×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 30 March 2018

အမေရိကမှာ လက်ကျန်ငွေ ၁၃ ဒေါ်လာနဲ့ ဘဝကိုစခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ မြန်မာပြည်သား

အမေရိကမှာ လက်ကျန်ငွေ ၁၃ ဒေါ်လာနဲ့ ဘဝကိုစခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ မြန်မာပြည်သား google.com

မြန်မာနိုင်ငံသား ဖိလစ်မောင် Philip Maung(အမည်ရင်း-မောင်ဖုန်းလွင်)ဟာ ၁၉၈၉ခုနှစ်မှာ အိတ်ကပ်ထဲ အမေရိကန်ပိုက်ဆံ ၁၃ ဒေါ်လာဘဲပါပြီး အမေရိကန်နိုင်ငံကိုရောက်သွားခဲ့တယ်။အဲဒီကို ရောက်ခါစမှာ သူဟာကြုံရာအလုပ်တွေကိုလုပ်ရင်း ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။ နေစရာမရှိလို့ သူငယ်ချင်းရဲ့ ကားထဲမှာ တစ်ပတ်လောက် ညအိပ်ခဲ့ရတယ်။ ဂျပန်အစာ ဆူရှီလုပ်နည်းကို တစ်ပတ်နဲ့ အတတ်သင်ယူ ခဲ့တယ်။နောက်ပိုင်းမှာ အမေရိကန်နိုင်ငံအနှံ့မှာ ဆူရှီဆိုင်တွေဖွင့်ရင်းအရမ်းအောင်မြင်လာခဲ့တယ်။

၂၀၁၁ ခုနှစ်မှာ အမေရိကန်သမ္မတ အိုးဘာမားက အိမ်ဖြူတော်ကို ဖိတ်ပြီး ဂုဏ်ပြုတဲ့အခမ်းအနားကို တက်ရောက်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ သမ္မတကတော်ထိုင်တဲ့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ နေရာယူ ထိုင်ခွင့်ရခဲ့တဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့် သူဟာ အောင်မြင်မှုကို လွယ်လွယ်ကူကူရခဲ့တာ မဟုတ်ပါဘူး။ သူဘယ်လိုခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ် ဆိုတာ ဖတ်ကြည့်စေချင်ပါတယ်။

အဖေကစီးပွားရေးလုပ်ငန်းလုပ်ပေမယ့် ရရစားစားပါဘဲ။ ဒါကြောင့်ဖိလစ်တို့မောင်နှမခြောက်ယောက်ဟာ ငယ်စဉ်ကတည်းက ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နဲ့ နေခဲ့ကြရတယ်။ ဖိလစ်နဲ့သူ့အကိုဟာကျောင်းဆင်းလို့ အိမ်ပြန်ရောက်တာနဲ့ သူ့အဖေရဲ့ ဝက်ခေါက်ကင်လုပ်ရာမှာ ဝင်ကူလုပ်ပေးရပါတယ်။ သူတို့ညီအကိုဟာ ကျောင်းဆင်းလို့အိမ်အပြန်မှာ ဈေးကိုဝင်ပြီး ဝက်အခေါက်တွေ ဝယ်ကြရတယ်။ အိမ်ရောက်တာနဲ့ ဝက်ခေါက်က ဝက်မွှေးတွေကို ဇာဂနာနဲ့ တစ်ချောင်းစီ ဆွဲနှုတ်ကြရတယ်။ အချိန်အရမ်းကုန်သလို အတော် လည်းပင်ပန်းတဲ့အလုပ်ပါ။ တစ်ခါတစ်လေသူတို့ဟာ ညဥ့်နက် သန်းခေါင်ထိတောင် လုပ်ကြရတယ်။

