×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 23 March 2019

ဘာမဆို ဖြစ်နိုင်တယ်လို့ ပြောကြတာ တကယ်ပဲလား ???

လောကကြီးမှာ ဘာမဆို ဖြစ်နိုင်တယ်လို့ ပြောကြတယ် တကယ်ပဲလား။ လူတွေက စိတ်ဓာတ်သာ ပြင်းထန်မယ် ဆိုရင် မယုံနိုင်လောက်စရာ ကြီးမားတဲ့ ကိစ္စတွေကိုတောင် ဖြစ်အောင် လုပ်နိုင်ကြတယ်ဆိုတာ အမှန်ပါပဲ။

ပြီးတော့ အခု လက်ရှိခေတ်မှာလည်း မဖြစ်နိုင်ပါဘူးလို့ ထင်ခဲ့ကြတဲ့ အရာတွေ ဖြစ်လာတာ၊ ဖြစ်နေတာကလည်း အားလုံးရဲ့ မျက်မြင်ပဲလေ။ ဒါပေမယ့် အရာအားလုံးတော့ မဟုတ်သေးပါဘူး။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ဖြစ်မလာနိုင်တဲ့ တစ်ချို့သော ကိစ္စလေးတွေလည်း ရှိကြပါတယ်။

အရှင်းဆုံး ဥပမာ အနေနဲ့ ပြောရရင် သေဆုံးခြင်းကို ကျွန်တော်တို့တွေ မတားဆီးနိုင်သလိုပေါ့။ ဘယ်လောက်ပဲ မခွဲချင်ပါဘူး ပြောနေလည်း၊ ဘယ်လောက်ပဲ ချစ်နေရင်လည်း မသေပါနဲ့ဆိုပြီး ဆွဲထားလို့ မရသလို သေမင်းကိုလည်း သွားတောင်းပန်လို့ မရပါဘူး။ အကောင်းဆုံး ကြိုးစားပေမယ့် ဖြစ်မလာနိုင်တဲ့ အရာတွေရှိတယ်၊ သေဆုံးသွားတဲ့ အိမ်မက်တွေလည်း ရှိတယ်၊ ငေးကြည့်ခွင့်ပဲ ရတဲ့ အရာလေးတွေလည်း ရှိတယ်။ ဒီလိုပါပဲ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကိစ္စကြီးတွေတင် မဟုတ်ဘဲ သေးငယ်တဲ့ ကိစ္စလေးတွေမှာလည်း မဖြစ်နိုင်ဘူး ဆိုတာ ရှိပါတယ်။ ဒါကြောင့် အရာအားလုံးကို ပုံသေသတ်မှတ်ထားလို့ မရပါဘူး။ အနိမ့်အမြင့် ရှိသလို ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာတွေက ဒွန်တွဲနေဦးမှာပါ။ ဒီလိုပြောလို့ စိတ်ဓာတ်ကျအောင် လာလုပ်နေတယ် မထင်ပါနဲ့။ ဒီအချက်က သိကို သိထားသင့်တဲ့ အရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်နိုင်သော တစ်ချို့ကိစ္စတွေရှိမှန်း အားလုံးလည်း သိကြတာပဲ မဟုတ်လား။

တစ်ခါတစ်လေ ကျွန်တော်တို့တွေ စိတ်ကူးယဉ်ပြီး ကမ္ဘာတစ်ခု ဖန်တီးနေကြပေမယ့် အဲဒီအရာတွေက လုံးဝ ဖြစ်မလာနိုင်တဲ့ အနေအထားတွေလည်း ရှိတတ်ပါတယ်။ အဲလိုအချိန်ကျရင်တော့ မျှော်လင့်ထားသမျှ၊ စိတ်ကူးထားသမျှ လွင့်ပြယ်ပျက်စီးရတာပေါ့။ ခေါင်းမာပြီး ရှေ့ဆက်တိုးပြန်ရင်လည်း ကိုယ်ပဲ ထိခိုက်နစ်နာမယ်၊ ဆုံးရှုံးရဦးမယ်လေ။ ကြိုးစားတာကတော့ အရမ်းကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တစ်ဖက်ကနေ မဖြစ်နိုင်ခဲ့ရင်၊ ဖြစ်မလာခဲ့ရင် ဆိုတဲ့ အခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ကိုယ်က အကောင်းဆုံးကို မျှော်လင့်ထားရင် အဆိုးဆုံးအတွက်လည်း ကြိုတွေးထားရမှာပါ။ နောက်နေတာ မဟုတ်ပါဘူးနော် မဖြစ်နိုင်တာတွေ ဘဝမှာ သိပ်များမှန်း တကယ်ကြုံဖူးသူတွေ ကောင်းကောင်းသိကြပါတယ်။ ပြီးတော့ အရမ်းလည်း လက်ခံရခက်တယ်လေ။

