နေ့စဉ်ရုံးတက်နေရတဲ့ သူငယ်ချင်းတို့ရေ... ကိုယ့်အလုပ်စားပွဲအမြင်ရှင်းမှ အလုပ်လုပ်ရတာ စိတ်ချမ်းသာမယ်မဟုတ်လား။
အလုပ်စားပွဲအမြင်ရှင်းတယ်ဆိုတာနဲ့ပဲ စားပွဲတစ်ခုလုံးရှင်းနေရမယ်မဆိုလိုဘူးနော်။ လိုအပ်တဲ့ပစ္စည်းတွေကလွဲလို့ ကျန်တာတွေကို နေရာမပေးဖို့ပါပဲ။ ဒါဆိုရင် လိုအပ်တဲ့ပစ္စည်းဆိုတာ ဘာတွေများဖြစ်မလဲ သိချင်ရင် အောက်မှာရေးထားတာလေးဖတ်လိုက်ပါဦး။
(၁) Sticky Note လေးတွေ
ဒါလေးတွေက အင်မတန်မှ လိုအပ်ပါတယ်။ ရုံးရောက်ပြီဆို အဲ့စာရွက်လေးတွေပေါ်မှာ ဒီနေ့လုပ်စရာရှိတာတွေမှတ် ပြီးရင် ကွန်ပျူတာပေါ်မှာ ဖြစ်ဖြစ် မြင်သာတဲ့နေရာမှာဖြစ်ဖြစ်ကပ်ထားမယ်ဆိုရင်တစ်နေ့တာ လုပ်ရမယ့်အလုပ်တွေကို မမေ့မလျော့နဲ့ လုပ်နိုင်ပြီပေါ့။
(၂) တန်ဆာပလာတွေထည့်ထားတဲ့ခွက်
ဘောပင်၊ ခဲတံ၊ Highlighter၊ Correction Pen ၊ ပေတံ၊ စာရွက်ညှပ်ကလစ်လေးတွေ၊ စတစ်ပလာ အစရှိတဲ့ ပစ္စည်းလေးတွေ ထည့်ထားတဲ့ခွက်လေးကိုလည်း သူငယ်ချင်းတို့ရဲ့ စားပွဲမှာ ထားသင့်ပါတယ်။ သူများဆီက ငှားလို့ရတယ်ဆိုပေမယ့်လည်း ကိုယ့်ဘာသာကိုယ် စုံစုံစိစိလေးထည့်ထားတော့ မျက်စိပသာဒလည်းဖြစ်၊ အလွယ်တကူလည်းသုံးလို့ရတာပေါ့နော်။
(၃) ဖုန်းအားသွင်းကြိုး
ရုံးမှာ အားသွင်းကြိုးတစ်ချောင်း အိမ်မှာ တစ်ချောင်း သပ်သပ်ခွဲထားပါ။ တစ်ခါတစ်လေ အိမ်ကနေ ဖုန်းအားမသွင်းမိလာတဲ့နေ့မျိုးကျမှ အရေးပေါ်အစည်းအဝေးသွားစရာရှိတာမျိုး၊ အပြင်သွားရမယ့်ကိစ္စပေါ်လာတာမျိုးကျ ရုံးမှာရှိတဲ့ အားသွင်းကြိုးအပိုနဲ့ အားသွင်း လိုက်ရုံပဲလေနော်။
(၄) ရေသန့်ဘူး
သောက်ရေသန့်ဘူးတွေ ခဏခဏ ဝယ်သောက်နေမယ့်အစား ပြန်သုံးလို့ရတဲ့ ရေသန့်ဘူးမျိုး ဆောင်ထားတာက ပိုကောင်းပါတယ်။
ရေသန့်ဘူး အသေးအစား ကြီးကြီးလေး ဆောင်ထားသင့်ပါတယ်နော်။
(၅) ချစ်ရတဲ့သူတွေရဲ့ ဓာတ်ပုံ
ချစ်သူရဲ့ ပုံပဲဖြစ်ဖြစ် မိသားစုပုံပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူလေးတွေရဲ့ ပုံဖြစ်ဖြစ် အလုပ်စားပွဲပေါ်မှာ တင်ထားပါ။ ဘာလို့လဲဆို အလုပ်ခွင်မှာ စိတ်ဖိစီးမှုများတဲ့ အခါတိုင်း သူတို့မျက်နှာလေးတွေကြည့်လိုက်တဲ့အခါ အပန်းပြေနိုင်တာမို့ပါပဲ။
