×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 04 July 2019

"အလိုက်သင့်ဦးဆောင်ခြင်း"

"အလိုက်သင့်ဦးဆောင်ခြင်း" pexels

ခေါင်းဆောင်တစ်ယောက်ဟာ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ချင်လို့မဖြစ်ပါဘူး။

အဲဒီလိုတုံး တိုက်တိုက်ကျားကိုက်ကိုက်လုပ်တတ်သူများဟာ သူရဲကောင်းများသာဖြစ်ကြပါတယ်။ သူရဲကောင်းတိုင်း ခေါင်း ဆောင်မဟုတ်ပါဘူး။

သူရဲကောင်းဆိုတာ Do or Die လို့ပြောကြတဲ့ သေမလားနေမလားဆိုတဲ့လူတွေပါ။ သူတို့ရဲ့အဓိက စူးစိုက်ရာကတော့ အနိုင်ရရေးပဲဖြစ်ပါတယ်။ အရှုံးအနိုင်ဟာသူတို့ရဲ့ဘဝပါပဲ။

ရှေးက သူရဲကောင်းတွေ ခေါင်းဆောင်ခဲ့ကြတဲ့ခေတ်တွေ တစ်ခေတ်မကရှိခဲ့ဖူးပါတယ်။ အမှောင်ခေတ်တုန်းကလည်း သူရဲကောင်းတွေခေါင်းဆောင်ခဲ့သလို အလယ်ခေတ်မှာကျတော့ ဘာသာရေးခေါင်းဆောင်တွေ၊ အတွေးအခေါ် သမားတွေ၊ သံတမန်တွေပေါ်ထွန်းလာခဲ့ပေမဲ့ အဓိကကတော့ သူရဲကောင်းတွေပဲ ဦးဆောင်ခဲ့ကြတာပါပဲ။

 

 နောက်ဆုံးရီနေးစဲန့်ဆိုတဲ့ အနုခေတ်ဆန်းကာလမရောက်ခင်အထိ သူရဲကောင်းတွေပဲ ဦးဆောင်ခဲ့ကြတာပါ။ သူရဲကောင်းခေါင်းဆောင်အများစုဟာ လက်ရုံးရည်သာလွန်ကြသူများဖြစ်ကြပါတယ်။

တိုက်ရည်ခိုက်ရည် ကောင်းသူများဖြစ်ကြပါတယ်။ ဗိုလ်မထားစိတ်ရှိကြပါတယ်။ တိုက်လိုခိုက်လိုစိတ် အမြဲရှိနေကြပါတယ်။

 

သူတို့ဟာစစ်ပွဲတွေကိုဖန်တီးခဲ့ကြပါတယ်။ နယ်မြေတွေကိုသိမ်းပိုက်ခဲ့ကြပါတယ်။ သူတို့နောက်လိုက်မယ့် လူတွေကို သိမ်းသွင်းခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲအနိုင်ရတဲ့အခါ အင်အားကြီးထွားလာခဲ့တာပါ။

သူတို့ခေတ်မှာ လက်ရုံးသာအဓိကဖြစ်တဲ့အတွက် ပညာအသိအားနည်းခဲ့ပါတယ်။ ပညာနည်းတဲ့ အတွက် စာနာစိတ်လည်းမရှိသလောက်ပါပဲ။ သူတို့ခေတ်မှာ အမိန့်ပေးတာနဲ့ အမိန့်နာခံတာနှစ်မျိုးပဲရှိခဲ့တာပါ။

ကမ္ဘာ့အဖွဲ့အစည်းအသီးသီးဟာ ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုနဲ့ ဖြစ်တည်နေကြတာပါ။

တချို့အဖွဲ့ အစည်းတွေက အဖွဲ့အစည်းအရင်ဖြစ်ပြီးမှ အဲဒီအဖွဲ့အစည်းကိုဦးဆောင်မယ့်ခေါင်းဆောင် ရွေးချယ်တင် မြှောက်ကြပါတယ်။

တချို့အဖွဲ့အစည်းတွေက ဦးဆောင်မယ့်သူအရင်ပေါ်လာပြီးမှ အဲဒီဦးဆောင်သူနောက်ကို လိုက်ရင်းနဲ့ အဖွဲ့အစည်းရယ်လို့ဖြစ်လာတာပါ။

သေချာတာတစ်ခုကတော့ ‘နောက်လိုက်မရှိဘဲနဲ့ ဘယ်သူမှ ခေါင်းဆောင်မဖြစ်နိုင်ဘူး’ ဆိုတာပါပဲ။ အဖွဲ့အစည်းတွေရဲ့သမိုင်းကြောင်းကိုကြည့်ရင်လည်း အောင်မြင်မှု၊ ဆုံးရှုံးမှုတွေဟာ သူတို့ရဲ့ခေါင်းဆောင်တွေအပေါ်မှာ မူတည်တယ်ဆိုတာတွေ့နိုင်ပါတယ်။