ဆင်းရဲရင်ဒီလိုဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်စားရပါလား ဆိုတဲ့အသိကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရလိုက်တယ်။ သူ့မှာပျော်ရွှင်စရာကောင်းတဲ့ ကဘေးဘဝဆိုတာ မရှိခဲ့ပါဘူး။ ကျောင်းကိုသွားတယ်၊ ကျောင်းကပြန်လို့ အိမ်ပြန်ရောက်ရင်နဲ့ကျောင်းပတ်ရက်တွေမှာ အဖေနဲ့ဝက်ခေါက်ကင်လုပ်ရာမှာ ဝိုင်းကူလုပ်ပေးရတယ်။ ဒီလိုနဲ့ဘဲ သူ့ရဲ့ကလေးဘဝဟာ ကုန်ဆုံးသွားခဲ့ရတယ်။နေ့တိုင်း ပင်ပင်ပန်းပန်းလုပ်ရလွန်းလို့ ဆင်းရဲတဲ့ ဘဝကနေ လွတ်မြောက်နေချင်ခဲ့တယ်။

သူဟာ ကျောင်းမှာ စာအရမ်းကြိုးစားလို့ စာမေးပွဲတွေမှာ အမြဲတမ်းထိပ်ဆုံးအဆင့်က အောင်လေ့ရှိတယ်။ နောက်ပြီး ညမအိပ်ခင်မှာ နာမည်ကြီး အင်္ဂလိပ်ဝတ္ထုရှည်ကြီးတွေကိုဖတ်တယ်။ သိပ်နားမလည်ပေမယ့် ကြိုးစားဖတ်တယ်။ မသိတဲ့စာလုံးအဓိပ္ပါတယ်တွေကို အဂ်လိပ်-မြန်မာအဘိဓာန်မှာ ရှာကြည့်တယ်။ အင်္ဂလိပ်စာတိုးတက်ဖို့ သူ့ဘာသာသူ ကြိုးစားလေ့လာခဲ့တာပါ။ နောက်ပြီး ဒေးလ်ကာနဲဂျီရေးတဲ့”How to Win Friends and Influence People” စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ပြီး လူတွေနဲ့ ဆက်ဆံရေးမှာ လက်တွေ့ စမ်းသုံးကြည့်တယ်။

ဒီလိုနဲ့ ဖိလစ်ဟာ ၁၀တန်းကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်။ ဆရာဝန်လိုင်းတက်ဖို့ အမှတ် မီတာနဲ့ ရန်ကုန် ဆေးတက္ကသိုလ်ကိုတက်တယ်။ ပထမနှစ် အတန်းစတက်လို့ ၃လ အကြာမှာ သူ့မိဘတွေက နိုင်ငံခြားသား (FRC) ဖြစ်လို့ ဆိုပြီး ကျောင်းဆက်တက်ခွင့် မရတော့ပါဘူး။ အဲ့ဒီခေတ်မှာ အစိုးရက နိုင်ငံခြားသား သွေးနှောသူတွေကို ဆရာဝန်၊ အင်ဂျင်နီယာ စတဲ့ သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ တက်ရောက် ပညာသင်ယူခွင့် မပေးဘူး။ ရိုးရိုးမေဂျာဘာသာရပ်တွေကိုဘဲ သင်ယူခွင့်ရှိကြတယ်။ ဖိလစ်က အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ခုလိုပြောပြတယ်။ “ကျွန်တော့်မိဘတွေရော၊ ကျွန်တော်တို့ မောင်နှမအားလုံးဟာ မြန်မာနိုင်ငံ မှာ မွေးဖွားကြီးပြင်းလာခဲ့ကြတာပါ။ ဒါပေမယ့် အစိုးရက ကျွန်တော်တို့ကို နိုင်ငံသားမပေးဘဲ နိုင်ငံခြားသား လို့ဘဲ သတ်မှတ်ခဲ့ပါတယ်”တဲ့။ သူဟာ ဆေးတက္ကသိုလ်မတက်ရတာကြောင့် ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်ကို ပြောင်းလဲ သင်ယူခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာ ဓာတုဗေဒဘာသာ နဲ့ သိပ္ပံဘွဲ့ရခဲ့တယ်။