ဒီလိုမျိုး လုံးဝမဖြစ်နိုင်တဲ့ အခြေအနေနဲ့ ကြုံရတဲ့အခါ ကိုယ့်ဘက်ကနေ လက်လွှတ်တတ်ဖို့ လိုပါတယ်။ လက်လွှတ်ခြင်း ပညာရပ်ဆိုတာ တတ်မြောက်ဖို့ သိပ်ကိုခက်ခဲပါတယ်။ ကိုယ့်ဘက်က မလွှတ်ချနိုင်ဘဲ ဆက်ပြီး ဆုပ်ကိုင်ဖို့ ကြိုးစားရင်လည်း နောက်ဆုံးပိုပြီး ခံစားရမှာ ကိုယ်ကိုယ်တိုင်ပါပဲ။ ဓားတစ်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရသလိုပေါ့။ ဒါပေမယ့်လည်း လက်လွှတ်ဖို့ဆိုတာ အပြောသာ လွယ်တာ တကယ်တမ်း သိပ်ခက်ခဲတာလေ။ လူတော်တော်များများလည်း လက်မလွှတ်နိုင်လို့ ပိတ်မိနေသူတွေ၊ ဒဏ်ရာဗလပွနဲ့ ဖြစ်နေတဲ့သူတွေ၊ ဒုက္ခရောက်ရသူတွေ အများကြီး ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခက်ခဲပေမယ့် မဖြစ်နိုင်တာတွေကို လက်လွှတ်တတ်မှ ဘဝဆိုတဲ့ လမ်းကြောင်းပေါ် ကောင်းကောင်းမွန်မွန် ဆက်လက် လျှောက်လှမ်းနိုင်မှာပါ။

ဒါကြောင့်မို့ မကြိုးစားပါနဲ့လို့တော့ မပြောပါဘူး။ ကြိုးစားပါ ကောင်းပါတယ်၊ တတ်နိုင်သလောက် ကြိုးစားသင့်တယ် အောင်မြင်ရင် အောင်မြင်သွားမှာပေါ့ ဘယ်သူသိမှာလဲ။ ကြိုးစားတယ်ဆိုတာ မှားယွင်းတဲ့ ကိစ္စမှ မဟုတ်တာလေ။ ဒါပေမယ့်ပေါ့နော် မဖြစ်နိုင်တာ သိခဲ့ရင် လက်လွှတ်တတ်ပါစေ။ လက်လွှတ်တယ်ဆိုတာလည်း ပညာတစ်ခုပါ။ ဘဝမှာ လိုအပ်တဲ့ ပညာရပ်တွေထဲက တစ်ခုအပါအဝင်ပါပဲ။ ဘဝသင်ခန်းစာဆိုတာ အခက်အခဲကြားထဲက ကြိုးစားလာပြီး ရင်ဆိုင်ကျော်ဖြတ်မှ မဟုတ်ပါဘူး၊ မရှင်သန်ခဲ့ရတဲ့ အိမ်မက်တွေ၊ အကောင်အထည် ဖော်ခွင့်မရတဲ့ စိတ်ကူးတွေ၊ လက်လွှတ်လိုက်ရတဲ့ ကိစ္စတွေ ဆိုတာလည်း နာကျင်ရတဲ့ ဘဝသင်ခန်းစာတွေပါ။ ဒါတွေကနေ သင်ယူတတ်ရင် ဘဝရဲ့ ပြောင်းလဲနေတဲ့ အခြေအနေတွေကြားမှာ ပိုနေတတ်လာမှာပါ တစ်နည်းပြောရရင် ပိုရင့်ကျက်လာတာပေါ့။ ဆိုတော့ ဘဝမှာ မဖြစ်နိုင်တာတွေလည်း ရှိပါတယ်ဆိုတာ မှတ်ထားပါ။ ပြီးတော့ လက်လွှတ်တတ်ပါစေနော်။

Source: livethedream

Read times Last modified on Tuesday, 04 February 2020 15:03
Rate this articles
(0 votes)