 

ခေါင်းဆောင် ကောင်းရင်အဖွဲ့အစည်းရဲ့ စုစည်းမှုအားကောင်းပြီး ကြီးမားလာတတ်သလို ခေါင်းဆောင်ညံ့ရင် အဖွဲ့အစည်း လည်း ဖရိုဖရဲဖြစ်ပြီးကျဆုံး သွားတတ်ပါတယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ သူ့လက်ထဲမှာအပ်နှင်းထားတဲ့၊ ဒါမှမဟုတ်ရယူထားတဲ့ လုပ်ပိုင်ခွင့်တွေကို အလိုက်သင့်အသုံးချတတ်ဖို့လိုပါတယ်။

နောက်လိုက်တွေကို အမြဲတမ်းအလိုလိုက်အကြိုက် ဆောင်နေစရာမလိုသလို တင်းကျပ်မာထန်နေဖို့လည်း မလိုပါဘူး။ ကိုယ်ကြုံတွေ့ရင်ဆိုင်ရမယ့်အခြေအနေ ပေါ်မှာကြည့်ပြီး အလိုက်သင့်တုံ့ပြန်နိုင်ဖို့လိုပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ရေစုန်ရောရေ ဆန်ပါကူးနိုင်တဲ့ ငါးတွေလိုဖြစ်နေဖို့လိုပါတယ်။

 

Remember, a dead fish can float downstream, but it takes a live one to swim upstream. (W. C. Fields)

ရေလိုက်ငါးလိုက်ပြောင်းလဲနိုင်တဲ့ ခေါင်းဆောင်တွေကိုကြည့်ရင် သူတို့ဟာဦးတည်ချက်တစ်ခုကို ထားပြီး ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ ရှေ့ဆက်သွားနေကြတာကိုတွေ့ရပါမယ်။

ဒါပေမဲ့ သူတို့ရဲ့အတွေးအမြင် Perception ကတော့အမြဲပြောင်းလဲနေတာပါ။ သူတို့ရဲ့ ဦးတည်ချက်ရပ်တည်ချက်တွေကို ရှုထောင့်အမျိုးမျိုး ကနေလှည့်ပတ်ပြီး ကြည့်တတ်ကြပါတယ်။

 

ခေါင်းဆောင်မှုဆိုင်ရာ သီအိုရီတွေက ခေါင်းဆောင်ဆိုတာပြောင်းလဲခြင်းကို ဖော်ဆောင်သူလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ သူတို့ဟာ အပြောင်းအလဲကိုဖန်တီးရတယ်။

ဖန်တီးတဲ့အခါမှာလည်း သူများကို စောင့်မနေဘဲ ကိုယ်ကိုယ်တိုင်စပြီးရွေ့လျားရတယ်။ ခြေလှမ်းစရွှေ့တာနဲ့စိန်ခေါ်မှုတွေကရှေ့မှာ တသီကြီး ဒါတွေကို နောက်မဆုတ်တမ်းရင်ဆိုင်ရတယ်။

၂၁ ရာစုခေါင်းဆောင်တွေမှာ ဟိုးရှေးတုန်းက သူရဲကောင်း ခေါင်းဆောင်တွေလို လက်ရုံးရည်အားကိုးပြီးဖြေရှင်းကျော်လွှားလို့ မရတော့ဘဲပညာ၊ ဦးနှောက်နဲ့စာနာမှု၊ နှလုံး သားကိုအသုံးချရတဲ့နှလုံးရည်နဲ့သာ ဖြေရှင်း ကျော်လွှားရတာ။ ဒါကြောင့်ခေတ်သစ်ဦးဆောင်သူတွေဟာ နှလုံးရည်နဲ့ဥာဏ်ရည်မြင့်နေဖို့လိုပါတယ်။

 

ခေါင်းဆောင်တစ်ယောက်အဖို့ အပြောင်းအလဲလုပ်ရတာ အလွယ်မဟုတ်ပါဘူး။ သိပ်ခက်ပါတယ်။ ပြောင်းချင်သူတွေက ပြောင်းလိုက်ပါလားလို့ပြောနေပေမဲ့ တကယ်တမ်းဆန်းစစ်ကြည့်ရင် အမှန်တကယ်ပြောင်း ချင်သူကနည်းနည်းပဲရှိတာတွေ့ရပါမယ်။ အများစုကမပြောင်းချင်ကြပါဘူး။