ဘွဲ့ရပြီး မကြာခင်မှာ သူဟာထိုင်ဝမ်နိုင်ငံ(Tai-wan)က တက္ကသိုလ်တစ်ခုကို ကျောင်းတက်ခွင့်ရဖို့ လျှောက်လိုက်တယ်။ တက်ရောက်ခွင့်ရသလို ပညာသင် စကောလားရှစ် ဆုကိုပါရလိုက်တယ်။

ဒါကြောင့် ထိုင်ဝမ်ကိုထွက်သွားပြီး ကျောင်းသွားတက်တယ်။ ဒါပေမယ့်သူဟာ ပထမနှစ်မှာတင် ကျောင်းထွက်လိုက်ရတယ်။ ဘာလို့လဲဆိုတော့ တရုတ်စာမှာ အားနည်းတာကြောင့် စာမလိုက်နိုင်လို့ပါ။ မြန်မာပြည်ပြန်ရင်လည်း စီးပွားရေးလုပ်စားဖို့ အဆင်ပြေမှာမဟုတ်လို့ မြန်မာပြည်ကို မပြန်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ထိုင်ဝမ်ကနေ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ လျှောက်လိုက်တယ်။ ဗီဇာကျလာတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံကိုသွားဖို့ သူစုထားတဲ့ ပိုက်ဆံဟာ လေယာဉ်လက်မှတ်ဖိုးမပြည့်လို့ သူ့မိဘ တွေနဲ့ သူငယ်ချင်းတွေဆီက ပိုက်ဆံချေး ငှါးပြီး လေယာဉ်လက်မှတ်ဝယ်လိုက်ရတယ်။

၁၉၈၉ ခုနှစ် သူ့အသက် ၂၂ နှစ် မှာထိုင်ဝမ်ကနေ လေယာဉ်စီးပြီး အမေရိကန်နိုင်ငံလော့စ်အင်ဂျဲလိစ့်မြို့ကို ထွက်လာခဲ့တယ်။ သူ့အိတ်ကပ်ထဲမှာ အမေရိကန်ပိုက်ဆံ ၁၃ ဒေါ်လာဘဲပါလာခဲ့တယ်။ အမေရိကန်မှာ ဆွေမျိုး၊ အပေါင်းအသင်း တစ်ယောက်မှမရှိဘူး။ ဘာလုပ်စားလို့ ဘာဖြစ်မယ်မှန်းလဲမသိဘူး။ ဒါပေမယ့် သူ့စိတ်ထဲမှာ တစ်ခုဘဲရှိတယ်။ အဲ့ဒါက ဘဝမှာ မစွန့်စားရဲရင် မအောင်မြင်ဘူး။ ဒါပဲ အမေရိကန်နိုင်ငံကို ရောက်တော့ ပတ်စပို့စ်ထဲမှာပါတဲ့ သူ့နာမည် “မောင်ဖုန်းလွင်”ဟာ အမေရိကန်နိုင်ငံ ထုံးစံအရ “ဖုန်းလွင်မောင်” ဖြစ်သွားတယ်။ သူ့နာမည်ကို အမေရိကန်လူမျိုးတွေ အခေါ်ရခက်တာကြောင့် သူ့ကိုယ်သူ “ဖိလစ်မောင်” လို့နာမည်ပေးလိုက်တယ်။

