×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 21 September 2018

ဘီလျံနာသူဌေးကြီး ဝါရင့်ဘန့်ဖတ် (Warren Buffett) ရဲ့ လူသိနည်းတဲ့ အချက်များ

ဘီလျံနာသူဌေးကြီး ဝါရင့်ဘန့်ဖတ် (Warren Buffett) ရဲ့ လူသိနည်းတဲ့ အချက်များ google.com

ဘီလျံနာသူဌေးကြီးလည်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဂုရုကြီးလည်းဖြစ်သူ Warren Buffet က ယခုဆိုရင် အသက် ၈၇ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။

ဘီလျံနာသူဌေးကြီးရဲ့ အသားတင်ကြွယ်ဝမှုကတော့ $ 84 Billion ဖြစ်ပါတယ်။ ဒီလောက်ကျိကျိတက် ကြွယ်ဝချမ်းသာသော်လည်း တခြားသူဌေးကြီးတွေလို အဆောင်အယောင်တွေနဲ့ နေထိုင်ရတာကို မနှစ်သက်ဘဲ ရိုးရိုးရှင်းရှင်းနေထိုင်ရတာကို နှစ်သက်သူတစ်ယောက်ပါ။


Warren Buffett က ငွေကြေးချမ်းသာတယ်ဆိုပေမယ့် သူနေထိုင်တဲ့အိမ်လေးကတော့ တန်ဖိုးကြီးအိမ် မဟုတ်ပါဘူး။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ပိုင်ဆိုင်ထားတဲ့ Nebraska ပြည်နယ်၊ Omaha မှာတည်ရှိပါတယ်။ Warren Buffett နေထိုင်တဲ့ အိမ်ရဲ့တန်ဖိုးကလည်း သူစုစုပေါင်းပိုင်ဆိုင်မှုရဲ့ 0.001% လောက်သာ တန်ကြေးရှိပါတယ်။ နေ့စဉ်စားသုံးလေ့ရှိတဲ့ မနက်စာကိုလည်း 3.17 $ (4564 ကျပ်) ထက် ဘယ်တော့မှ ပိုမသုံးတာကြောင့် Warren Buffett ခုလို ချမ်းချမ်းသာသာနဲ့ သူဌေးဖြစ်နေတာကလည်း မဆန်းကြယ်ပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုစုဆောင်းမိနေပြီး အခုချိန်ထိ သန်းကြွယ်သူဌေးဖြစ်နေတဲ့ Warren Buffett မှာလည်း လူသိနည်းတဲ့ အချက်တွေရှိပါသေးတယ်။ ကမ္ဘာ့ကျော်သူဌေးကြီးရဲ့ လူသိနည်းတဲ့ အချက်တွေကတော့...


အသက် ၁၆ နှစ်အရွယ်မှာ $ 53,000 နဲ့ညီမျှတဲ့ ငွေပမာဏကို စုဆောင်းမိနေသူ

ဆယ်ကျော်သက်အရွယ်မှာတည်းက အသေးစားစီးပွားရေးလုပ်ငန်းတွေထဲက စာပို့တဲ့လုပ်ငန်းကို Warren Buffett က အစပျိုး လုပ်ကိုင်နေခဲ့ပါပြီ။ ဒါ့အပြင် အသုံးပြုပြီးသား ဂေါက်ဘောလုံးတွေနဲ့ တံဆိပ်ခေါင်း ရောင်းချခြင်းလုပ်ငန်းတွေ၊ ကားသန့်စင်ခြင်းလုပ်ငန်းတွေနဲ့ အသုံးပြုပြီးသား Pin Ball စက်တွေကို ပြန်လည်တပ်ဆင်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ရောင်းချခြင်းလုပ်ငန်းတွေကို ငယ်ရွယ်စဉ်ကတည်းက ပြုလုပ်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက Buffett က စီးပွားရေးအမြောက်အမြားပြုလုပ်ပြီး ငွေကြေးပမာဏအတော်များများ စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပထမအကြိမ် အလုပ်လျှောက်တုန်းက ငြင်းပယ်ခြင်း ခံရဖူးပါတယ်

