအပ်တဲ့ Skills တွေကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ပြန်မေးပါ။ ပညာပိုင်းအရ လိုနေတာလား။ စိတ်ပိုင်းဆိုင်ရာ လိုအပ်နေတာလား။ ဘာလိုအပ်နေတာလဲ။ သေချာစဉ်းစားပြီး လိုအပ်တာကို ဖြည့်ဆည်းပါ။


ဘာကြောင့်အလုပ်မရတာလဲ။ အလုပ်လိုချင်ပြီး အလုပ်မရဘူးဆိုရင်တော့ အပေါ်က ပြောပြထားတဲ့အချက်လေးချက်ထဲက ဘယ်အချက်လိုအပ်နေပြီလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပွင့်ပွင့်လင်းလင်းရိုးရိုးသားသား ဆန်းစစ်ပါ။ အပြောင်းအလဲလုပ်ရမှာကို မကြောက်ပါနဲ့။ မပြောင်းလဲဘဲ တသမတ်ကြီးပဲ ဘဝကိုဖြတ်ကျော်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လိုအပ်တာတွေကို အမြန်ဆုံးဖြည့်ဆည်းပြီး အလုပ်တွေရှာဖွေကြရအောင်။

 

Recommended for you - အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲများအကြောင်း

 

Recommended for you - တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲကြီး ကျင်းပမည်

 

Credit; Moethaesay(Akhayar)

Read times Last modified on Tuesday, 21 January 2020 15:28
Rate this articles
(1 Vote)