×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 25 July 2018

လူငယ်တွေ အမြင်ကျယ်စေဖို့

လူငယ်တွေ အမြင်ကျယ်စေဖို့ google.com

လူတွေဟာ အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ ဖတ်တဲ့စာ၊ ထိတွေ့တဲ့ ပတ်ဝန်းကျင်၊ လုပ်ဖူးတဲ့အမှား၊ ဒါတွေက များပြားလာတယ်။ ဒါကို အတွေ့အကြုံလို့ ခေါ်ကြတယ်။ ဒီအတွက် ကိစ္စတစ်ခုကို စဉ်းစားတဲ့အခါမှာ ပိုပြီး ရှု့ထောင့်အစုံကနေ စဉ်းစားတတ်လာတယ်။ “ကျယ်ပြန့်တဲ့အမြင်” တစ်ခု ရှိလာတယ်။

လူငယ်ဘဝမှာတော့ အတွေ့အကြုံ၊ ပညာ အားနည်းသေးတော့ တစ်ခါတစ်လေ တစ်ဖက်ကိုပဲ ကြည့်မိလိုက်တာ၊ ကိုယ်လိုချင်တာတစ်ခုကိုပဲ တောင်းဆိုမိလိုက်တာတွေ ရှိတတ်ကြတယ်။ ဒါက တကယ်တော့ ရှက်စရာလည်း မလိုဘူး။ ရှုံ့ချစရာလည်း မဟုတ်ဘူး။ အသက်အရွယ်၊ အတွေ့အကြုံအရ ဒီလိုပဲဖြစ်လိမ့်မယ်။


ဒါကြောင့် အရင်နဲ့ခု မတူတော့တာက ရှက်စရာ မဟုတ်ဘူး။ တူနေသေးတာကမှ ရှက်စရာလို့ မြင်မိတယ်။ အသက် ၁၈ နှစ်ကလည်း ဒီအမြင်မျိုး၊ အသက် ၂၈ နှစ်ကျတော့လည်း ဒီအမြင်မျိုးပဲဆိုရင်တော့ ၁၀ နှစ်စာ ဖြုန်းပစ်လိုက်သလိုပါပဲ။


ဟုတ်ပြီ၊ အသက်အရွယ်အလိုက် အတွေးအမြင်တွေ ကျယ်ပြန့်လာဖို့လိုတယ်။ ဒါဖြင့် စဉ်းစားစရာက အသက်ငယ်ငယ်နဲ့ရော ဒီလိုမျိုး တွေးတတ်ခေါ်တတ်ဖို့ မဖြစ်နိုင်ဘူးလား မေးကြည့်မိတယ်။ ဖြစ်နိုင်တာပေါ့။ ဖြစ်နိုင်လို့ပဲ အဲ့လိုလူငယ်တွေ အများကြီးတွေ့နေရတာပေါ့။ အဲဒီအတွက် ဘာတွေများ လိုအပ်မလဲ။


၁။ ဖွင့်ထားတဲ့စိတ် ရှိဖို့လိုတယ်

တကယ်တော့ Learn လုပ်တယ်ဆိုတဲ့နေရာမှာ ၃ ဆင့်ရှိပါတယ်။ Learn သင်ယူတယ်၊ Unlearn သင်ယူထားတာကို ဖျက်ပစ်တယ်၊ ပြီးမှ Relearn ပြန်လည်သင်ယူတယ်။ ဆိုလိုတာက ပညာရပ်တွေ၊ အတွေးအခေါ်တွေသည် အသစ် အသစ်တွေ ဖြစ်နေတယ်၊ ပေါ်နေတယ်။ ကိုယ်တစ်ခု သိပြီးပြီဆိုတိုင်း အဲဒါကိုပဲ တစ်သက်လုံး စွဲကိုင်ထားလို့ မရဘူး။ ဥပမာ ပြည်သူတစ်ယောက်ချင်းစီသာ ပြောင်းလဲလိုက်ရင် တိုင်းပြည်တိုးတက်ပြီလို့ သင်ယူလိုက်တယ်။ နောက်တော့ ပြန်စဉ်းစားကြည့်တယ်၊ အဲ့လို အစိုးရက မပါဘဲ ပြည်သူတွေကပဲ တစ်ယောက်ချင်းစီ ပြောင်းလဲရင်း တိုးတက်သွားတဲ့နိုင်ငံ ရှိလား၊ ခေါင်းဆောင်မှု ဆိုတာ ဘယ်လောက်အရေးကြီးသလဲ၊ ဒီလိုစဉ်းစားတာသည် Unlearn လုပ်တာ၊ ပြီးမှ ဒါဆို ခေါင်းဆောင်မှုဟာ သိပ်အရေးကြီးတာပဲ ဆိုပြီး Relearn ပြန်လုပ်တယ်။