ရောက်ခါစဆိုတော့ သူ့မှာ အသိမိတ်ဆွေမရှိဘူး။သိပ်မကြာခင်မှာ ရန်ကုန်ဆေးတက္ကသိုလ် တက်ခဲ့စဉ်တုန်းက သိကျွမ်းခင်မင်ခဲ့တဲ့ အတန်းဖော်တစ်ယောက်နဲ့ အဆက် အသွယ်ရခဲ့ပြီး အဲ့ဒီ လူက လော့စ်အင်ဂျဲလိစ့်တက္ကသိုလ်မှာ ကျောင်းတက်နေတာပါ။ သူကနေစရာမရှိတဲ့ ဖိလစ်ကိုသနားပြီး သူ့အဆောင်ခန်းမှာ ခေါက်ကုတင်လေးနဲ့ အိပ်ခိုင်းတယ်။ ဒါပေမယ့် တခြားအခန်းဖော် တွေက အခန်းထဲမှာ လူပိုတစ်ယောက် လာနေတာကို မကြိုက်လို့ ဖိလစ်ကို မောင်းထုတ်လိုက်ကြတယ်။ ဒါကြောင့် ဖိလစ်ဟာညပိုင်းမှာ တစ်ပတ်လောက် သူငယ်ချင်းရဲ့ကားထဲမှာ သွားအိပ်ရတယ်။ အဲ့ဒီအချိန်ဟာ သူ့ဘဝမှာ စိတ်အဆင်းရဲရဆုံး အချိန်ပါလို့ သူပြန်ပြောပြတယ်။ ဒါပေမယ့်သူဟာ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ဖို့. စိတ်ပိုင်းဖြတ်ထားတယ်။

မကြာခင် သူ အထည်ချုပ်တဲ့ စက်ရုံတစ်ခုမှာ အဝတ်အစားအထုတ်တွေကို အတင်အချလုပ်ပေးရတဲ့ အလုပ်ရလို့ အခန်းကျဉ်းလေးတစ်ခုမှာ ငှါးနေလိုက်တယ်။ နောက်တော့ ဓာတ်ဆီဆိုင်တစ်ခုမှာ ညပိုင်း ဆီဖြည့်ရတဲ့ ကားရေဆေးအလုပ်လုပ်တယ်။ညပိုင်းအလုပ်လုပ်တော့ နေ့ခင်းပိုင်းမှာ သူ့အတွက် အင်္ဂလိပ်စာကိုလေ့လာဖို့အချိန်ရတယ်။ သူ စာအုပ်တွေကိုရသလောက်ဖတ်တယ်။စီးပွားရေးနဲ့ဆိုင်တဲ့ စာအုပ်တွေကို ပိုဖတ်ဖြစ်တယ်။ ဒေါ်နယ်ထရမ့်(ယခု အမေရိကန်သမ္မတ ရွေးကောင်ပွဲဝင်နေတဲ့ဘီလျံ နာသူဌေးကြီး Donald Trump)အကြောင်းနဲ့ သူရဲ့အိမ်မြေလုပ်ငန်းတွေကနေ ကြီးပွားချမ်းသာလာတဲ့ အကြောင်းတွေဖတ်ရင်း အားကျလာတယ်။လော့အင်ဂျဲလိစ့်မြို့က လှပတဲ့တိုက်အိမ်၊ တိုက်ခန်းတွေကို ကြည့်ရင်းတစ်နေ့ကျရင် အဲ့ဒီ အိမ်မျိုးမှာ နေနိုင်ရမယ်လို့ စိတ်ကူးယဉ်နေတယ်။

ချမ်းသာအောင် အိမ်မြေ ဝယ်ရောင်းလုပ်ရင် ကောင်းမလားလို့ သူစိတ်ကူးမိတယ်။ဒါကြောင့် အိမ်မြေ ဝယ်ရောင်းလုပ်နိုင်တဲ့ လိုင်စင်သင်တန်း သွားတက်လိုက်တယ်။ လိုင်စင်ရလို့ တကယ် အလုပ်လည်း စလုပ်ရော သူစိတ်မပါတော့ဘူး။ သူ ဘာကို စိတ်ဝင်စားသလဲဆိုတာကို ခေါင်းအေးအေးထားပြီး စဉ်းစား တယ်။ အဲ့ဒီမှာ သူတကယ်လုပ်ချင်တာက အစားအသောက်ရောင်းတဲ့လုပ်ငန်း ဆိုတာကို သိလိုက်တယ်။