ပြောင်းလဲလိုက်ရင်ရလာမယ့် ကောင်းမွန်ခြင်းရလဒ်တွေကို သိပေမဲ့အဲဒီကောင်းမွန်ခြင်းတွေဆီရောက်ဖို့ ပေးဆပ်ရင်းကျော်ဖြတ်ရမယ့် ခါးသီးခြင်းကာလကို မခံချင်ကြဘူး။

နတ်ရေကန်ထဲချလိုက်သလို အရှင်မွေးနေ့ချင်းကြီးဆိုတာမျိုးကိုပဲ မျှော်လင့်မိတတ်ကြတယ်။ အဲဒါကလည်း အပြစ်တော့မဆိုသာပေဘူး။

လူတိုင်းဟာမသေချာမှုကို ကြောက်တယ်လေ။ အနာဂတ်မှာ ဘာဖြစ်လာမယ်မှန်းမသိဘဲနဲ့ ခေါင်းဆောင်ကပြောင်းပြောင်းဆိုတိုင်း နောက်ကလိုက်ပြီးပြောင်းလိုက်ရင် လက်ရှိကနေလက်မဲ့ဖြစ်သွားမှာကိုစိုးရိမ်တယ်လေ။ အဲဒီစိုးရိမ်စိတ်က တစ်ယောက်ချင်းစီမှာစပြီးဖြစ်ရာကနေ သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်၊ သူ့ရပ်ရွာ၊ သူ့မြို့ ဆိုတာတွေကို တဖြည်းဖြည်းနဲ့ ကူးစက်ပြန့်ပွားသွားတာ။

အပြောင်းအလဲဆိုတာ နားထောင်လို့သာကောင်းတာ။ တကယ် ပြောင်းကြည့်ရင် နာကျင်မှုတွေအများကြီးကြုံရမယ်။ ဒဏ်ရာတွေကသာ သန်မာစေမှာဖြစ်တယ်။ ဒဏ်ရာမရှိဘဲ လွယ်လွယ်ပြောင်း လွယ်လွယ်ကောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

 

အလိုက်သင့်ခေါင်းဆောင်ရဲ့ နောက်မှာလိုက်ပြီး ပြောင်းလဲကြမယ်ဆိုရင် ‘ကျင့်ဝတ်’ ကအရေးပါ လှပါတယ်။

နယ်ပယ်အသီးသီးမှာလိုက်နာကြရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ ပြောင်းလဲဖို့လိုအပ်တယ် ဆိုတာကလည်းအဲဒီ ကျင့်ဝတ်တွေကိုလွယ်လွယ်ချိုးဖောက်ရင်း စွဲလမ်းသွားကြလို့ပါ။ လူ့ဘောင်လောကရဲ့ကျင့် ဝတ်တွေကို မလိုက်ကြတော့တဲ့အခါ လူတွေဟာကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားလာတယ်။ ကိုယ့်အကြောင်းပဲ ကိုယ်တွေးပြီး ကိုယ့်အတ္တကိုကိုယ်မွေးလာကြတယ်။

အဲဒီလို ကြာရှည်လေးမြင့်ဖောက်ဖျက်လာခဲ့တဲ့ ကျင့်ဝတ်တွေကို ခေါင်းဆောင်ဟာနေ့ချင်းညချင်း ပြင်လိုက်လို့မရနိုင်ဘဲ ရေလိုက်ငါးလိုက်နဲ့အလိုက်သင့်ပြင်ယူရပါတယ်။ အဲဒီအတွက်အချိန်ပေးရပါတယ်။ ရောက်ချင်တဲ့ခရီးပန်းတိုင်အရောက်သွားနိုင်ဖို့ ကျော်ဖြတ်ရမယ့်အဆင့်တွေအများကြီးပါ။ အဲဒါကို စိတ်ရှည်ဖို့ လိုပါတယ်။ ချက်ချင်းပြောင်း ချက်ချင်းကောင်းဖို့ မျှော်လင့်လို့မရပါဘူး။

 

အလိုက်သင့်ခေါင်းဆောင်က ဘယ်လောက်ကောင်းအောင်လုပ်နေနေ သူ့ကိုအတိုက်အခံလုပ်မယ့် သူတွေရှိနေမှာ အသေအချာပါ။ အဓိကကတော့ အပြောင်းအလဲမှာ မစားသာတော့တဲ့သူတွေဖြစ်ပါတယ်။