ပြောချင်တာက တစ်ခုခုကို တရားသေမှတ်ယူလို့ မရတော့ဘူး။ တစ်ဖက်ပိတ် လုပ်နေလို့ မဖြစ်တော့ဘူး။ အမြဲတမ်း ပြန်ဆင်ခြင်နေဖို့လိုတယ်။ Unlearn နဲ့ Relearn လုပ်ဖို့လိုတယ်။ ဒီအတွက် ဖွင့်ထားတဲ့စိတ် ရှိဖို့ လိုပါတယ်။


ဘီလ်ဂိတ်စ်ပြောဖူးတဲ့ စကားလေး သိပ်ကောင်းပါတယ်။ "Smartness is an ability to accept new facts." စမတ်ဖြစ်တယ်ဆိုတာ အချက်အလက်အသစ်တွေကို လက်ခံနိုင်စွမ်းကို ခေါ်တာဖြစ်ပါသတဲ့။ ကျွန်တော်တို့ လူငယ်တွေ အဲ့လို စမတ်ကျဖို့ လိုပါတယ်။


၂။ အဝေဖန်ခံနိုင်ဖို့ လိုတယ်

စိတ်ကိုဖွင့်ထားပြီးရင် နောက်တစ်ဆင့်အနေနဲ့ အဝေဖန်ခံနိုင်ဖို့ ကြိုးစားသင့်တယ်။ ဝေဖန်တယ်ဆိုတာက တကယ်တော့ နာမည်ကျော်ပုဂ္ဂိုလ်တွေမှ ကြုံရတာမျိုး မဟုတ်ဘူး။ ကိုယ့်အထက်လူကြီးက ဆူတာ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေက အကြံပေးတာ၊ Customer က complain လုပ်တာ၊ ဒါတွေအကုန်လုံးသည် ဝေဖန်တာပဲ ဖြစ်တယ်။ ဝေဖန်တိုင်း လက်ခံနေရမယ် မဟုတ်သလို ဝေဖန်တိုင်း ငြင်းဆန်နေ၊ ရန်ပြန်တွေ့နေလို့လည်း မရဘူး။


"Feedback is the breakfast of the champions." ဆိုတဲ့ စကားလိုပါပဲ။ ဝေဖန်မှုတွေက ကိုယ့်ကို တိုးတက်စေတယ်။ တွန်းအားဖြစ်စေတယ်။ ကိုယ်မသိတဲ့ရှု့ထောင့်ကနေ မြင်မိသွားစေတယ်။ ကိုယ့်အားနည်းချက်ကို သတိထားမိစေတယ်။


ဒါကြောင့်မို့ ကိုယ်တစ်ခုခု လုပ်လိုက်တဲ့အခါတိုင်း ချီးကျူးသံတွေက ကိုယ့်ကိုဆက်လုပ်ဖို့ ခွန်အားပေးလိမ့်မယ်၊ ဒါပေမယ့် လှောင်ပြောင်သံတွေ၊ ဝေဖန်ပြစ်တင်သံတွေကပဲ ကိုယ့်ကိုပိုပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်လာစေမယ်ဆိုတာကို သိစေချင်ပါတယ်။

 

Recommended for you - အင်္ဂလိပ်စာနှင့် ဂျပန်စကားပြောသင်တန်း အခမဲ့ဖွင့်လှစ်မည်


၃။ စာဖတ်ပါ

ဒီနေ့ခေတ်မှာ မှားဖူးမှသာ အတွေ့အကြုံ ဖြစ်ရမယ်ဆိုတဲ့ အယူအဆ ကျန်ခဲ့ပါပြီ။ ပညာကိုရှာ၊ နည်းပညာကိုသုံးပြီး ရှေ့လူရဲ့ပခုံးပေါ်ကနေ နောက်လူက တက်ကြည့်တဲ့ခေတ် ဖြစ်နေပါပြီ။ သဘောက ကွန်ပျူတာဆိုတာ ဘာလဲ ပြန်တီထွင်နေစရာ မလိုတော့ဘူး။ လေယာဉ်ပျံကို စမ်းသပ်ပျံသန်းနေစရာ မလိုတော့ဘူး။


ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း စလုပ်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ၊ မှားနိုင်တဲ့ အမှားတွေကို သိဖို့အတွက် ကိုယ်တိုင်မှားဖူးစရာ မလိုဘူး။ မှားခဲ့ပြီးသားသူတွေဆီကနေ ဒါတွေကို လေ့လာလိုက်လို့ရတယ်။ သူတို့ပြောတဲ့ ဟောပြောချက်တွေ၊ စာအုပ်တွေ၊ ဗီဒီယိုတွေကတစ်ဆင့် လေ့လာလို့ရတယ်။ ကိုယ်ကြုံခဲ့ရတဲ့ အမှားကတစ်ဆင့် သင်ခန်းစာယူတာကို Lesson learnt လို့ခေါ်တယ်ဆို ဒီလိုကိုယ်မမှားဖူးဘဲ မှားဖူးသူဆီကတစ်ဆင့်ရတဲ့ သင်ခန်းစာကိုတော့ Lesson studied လို့ ဆရာတစ်ယောက်က သုံးဖူးတယ်။ အတွေ့အကြုံက အရေးကြီးတာမှန်ပေမယ့် တစ်ဖက်ကလည်း အဲဒီလို ကိုယ်တိုင်မမှားရဘဲ ရနိုင်တဲ့ သင်ခန်းစာတွေကို ခပ်များများ စုစေချင်ပါတယ်။