အမေရိကန်လူမျိုးတွေဟာ အစား အရမ်းစားကြသူတွေမို့ အစားအသောက်လုပ်ငန်းလုပ်ရင် ဘယ်လိုမှ မရှုံးနိုင်ဘူးလို့လဲ သူတွက်မိတယ်လေ။ အမေရိကန်မှာ ဂျပန်အစာ ဆူရှီဆိုင်တွေ တစ်နေ့တစ်ခြား များလာ တာရယ်၊ အမေရိကန်လူမျိုးတွေကလည်း ဆူရှီ Sushi ကို နှစ်ခြိုက်စွာ စားနေကြတာကို သုသတိထားမိလာ တယ်။ဆူရှီဆိုင်ဖွင့်ပြီး ရောင်းဖို့စိတ်ကူးလိုက်တယ်။

ဂျပန်နိုင်ငံမှာ ဆူရှီကို ကျွမ်းကျင်စွာလုပ်နိုင်တဲ့ စာဖိုမှူးတစ်ယောက်ဖြစ်ဖို့ နှစ်ပေါင်းများစွာ သင်ယူလေ့ကျင့် ရတယ်။ ထမင်းချက်တာနဲ့ အသီးအရွက်လှီးဖြတ်တာကိုဘဲ နှစ်ချီလေ့ကျင့်ရတယ်။ ဖိလစ်က ဒီလောက် အချိန်တွေအများကြီးပေးပြီး မသင်ချင်ဘူး။ မြန်မြန်တက်မယ့်နည်းလမ်းကို ရှာတယ်။ သူဟာ အမေရိကန် နိုင်ငံက မြို့တစ်ချို့မှာ AFC ဆူရှီဆိုင်တွေဖွင့်ထားတဲ့ သူဌေးကြီး ရန်ချို(Rancho- Dominguez) ကိုသွား တွေ့ပြီး သူနေတဲ့လော့အင်ဂျဲလိစ့်မှာ ဆူရှီဆိုင်ဖွင့်ခွင့်တောင်းတယ်။ ရတဲ့အမြတ်ကို ခွဲပေးမယ်ပေါ့။ သူက ရန်ချိုကို “ကျွန်တော် အခု ဆိုင်နောက်ဖက် မီးဖိုခန်းကနေ လိုအပ်တာတွေ အကုန်လုပ်ပေးပါမယ်။ လုပ်ခ ပေးစရာ မလိုပါဘူး။ ဆူရှီလုပ်နည်းတက်ဖို့ အချိန်တစ်ပတ်ပဲ ပေးပါ။ တစ်ပတ်အတွင်း ကျွန်တော်တတ် အောင် လုပ်ပါမယ်” လို့ပြောတယ်။

သူဌေးကြီးကလည်း သူ့ရဲ့စိတ်အားထက်သန်မှုကို သဘောကျပြီး ဆူရှီဆိုင်ဖွင့်ခွင့် ပေးလိုက်တယ်။ အဲ့ဒီ တစ်ပတ်အတွင်းမှာ ဖိလစ်ဟာ နေ့မအိပ်၊ညမအိပ် အပြင်းအထန်လေ့လာတယ်။ အရမ်းကို ပင်ပန်းတယ်။ ဒါပေမယ့် ငယ်စဉ် ဝက်ခေါက်က ဝက်အမွှေးတွေကို တစ်ချောင်းချင်းစီ အကြာကြီး နှုတ်ရတာလောက်တော့ မပင်ပန်းပါဘူးလို့ သူ့ကိုယ်သူ ပြောရင်း စိတ်ဖြေတယ်။ သူက ” ကျွန်တော် အဓိကထား လေ့လာတာက လာစားသူတွေကို ဘယ်လိုဆက်ဆံတယ်။ ဘယ်လို ဝန်ဆောင်မှုပေးတယ် ဆိုတာကိုပါ။ လုပ်ငန်းလုပ်တယ် ဆိုတာ တကယ်တမ်း ပစ္စည်းရောင်းခြင်းထက် ဝန်ဆောင်မှုပေးတာက အဓိက ပိုကျပါတယ်” လို့ပြောပါ တယ်။ ဒီစကားဟာ လုပ်ငန်းလုပ်နေသူတွေအတွက် မှတ်သားစရာပါ။