သူတို့ တစ်ချိန်လုံးသာသာယာယာနေခဲ့စားခဲ့ကြတဲ့ ဘဝနဲ့အခွင့်အရေးတွေကို အပြောင်းအလဲမှာ စွန့်လွှတ်ရ တော့မှာပါ။ အများကောင်းဖို့ အပြောင်းအလဲလုပ်နေတယ်ဆိုတာကို သိပေမဲ့ ‘တခြားဟာတွေပြောင်း ငါ့ဟာတော့လာ မထိနဲ့’ ဆိုတဲ့ အတ္တတွေကြောင့်အလျှော့မပေးနိုင်ဘဲတင်းခံမိတတ်ကြပါတယ်။

ကိုယ့်အထဲ ကဘာမှပဲ့ပါမသွားပေမဲ့ အရင်ရနေကျအခွင့်အရေးတွေ၊ သာယာမှုတွေမရနိုင်တော့ဘူးဆိုတာ သိကြတဲ့အတွက် အပြောင်းအလဲကို ဆန့်ကျင်ခုခံကြတာဖြစ်ပါတယ်။ ဒါမျိုးဟာနိုင်ငံ အသီးသီးနယ်ပယ်အသီးသီးမှာ ကြုံရနိုင်ပါတယ်။

 

ဒါကြောင့်မို့အလိုက်သင့်ခေါင်း ဆောင်တစ်ယောက်ဟာ အပြောင်းအလဲတစ် ခုခုလုပ်တော့မယ်ဆိုတိုင်း သတိကြီးကြီးထား ရမယ့်အချက်ကGap ဆိုတဲ့ ကွာဟမှုကိုသတိပြုရမှာပါ။

ပြောင်းလဲချင်သူတွေရဲ့စိတ်နေ စိတ်ထားနဲ့ မပြောင်းလဲဘဲနေမြဲနေချင်သူတွေရဲ့ စိတ်နေစိတ်ထားကွာဟချက်ဟာ သိပ်ကိုကြီးမားလှပါတယ်။

အဲဒီကွာဟချက်ကို နည်းနိုင်သမျှနည်းအောင် ခေါင်းဆောင်ကကြိုးစား ရာမှာအနုနည်းနဲ့သာ ကြိုးပမ်းကြရ ပါတယ်။ သဟဇာတမဖြစ်မှုတွေကိုဖြစ်လာအောင်လုပ်ဖို့ အချိန်ယူရသလို လွယ်လည်းမလွယ်လှပါဘူး။ ဒါပေမဲ့ နောက်လိုက်တွေအဖို့မှာတော့ ကြာလွန်းလှတယ်လို့ထင်တတ်ပါတယ်။

သူတို့ဟာ ခေါင်းဆောင်ပြောထားတဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ချင်ကြတာပါ။

ကြားခုလတ်မှာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို မစဉ်းစားချင် ကြဘူး။ ဒါကြောင့် ခေါင်းဆောင်ကို အားမလိုအားမရဖြစ်တတ်ပါတယ်။ အဲဒီအချိန်ဟာ ခေါင်းဆောင်အတွက် အရေးအပါဆုံးအချိန်ပါပဲ။

အလိုက်သင့်ခေါင်းဆောင်တွေဟာ နှလုံးရည်အားကြီးမားသူတွေဖြစ်ကြသလို ဥာဏ်ရည်မြင့်မားသူ တွေလည်း ဖြစ်တတ်ကြတယ်။ သည်းခံစိတ်ကြီးမားသူတွေဖြစ်ပြီး မဆုတ်မနစ်ရှေ့တိုးလိုတဲ့သူမျိုးတွေပါ။

အလိုက်သင့်ခေါင်းဆောင်တွေ ခေါင်းခြောက်အောင်ဖြေရှင်းရတဲ့ပြဿနာတွေဟာ နည်းပညာဆိုင်ရာ ပြဿနာမဟုတ်ဘဲ လူလူချင်းဖြစ်တဲ့ပြဿနာတွေကိုပဲ အများဆုံးဖြေရှင်းရတာပါ။

တစ်ယောက်ကိုတစ်ယောက် အပြစ်တင်တာ၊ စွပ်စွဲတာတွေလုပ်ရင်း အပြောင်းအလဲကို ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားလေ့ရှိကြတဲ့ လူ့သဘာဝကို နားလည်စွာနဲ့ အကင်းပါးပါးဖြေရှင်းရတဲ့ခေါင်းဆောင်ပါ။

 