၎။ ဆန့်ကျင်ဘက်ကနေ တွေးကြည့်ပါ

အဲဒီအလေ့အကျင့်လေးလည်း လူငယ်တွေကို ရှိစေချင်တယ်။ ဒီဘိတ် (Debate) လုပ်သလိုပါပဲ။ ဒါပေမယ့် တစ်ယောက်တည်း လုပ်ရတာပေါ့။ Debate လုပ်တာတွေ နားထောင်လိုက်ရင် မတူညီတဲ့ ရှု့ထောင့်အသီးသီးကို သိလိုက်ရတယ်။ ဒီတော့ ရှု့ထောင့်စုံစုံ စဉ်းစားနိုင်သွားတယ်။ တစ်ခုတည်း၊ တစ်မျိုးတည်း သိနေတယ်ဆိုတာမျိုး မဟုတ်တော့ဘူး။ ဒါကြောင့်မို့ ဘာကိုပဲစဉ်းစားစဉ်းစား အဲ့လိုဆန့်ကျင်ဘက်ကနေ အမြဲ တွေးကြည့်ပါ။ ဥပမာဆိုပါတော့၊ မုဒိမ်းမှုတွေ မဖြစ်အောင် မိန်းကလေးတွေ လျှပ်ပေါ်လော်လီမဝတ်ကြဖို့ ဆုံးမကြတယ်။ ရုတ်တရက်ဆို ဟုတ်သလိုလိုပဲ။ စဉ်းစားကြည့်ပါ၊ လျှပ်ပေါ်လော်လီဝတ်တိုင်း အဓမ္မကျင့်ခံရသလား၊ အဓမ္မပြုကျင့်ခံရသူတွေကရော အဲ့လိုလျှပ်ပေါ်လော်လီ ဝတ်ထားကြလို့လား။ ဒီလိုတွေးလိုက်ရင် ဒါဟာ အဖြေမှန်ဟုတ် မဟုတ် သိသွားနိုင်ပါတယ်။


ဒါကြောင့် ဆန့်ကျင်ဘက်ကနေ တွေးကြည့်ပြီး မေးခွန်းထုတ်ပါ။ အမြဲ Why ဆိုတဲ့မေးခွန်းကို မေးပါ။ ငါ ဒီလိုထင်တယ်၊ ဟုတ်ပြီ ဘာကြောင့် ထင်တာလဲ၊ ဒီလိုရော မဖြစ်နိုင်ဘူးလား၊ ဒီလိုတွေးရင်၊ ဒီလိုမြင်ရင်ရော မရနိုင်ဘူးလား၊ အမြဲတွေးပါ။ အဲဒါက ကြောင်းကျိုးဆက်စပ် တွေးခေါ်မှု (Critical thinking) ကို အားကောင်းစေမှာ ဖြစ်သလို၊ ရှု့ထောင့်စုံစုံကနေ ကျယ်ကျယ်ပြန့်ပြန့် မျှမျှတတ တွေးတတ်လာစေမှာလည်း ဖြစ်ပါတယ်။


လူဟာ အသက်အရွယ်၊ အတွေ့အကြုံနဲ့လိုက်ပြီး အမြင်တွေ၊ တွေးခေါ်ပုံတွေ ပြောင်းလဲလာတတ်ပါတယ်။ ဒါ ပုံမှန်ပါပဲ။ ရှက်စရာလည်း မလိုပါဘူး။ မပြောင်းလဲဘူးဆိုမှသာ ပြဿနာပါ။ ပြောချင်တာကတော့ အသက်ငယ်ငယ်နဲ့ အမြင်ကျယ်ဖို့၊ တွေးခေါ်မှုအားကောင်းဖို့ လုပ်သင့်တဲ့ အချက်တစ်ချို့ကို ဝေမျှလိုက်တာပါ။ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ထင်ပါတယ်။

 

 

Recommended for you - ပညာပါရမီ (မြေနီကုန်း) တွင် ဂျပန်ဘာသာစကားသင်တန်း ဖွင့်လှစ်မည်

 

Recommended for you - ဘွဲ့ရအောက်ခြေ၀န်ထမ်းများကို ဆရာ၊ ဆရာမများအဖြစ် လျှောက်ထားခွင့်ပေးရန် ပညာရေးဝန်ကြီးဌာနသို့တင်ပြထားပြီ

 

Credit; ဒေါက်တာ ဖြိုးသီဟ

Read times Last modified on Saturday, 11 January 2020 09:38
Rate this articles
(1 Vote)