လအနည်းငယ်အကြာမှာ ဖိလစ်ဟာ ဖလော်ရီးဒါးပြည်နယ်၊ အော်လန်ဒိုမြို့မှာ AFC လက်အောက်ခံ ဆူရှီ ဆိုင်တွေ စဖွင့်တယ်။ တဖြည်းဖြည်းနဲ့ သူဟာ ငွေကြေးချမ်းသာတဲ့ သူဌေးအချို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သွားပြီး အဲ့ဒီလူတွေက သူ့ကို ကိုယ်ပိုင် ဆူရှီဆိုင်ဖွင့်ဖို့ တိုက်တွန်းကြတယ်။ သူတို့လဲ အစုငွေ ထည့်ဝင် ကြမယ်ပေါ့။ ဒါကြောင့် ဖိလစ်ဟာ AFC နဲ့လမ်းခွဲလိုက်တယ်။ ဒါပေမယ့် သူဌေးတွေအချင်းချင်း စုငွေ ထည့် ဝင်ဖို့ကိစ္စမှာ သဘောတူညီမှု မရတာကြောင့် ဆုရှီဆိုင်ဖွင့်မယ့် အစီအစဉ် ပျက်သွားတယ်။ ဖိလစ်ဟာ သူ့ဘာသာသူ ဆိုင်ဖွင့်ဖို့ ငွေအရင်းအနှီးရအောင် ဘဏ်တွေမှာ ပိုက်ဆံလိုက်ချေးတယ်။ ဘဏ်တွေက ငွေချေးပေးဖို့နေနေသာသာ သူ့ကိုလက်ခံပြီးတောင် စကားမပြောကြဘူး။ သူ့မှာဘဏ်ကို အပေါင်ထားစရာ အိမ်လဲမရှိ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားလဲပြစရာမရှိ။ သူလဲ မတက်သာလို့ AFC သူဌေးကြီး ရန်ချိုကို ပြန်အောက်ကျို့ပြီး ဆိုင်ပြန်ခွင့်ဖို့တောင်းလို့ ချားလော့(Charlotte) နယ်မြေမှာ AFC ဆူရှီဆိုင်တွေ ပြန်ဖွင့်ခွင့်ရတယ်၊

နောက်၂ နှစ်အကြာ ၁၉၉၈ ခုနှစ်မှာဖိလစ်ဟာ လုပ်ငန်း ကျွမ်းကျင်လာပြီမို့ AFC နဲ့ လမ်းခွဲလိုက်ပါတယ်။ ကိုယ်ပိုင်ဆူရှီဆိုင်ကို မဖြစ်ဖြစ်အောင် ဖွင့်မယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီတစ်ခါလဲ ဘဏ်တွေမှာ ပိုက်ဆံလိုက်ချေးတာ မရပါဘူး။ ဒီတော့ သူစုထားတဲ့ ပိုက်ဆံလေးနည်းနည်းရယ်၊မိသားစုရဲ့ အကြွေးဝယ်ကဒ်(Credit card)တွေနဲ့ အတိုးကြီးကြီးပေးပြီး ချေးယူလိုက်တဲ့ပိုက်ဆံတွေပေါင်းပြီး ဆူရှီဆိုင် စဖွင့်ပါတယ်။ ဆိုင်နာမည်ကို ဟီရှိုဆူရှီ(Hissho Sushi)လို့ နာမည်ပေးလိုက်တယ်။Hissho ဆိုတာ ဂျပန်လို Cretain Victory “ကျိန်းသေပေါက် အောင်မြင်မှု”လို့ အဓိပ္ပါယ်ရပါတယ်။ အခု သူ့ဘေးနားမှာ လက်တွဲ လုပ်မယ့်ပါတနာတစ်ယောက် ရှိနေပါပြီ။ နယူးယောက်မြို့မှာ ကျင်းပတဲ့ သင်္ကြန်ပွဲမှာ ဆုံတွေ့ချစ်ကြိုက်ခဲ့ပြီး လက်ထပ်လိုက်တဲ့ သူ့မိန်းမ Kristina Tong ပါ။ မြန်မာအမျိုးသမီးပါဘဲ။ ဆူရှီ ဆိုင်တွေကို ဖွင့်ဖို့ “Lwin Family” ဆိုတဲ့ နာမည်နဲ့ ကုမ္ပဏီ ထောင်လိုက်တယ်။