ရှေးရိုးစွဲမဟုတ်ပေမဲ့ ကိုယ်ရနေကျအခွင့်အရေးတွေကို ဆုပ်ကိုင်ထားပြီး ပိုနေမြဲကျားနေမြဲ နေချင်ကြတဲ့လူစုနဲ့ တိုးတက်တဲ့အမြင်နဲ့ ရှေ့တိုးပြီးပြောင်းလဲချင်ကြတဲ့လူစုတို့ရဲ့ အဇ္ဈတ္တပဋိပက္ခကို ညင်ညင် သာသာသိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်ရပါတယ်။

ဖြစ်ပေါ်လာတဲ့အခြေအနေအရပ်ရပ်ကို တုံ့ပြန်နိုင်ဖို့အတွက် အလိုက်သင့်ခေါင်းဆောင်ဟာ အသင့်ဖြစ်နေဖို့လိုသလို ဥာဏ်ပညာ၊ စိတ်ကူး၊ အကြံအစည်၊ နူးညံ့တဲ့နှလုံးသား၊ ခိုင်မာတဲ့စိတ်ဓာတ် စတာတွေဟာ အလိုက်သင့်ခေါင်းဆောင်တွေရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။

 

ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း အလိုက်သင့်ခေါင်းဆောင်ဟာ တစ်ဖက်သတ်အားယူပြီးဖြေရှင်း လို့မရဘဲ မှန်ခြင်း၊ မှားခြင်း ဆိုတာထက်နှစ်ဦးနှစ်ဖက် မျှမျှတတပြေလည်ရေးကို ဦးတည်ပြီး အပေးအယူ လုပ်ရင်းညှိနှိုင်းဖြေရှင်းနိုင်ရပါတယ်။

အဲဒီလိုဖြေရှင်းရာမှာ အရေးအပါဆုံးက ‘ယုံကြည်မှု’ ပါ။ ခေါင်းဆောင်ကို မယုံရင် ဘယ်လိုမှညှိလို့နှိုင်းလို့မရနိုင်ပါဘူး။ ဒါကြောင့်မို့ ပဋိပက္ခမှာပါဝင်ကြတဲ့ သက်ဆိုင်သူအားလုံးနဲ့ ယုံကြည်မှုတည်ဆောက်ရပါတယ်။ အဲဒီအတွက်ပေးဆပ်ရတာက ‘အချိန်’ပါ။ ကာလကြာရှည်ဖြစ်လာခဲ့တဲ့ ပဋိပက္ခတွေကို ခဏချင်းအချိန်တိုတိုနဲ့ ပြေလည်ချင်အောင်မြင်ချင်လို့မရပါဘူး။

 

ပဋိပက္ခရဲ့ဇာစ်မြစ်ကို အကြေအလည်နားလည်တဲ့အပြင် ပဋိပက္ခမှာပါဝင်သူတွေရဲ့နှလုံးသားထဲက ခံစားချက်ကိုပါ နားလည်ရပါမယ်။ တစ်ဆက်ထည်းမှာပဲသူတို့ရဲ့ စိုးရိမ်စိတ်တွေကိုလည်း ထပ်တူခံစားနိုင်ဖို့ လိုပါတယ်။

အလိုက်သင့်ခေါင်းဆောင်တွေဟာ သူတို့ဘဝတစ်လျှောက်လုံး သူများပြဿနာ တွေကိုချည်းပဲ ဖြေရှင်းကြရသူတွေဖြစ်ပါတယ်။

သူတို့ရဲ့ရှင်သန်ခြင်းအဓိပ္ပာယ်ဟာ ပြဿနာဖြေရှင်းခြင်းပါပဲ။ အဲဒီလိုဖြေရှင်းနိုင် ဖို့အတွက် အလိုက်သင့်ခေါင်းဆောင်ဟာ ‘အလယ်လူ’ အဖြစ်ကြံ့ကြံ့ခိုင်ရပ်တည်နိုင်မှသာ ပြဿနာတွေကို သမာသမတ်ကျအောင် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အလိုက်သင့်ခေါင်းဆောင်တွေဟာ ပြီးပြည့်စုံသူတွေမ ဟုတ်ကြပါဘူး။

ဒါပေမဲ့ တာဝန်အပြည့်အဝယူသူ၊ ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်သူတွေ ဖြစ်ကြပါတယ်။ လူ့သဘာဝကန့်သတ်ချက်အရ သက်တမ်းသာကုန်ဆုံးသွားမယ်။ သူဖြေရှင်းနိုင်တဲ့ပြဿနာဟာ နည်းနည်းပဲရှိပြီး ဖြေရှင်းလို့မရဘဲ ကျန်နေတဲ့ပြဿနာတွေ အများအပြားဟာ ကျန်နေခဲ့လေ့ရှိပါတယ်။

 

Credit ; ကောင်းလွန်း

Read times
Rate this articles
(2 votes)