Warren Buffett ကလည်း သာမန်လူတွေလိုပဲ ပထမဦးဆုံး သူလေးစားရတဲ့ပုဂ္ဂိုလ်ဆီမှာ အလုပ်အရမ်းလုပ်ချင်လို့ သွားရောက်လျှောက်ထားတဲ့အခါမှာ ငြင်းပယ်ခံရဖူးပါတယ်။ သူသွားရောက်လျှောက်ထားခဲ့တဲ့သူကတော့ “ The Intelligent Investor ” စာအုပ်ရဲ့ စာရေးဆရာဖြစ်တဲ့ Benjamin Graham ဖြစ်ပါတယ်။ Benjamin Graham ကတော့ Warren Buffett ရဲ့ Idol ဖြစ်ပါတယ်။ ဒါပေမယ့် Benjamin Graham က သူ့ကို ဂျူးလူမျိုးမဟုတ်တဲ့အတွက် အလုပ်ခန့်ဖို့ ငြင်းပယ်ခဲ့ပါတယ်။ အဲလိုငြင်းပယ်တာက အဖြေမဟုတ်ဘူးလို့ ယူဆပြီး Benjamin Graham ဆီမှာ အကြိမ်ပေါင်း မြောက်မြားစွာ ထပ်လျှောက်ခဲ့ပါတယ်။ ဘယ်လောက်ထိအောင် ဇွဲနပဲကြီးကြီးနဲ့လျှောက်ခဲ့လဲဆိုတော့ ဂျူးလူမျိုးမှ ခန့်မယ်ဆိုတဲ့ Benjamin Graham ရဲ့ ဆုံးဖြတ်ချက် ပျက်သွားလောက်အောင် ဆက်တိုက်ကို အလုပ်လျှောက်လွှာ တင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဇွဲကောင်းလွန်းတဲ့အတွက် သူလေးစားရတဲ့ သူရဲ့ Idol ဆီမှာ အလုပ်ရရှိသွားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပထမအကြိမ်ငြင်းပယ်ခံရရုံနဲ့တင် ဇွဲမလျှော့ဘဲ ဆက်ကြိုးစားရင်း အောင်မြင်မှုရရှိနိုင်တယ်ဆိုတာကို သင်ခန်းစာယူနိုင်ပါတယ်။

 

Recommended for you - ယခုပညာသင်နှစ်အတွက် သင်္ချာအိုလံပစ်ပြိုင်ပွဲများ စတင်ကျင်းပတော့မည်


Public Speaking Class အတွက် $100 အသုံးပြုခဲ့ခြင်း

Warren Buffett အသက် ၂၁ နှစ်အရွယ်မှာတုန်းက လူတွေနဲ့ ပြောဆိုဆက်ဆံရတာကို အလွန်ကြောက်ရွံ့ခဲ့ပါတယ်။ အဲလိုကြောက်ရွံ့တဲ့အတွက် လူတွေနဲ့ပြောဆိုဆက်ဆံခြင်းပညာရပ်ကို တတ်ကျွမ်းဖို့အတွက် Dale Carnegie Course ကို $100 ပေးပြီးတက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် သူမိန်းမနဲ့ လက်ထပ်ပြီးတဲ့နောက်မှာတော့ လူတွေနဲ့ ပြောဆိုဆက်ဆံရတာ ကြောက်တဲ့စိတ်တွေ အရှင်းပျောက်သွားခဲ့ပါတယ်။