ရုံးခန်းမငှါးနိုင်လို့ အိမ်ရှေ့ဧည့်ခန်းကို ရုံးခန်းလုပ်ထားရတယ်။ နှေးကွေးတဲ့ အင်တာနက်ကိုသုံးပြီး ဆူရှီ ဆိုင်ဖွင့်ချင်တဲ့ ကုန်တိုက်တွေကို အဆက်အသွယ်လုပ်ရတယ်။ ဖိလစ်က “ကျွန်တော်တို့ လင်မယားနှစ် ယောက်ဟာ ညလုံးပေါက် အလုပ်လုပ်ရင်း အိပ်ရေးပျက်ခဲ့ရတဲ့ညတွေ မနည်းခဲ့ပါဘူး။ တစ်နေ့မှာ အလုပ်အပ်မယ့် အင်ဒီယားနားက ကုန်တိုက်ပိုင်ရှင်နဲ့ တွေ့ပါတယ်။ သူ့ကုန်တိုက်မှာ ဆူရှီဆိုင်လာဖွင့် စေချင်လို့ ကျွန်တော်နဲ့တွေ့ဖို့ ချိန်းလိုက်တယ်။ အဲ့ဒီအချိန်ထိ ကျွန်တော့်မှာ business card မရှိသေးဘူး။ ဈေးအပေါဆုံး အညိုရောင်စက္ကူနဲ့ business card ကိုကွန်ပြူတာမှာ ကမန်းကတန်း ရိုက်ထုတ်လိုက် ရတယ်။ business card ကို ပေးလိုက်တော့ ဟိုလူက card ကိုသေချာကြည့်ပြီး ကျွန်တော့်ကို “ခင်ဗျားမှာ တကယ်ရော လုပ်ငန်းရှိရဲ့လား”လို့မေးတယ်။ ကျွန်တော့်ကို အယုံအကြည်မရှိလို့ သူ စကားဆက်မပြော တော့ဘဲ လှည့်ပြန်သွားပါတယ်။”

ချားလော့(Charlotte)နယ်မြေမှာ ပထမဆုံးဖွင့်လိုက်တဲ့ ဟီရှိုဆူရှီဆိုင်ဟာ အရမ်းရောင်းကောင်းလာတယ်။ ဒါကြောင့် ဆိုင်သစ်တွေကို တိုးချဲ့ဖွင့်လာရတယ်။ ဆိုင်စဖွင့်ပြီး ၁၀ နှစ်တာကာလမှာ ဆိုင်တွေအများကြီး ဖွင့်နေရလို့ ဝန်ထမ်းတွေလည်း အများကြီး ခန့်နေရတယ်။အမေရိကန်ရဲ့ ပြည်နယ်ပေါင်း ၄၀က ကုန်တိုက် တွေ၊ လေဆိပ်တွေ၊ ဆေးရုံကြီးတွေ၊ တက္ကသိုလ်တွေ၊ စစ်တပ်တွေမှာ ဟီရှိုဆူရှီဆိုင်ပေါင်း ၇၀၀ ကျော် ဖွငိ့လှစ်နိုင်ခဲ့တယ်။၂၀၀၈ ခုနှစ်အလွန် စီးပွားရေးကျဆင်းနေလို့ မလုပ်လက်မဲ့ များနေတဲ့ကာလမှာ သူရဲ့ဆူရှီဆိုင်တွေဟာ အမေရိကန်လူမျိုးများစွာကို အလုပ်ပေးနိုင်ခဲ့တယ်။ ဒီအတွက်ကြောင့်လည်း အမေရိကန်သမ္မတအိုဘားမားမှ အိမ်ဖြူတော်ကို ဖိတ်ပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

Credit: thettant

Read times Last modified on Tuesday, 07 January 2020 17:33
Rate this articles
(1 Vote)