အိပ်ရာကနိုးလာရင် လန်းဆန်းကြည်လင်တက်ကြွနေရမယ့်အစား ပျင်းရိလေးလံထိုင်းမှိုင်းပြီး တစ်ကိုယ်လုံး မသယ်ချင်ဖြစ်နေရတာက ပရောဂတစ်ခုခုကြောင့် ဖြစ်ပါလိမ့်မယ်။
ဒီအတိုင်းဆိုရင်တော့ Monday ဟာ ဒီလောက် စိတ်ညစ်စရာ မကောင်းသင့်ပါဘူး။ အရင်နေ့တွေကတည်းက တစ်ခုခုမှားယွင်းနေတဲ့ လူနေမှုပုံစံကြောင့်သာ အခုလိုဖြစ်နေတာ ဖြစ်မှာပါ။
ကော်ဖီတွေအများကြီးသောက်နေမိလား
“ ငါကတော့ ကော်ဖီသမားလေ။ ကော်ဖီတွေ ဘယ်နှခွက်ပဲသောက်သောက် ဘယ်လိုမှကိုမနေတာ ” အဲလိုမထင်ပါနဲ့။ တကယ်တော့ သင် သတိမထားမိဘဲ သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ လိုက်ဒုက္ခပေးနေတတ်တဲ့ အချစ်ရဆုံးမိတ်ဆွေကြီးက ကော်ဖီပဲ ဖြစ်ပါတယ်။ ကော်ဖီအသောက်များတဲ့လူတစ်ယောက်ဟာ အချိန်တိုင်း လေးလံထိုင်းမှိုင်းလာမယ်။ မသိမသာနဲ့ ခေါင်းကိုက်ဝေဒနာစွဲလာမယ်။ မနက်ခင်းတွေမှာ မရွှင်လန်းတော့ဘူး။ ဒါတွေဟာ ကော်ဖီအသောက်များလို့ပါ။ နည်းနည်းလျော့သောက်ကြပါနော်။
ရေဓာတ်နည်းနေပြီလား
ရေဟာ တစ်နေ့တာလုံးအတွက် အရေးအပါဆုံးအာဟာရတစ်ခုပါ။ ရေသောက်ရင် အသားအရေလှတာ၊ ကျန်းမာရေးကောင်းတာအပြင် ရွှင်လန်းတက်ကြွမှုကိုလည်း ဖြစ်စေပါတယ်။ ရေကို အလုံအလောက်မသောက်မိဘူးဆိုရင်တော့ တစ်နေ့တာလုံး ပင်ပန်းနွယ်နယ်နေဦးမှာပဲ။ ဒါကြောင့် မနက်မိုးလင်းတာနဲ့ ရေတစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်ပါ။ ရေက အကောင်းဆုံးသော အားဖြည့်ဆေးတစ်ခုဆိုတာကို မမေ့ပါနဲ့ဦး။
Recommended for you - ဘူးသီးတောင်၊ မောင်တော အခြေခံပညာကျောင်းများတွင် အစ္စလာမ်ဘာသာဝင် ဘွဲ့ရများလည်း အကူနေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ခန့်ထားသွားမည်
လှုပ်ရှားမှုရောလုပ်ဖြစ်ရဲ့လား
စနေ၊ တနင်္ဂနွေမှာ အေးအေးဆေးဆေး နားနေပါ။ ဒါပေမယ့် အိပ်ရာထဲမှာပဲ လှဲပြီး ဘာမှမလုပ်၊ ဘယ်မှမရွေ့နေတာကတော့ သိပ်မကောင်းပါဘူး။ လှုပ်ရှားမှုနည်းနေတာကလည်း သင့်ကို ပျင်းရိလေးလံလာစေတဲ့ အကြောင်းပြချက်တစ်ခုမို့လို့ပါ။ ညဘက် ကောင်းကောင်းအိပ်စက်နိုင်ဖို့ သင့်တင့်မျှတတဲ့ လှုပ်ရှားမှုရှိဖို့ လိုအပ်ပါတယ်နော်။ အပျင်းရောဂါစွဲကပ်သလို တစ်ချိန်လုံးနားနားနေနေငြိမ်နေမယ်ဆိုရင်တော့ စိတ်ပျက်စရာမနက်ခင်းတွေကို ပိုင်ဆိုင်နေရဦးမှာပါပဲ။
မှန်ကန်တဲ့အစားအသောက်တွေကိုရော ရွေးချယ်ရဲ့လား
နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကလည်း ကျွန်မတို့ရဲ့ အင်အားပြည့်ဖြိုးဖို့၊ စိတ်ရွှင်လန်းဖို့ စတာတွေကို အထောက်အကူပြုပါတယ်။ အရမ်းအီလည်နေတဲ့အစားအသောက်တွေကလည်း သင့်ရဲ့ လန်းဆန်းတက်ကြွမှုကို ထိခိုက်နိုင်သလို၊ အစားအသောက်ကို အများကြီးစားတာကလည်း တစ်နေ့တစ်နေ့ လေးလံထိုင်းမှိုင်းနေစေတဲ့ တရားခံပဲဖြစ်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့အစားအသောက်တွေနဲ့ အစားအသောက်ပုံစံတွေကို ရွေးချယ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ဒီလေးချက်ဟာ တစ်နေ့တာလုံးကြည်လင်လန်းဆန်းနေဖို့အတွက် အရေးကြီးတဲ့ လူနေမှုပုံစံတွေပဲဖြစ်ပါတယ်။ ဒါတွေမှားယွင်းနေရင်တော့ Monday ဟာ စိတ်ညစ်စရာကြီးပဲ တစ်သက်လုံးဖြစ်နေမှာပဲ။ Monday က သူ့ဘာသာသူနေတာနော်။ ကိုယ်တွေရဲ့ အမှားကြောင့် သာယာတဲ့နေ့လေးကို အပျက်စီးမခံလိုက်ပါနဲ့ဦး။
Recommended for you - ကမ္ဘာကျော်တွေ လိုက်နာကြတဲ့ ငါးနာရီစည်းမျဉ်း
Recommended for you - ပြည်ပမှာ ပညာတော်သင် သွားဖို့အကောင်းဆုံးမြို့များ
Credit; Moethaesay (Akhayar)