အသက် ၁၁ နှစ်အရွယ်မှာ ပထမဆုံးရှယ်ယာကို ဝယ်ယူခဲ့ပါတယ်

သူ့အသက် ၁၁ နှစ်အရွယ်မှာ သူရဲ့ပထမဦးဆုံး စတော့ရှယ်ယာကို စတင်ဝယ်ယူခဲ့ပါတယ်။ သူဝယ်ယူခဲ့တဲ့ ရှယ်ယာတွေကတော့ Cities Service ရဲ့ရှယ်ယာတွေဖြစ်ပြီး အစုရှယ်ယာတစ်ခုကို 38$ ပေးကာ ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။


သူဘဝတစ်သက်တာလုံးမှာ e-mail တစ်စောင်ပဲ ပို့ဖူးပါတယ်

သူ့ဘဝတစ်သက်တာလုံးမှာ Microsoft က Jeff Raikes ဆီကိုပဲ Email တစ်စောင်ပို့ဖူးပါတယ်။ ဒါ့အပြင် သူ့အလုပ်စားပွဲမှာလည်း ကွန်ပျူတာမရှိသလို Smart ဖုန်းတွေထက် Flip ဖုန်းကိုသာ စွဲစွဲမြဲမြဲအသုံးပြုရတာကို နှစ်ခြိုက်သူပါတဲ့။


တစ်ရက်တာရဲ့အားလပ်ချိန် ၈၀ ရာခိုင်နှုန်းကို စာဖတ်ခြင်းနဲ့ ကုန်ဆုံးပါတယ်

Warren Buffett ဟာ အားလပ်ချိန်တိုင်းမှာ စာဖတ်တာတွေ၊ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေအကြောင်း လေ့လာတာတွေ လုပ်လေ့ရှိပါတယ်။ တစ်နေ့ကို စာမျက်နှာ ၅ဝဝလောက် ဖတ်လေ့ရှိပြီး အားလပ်ချိန်ရဲ့ ၈ဝ ရာခိုင်နှုန်းကို စာဖတ်ခြင်းနဲ့သာ ကုန်ဆုံးလေရှိပါတယ်။


အောင်မြင်မှုကို ငွေကြေးနဲ့မတိုင်းတာပါဘူး

သူက ပိုက်ဆံအမြောက်အမြားရှာနိုင်တာကို အောင်မြင်တယ်လို့ မယူဆပါဘူး။ အောင်မြင်မှုကို လူဘယ်လောက်ချစ်လဲနဲ့ပဲ သူကတိုင်းတာပါတယ်။ လူတွေပေါ်အကျိုးပြုတဲ့အတွက်ကြောင့်သာ လူချစ်လူခင်များရတာ ဖြစ်တာမို့ လူချစ်လူခင်များမှုက အောင်မြင်မှုအစစ်မှန်ဖြစ်တယ်လို့ ခံယူထားသူုဖြစ်ပါတယ်။ ချစ်ခင်ခံရဖို့ အကောင်းဆုံးနည်းလမ်းကတော့ သူတစ်ပါးပေါ် ကူညီတတ်ပြီး ချစ်ခင်နှစ်သက်ဖွယ်ကောင်းအောင် နေထိုင်တတ်ဖို့ပဲလိုတယ်လို့ ပြောကြားဖူးပါတယ်။


အလှူအတန်းရက်ရောသူလည်းဖြစ်ပါတယ်

Warren Buffett က ငွေရှာကောင်းသူဖြစ်ရုံသာမကဘဲ အပေးအကမ်းရက်ရောသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူက လွန်ခဲ့သော ဆယ့်စုနှစ်ကျော်အထိကို $ 27 Billion ပေးလှူထားပြီးဖြစ်လို့ အလှူအတန်းရက်ရောလွန်းသူအဖြစ်လည်း ကမ္ဘာတစ်ဝှမ်းမှာ ထင်ပေါ်ကျော်ကြားလို့နေပါတယ်။

 

Recommended for you - ဘဝမှာကြိုတင်ပြင်ဆင်ထားသင့်သည့်အရာများ

 

Credit; H.H(Akhayar)

Read times Last modified on Wednesday, 08 January 2020 14:52
Rate this articles
(1 Vote)