(၆) တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းလေးတွေ
ဥပမာ သွားပွတ်တံနဲ့ သွားတိုက်ဆေး၊ ရေမွှေးဘူးသေးသေးလေးတွေ၊ လက်သည်းညှပ်လေးတွေ၊ နားဖားချေးကော်တဲ့ ဂွမ်းတံလေးတွေ အစရှိတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းလေးတွေ ဆောင်ထားသင့်ပါတယ်။
သူများကို ငှားဖို့ မဟုတ်ဘူးနော်။ ကိုယ်လိုရင်သုံးဖို့။ ပြီးတော့ အရေးကြီးဆုံးက လစဉ်သုံးပစ္စည်းလေးတွေ ဆောင်ထားပါ။ အရေးပေါ် ဖြစ်တော့ မှ သူများဆီက သွားတောင်းနေရတာ မလွယ်ဘူးရယ်။
(၇) အနွေးထည် (သို့) မာဖလာ
နောက်ပိုင်း ရုံးခန်းတော်တော်များများ အဲကွန်းတွေပါတော့ တော်တော်လေးအေးပါတယ်။ ကိုယ်က အအေးမကြိုက်ပေမယ့် အအေးကြိုက်တဲ့ သူပါလာရင် အဲကွန်းပိတ်ဖို့ဆိုတာ အားနာရတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ကိုယ့်အန္တရာယ်ကိုယ်သိပြီး အနွေးထည်ဖြစ်ဖြစ်
မာဖလာလေးဖြစ်ဖြစ် အံဆွဲထဲမှာ ထည့်ဆောင်ထားတာပါပဲ။
(၈) နားကြပ်
တစ်ခါတစ်လေ ကိုယ့်မှာ အာရုံတစိုက်လုပ်ရမယ့် အလုပ်ကိစ္စတွေရှိနေပေမယ့် လုပ်ဖော်ကိုင်ဖက်တွေက အသံနည်းနည်းဆူတဲ့အခါမျိုးကျ အဆင်မပြေလှပါဘူး။ အဲ့လိုအချိန်မျိုးကျ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရင်း အလုပ်လုပ်ရတာက ပိုပြီး အာရုံစူးစိုက်နိုင်ပါလိမ့်မယ်။
(၉) သွားရည်စာ
နေ့လည်နေ့ခင်း ညနေစောင်းလောက်ဆို ကိုယ်ရွှေဗိုက်က ဆန္ဒပြလာတတ်ပါတယ်။ သူ့ရဲ့ ဆန္ဒကို အချိန်မီဖြည့်ဆည်းနိုင်ဖို့အတွက် သွားရည်စာလေးတွေကိုလည်း အံဆွဲထဲမှာ ဆောင်ထားသင့်ပါတယ်။
(၁၀) အရေးပေါ် တစ်ကိုယ်စာ ဆေးသေတ္တာလေး
ကုမ္ပဏီတော်တော်များများရဲ့ HR ဌာနမှာ ဆေးဘူးလေးတွေဆောင်ထားတတ်ပါတယ်။ ဒါပေမယ့် အချိန်ကုန်သက်သာဆုံးနဲ့ စိတ်အချရ ဆုံးကတော့ ကိုယ့်ရဲ့ တစ်ကိုယ်စာ ဆေးသေတ္တာလေးပါပဲနော်။
(၁၁) အစိမ်းရောင်ပန်းအိုးသေးလေးတွေ
အစိမ်းရောင်က မျက်စိကို အေးစေတာမို့ အထူးသဖြင့် ကွန်ပျူတာအသုံးများတဲ့ သူငယ်ချင်းလေးတွေ ပိုလို့တောင် ထားထားသင့်ပါတယ်။
source: Christina (For Her Myanmar)