တစ်ယောက်ယောက်က ငါတော့ ဒီတစ်ပတ်ထဲ အင်္ဂလိပ်ဝတ္ထု ၅ အုပ်ဖတ်ဖြစ်တယ်လို့ လာပြောရင်တောင် အားကျမစောလိုက်ပါနဲ့နော်။ သူ့အထွာနဲ့သူပါ။ သူကတော့ ငါးအုပ်ဖတ်လို့ ကိုယ်လည်း ငါးအုပ်လိုက်ဖတ် မယ်ဆိုပြီးတော့တော့မစဉ်းစားလိုက်ပါနဲ့။
အဲဒီငါးအုပ်သာ ဖတ်လို့ ပြီးချင်ပြီးသွားမယ်။ ကိုယ်ဘာဖတ်လိုက်မှန်းကိုယ်တိုင်တောင် မသုံးသပ် မဆင်ခြင်နိုင်ရင် အချိန်သာကုန်သွားမယ်။ ဘာဗဟုသုတ အသိပညာမှ ရလိုက်မှာ မဟုတ်ပါဘူး။
အဲဒီတော့ဒီအချက်လေးတွေကို အချိန်ပေးပြီးသာ ကျင့်ပေးဖြစ်မယ်ဆိုရင် စာဖတ်သူကောင်းတစ်ယောက် ဖြစ်လာမှာပါနော်။ ပထမဆုံး စာအုပ်ကို စမကိုင်ပါနဲ့။ ဆောင်းပါးတိုလေးတွေက စကြည့်ပါ။ ကိုယ်စိတ်ဝင်စားမယ့် အကြောင်းလေးတွေ ရှာဖတ်ကြည့်ပေါ့နော်။
ဖတ်ရတာအဆင်ပြေလာပြီဆိုရင် လေးငါးမျက်နှာလောက်ရှည်တဲ့ Short story လေးတွေပေါ့။ ပြီးရင်တော့ အင်္ဂလိပ်သတင်းစာတစ်စောင်စ နှစ်စောင်စ ဖတ်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ စာအုပ်ပါးပါးလေးတွေဆီကူး… ပြီးတော့ ဝတ္ထုရှည်တွေ ဆီရောက်။ အိမ်ဆောက်သလိုပေါ့။
၁။ စာဖတ်ချိန်ကို သတ်သတ်မှတ်မှတ် ထားပါ။
ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာ ကိုဖတ်ရရင်တော့ ဘယ်သူမဆို စာဖတ်ပျော်နိုင်ပေမယ့် စာတကယ် ဖတ်တတ်ချင်ရင်တော့ သေချာ အာရုံစိုက်ပြီး နှစ်ထားဖို့လိုပါတယ်။ အဲဒီအတွက် အာရုံစူးစိုက်နိုင်မယ့် ဆိတ်ငြိမ်အေးချမ်းမယ့် အချိန်တစ်ခုကို သတ်မှတ်ထားလိုက်မယ်ဆိုရင် အခြားအနှောင့်အယှက်တွေရှိဖို့ ရာခိုင်နှုန်းနည်းသွားမှာပါ။ တစ်နေ့ကို မိနစ်သုံးဆယ်လောက်က စပါ။ အချိန်ပေးနိုင်လေ ပိုတိုးတက်လေပါပဲ။
၂။ ကိုယ်စိတ်ဝင်စားနိုင်လောက်တဲ့ အကြောင်းအရာကိုပဲ ရွေးဖတ်ပါ။
Science fiction မကြိုက်ဘဲနဲ့ Mars ဂြိုဟ်အကြောင်း ရေးထားတဲ့ စာအုပ်ကောက်ကိုင်ရင်တော့ သုံးလေးရွက်နဲ့တင် အီဆိမ့်သွားပါလိမ့်မယ်။ စာအုပ်ရွေးတဲ့အခါ သတိထားရမှာက ကိုယ်ဘာကိုစိတ်ဝင်စားတယ်ဆိုတာရယ်၊ ကိုယ့်ရဲ့ ဘာသာစကားကျွမ်းကျင်မှုအဆင့်ရယ်ကို ထည့်သွင်းစဉ်းစားပါ။
၃။ လောဘမကြီးမိပါစေနဲ့။
တဖြည်းဖြည်းနဲ့စာဖတ်နှုန်းမြန်လာတဲ့အခါ လောဘမကြီးမိပါစေနဲ့။ ဖြည်းဖြည်းနဲ့မှန်မှန်ဖြစ်အောင် ပြန်ထိန်းပါ။ စကားလုံးတိုင်းဟာ အကြောင်းအရာ တစ်ခုတည်းကို ရည်ညွှန်းတယ်ဆိုတာရှားပါတယ်။ အချိန်ယူပြီး စဉ်းစားပါ။ အသုံးအနှုန်းလှတာလေးတွေ မှတ်ထားပါ။ အရေးအသားပုံစံလေးတွေ သတိပြုပါ။ စာလုံးတစ်လုံးစီတိုင်းရဲ့အလှတရားကို သတိပြုမိလာပြီဆိုရင်တော့ စာတော်တော်ဖတ်တတ်ပြီလို့ သတ်မှတ်လို့ရပါပြီ။
၎။ ပြန်ဖတ်ပါ။
တစ်ခါဖတ်ဖူးရုံနဲ့ အလုံးစုံမှတ်မိတယ် ဆိုတာမရှိပါဘူး။ တစ်ခါတလေမှာ တစ်ခါတည်းဖတ်လို့ နားမလည်နိုင်တဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်။ ဒါမှမဟုတ် ကိုယ်မသိတဲ့ စာလုံးတွေလည်းရှိနိုင်ပါတယ်။ ပထမတစ်ခါ အဘိဓာန်ကြည့်လိုက်လို့ သိသွားပေမဲ့ မှတ်မိဖို့ ခဲယဉ်းပါတယ်။ ဒုတိယအကြိမ်မြောက်မှာတော့ မှတ်မိသွားနိုင်ပါပြီ။
အကယ်၍ ဝတ္ထုဖတ်ရင် တစ်အုပ်လုံး အစအဆုံးကို အနည်းဆုံးနှစ်ခါလောက်တော့ ပြန်ဖတ်ဖြစ်တယ်။ အဲဒါမှ ဇာတ်ကောင်တွေပြောတဲ့စကား၊ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပိုနားလည်ပြီး ဇာတ်ကြောင်းကို ကောင်းကောင်းသဘောပေါက်တယ်လို့ ခံစားရလို့။
၅။ စာအုပ်အပြင် တခြားအရာတွေပါ ဖတ်ကြည့်ပါ။
နောက်ဆုံးအနေနဲ့ စာအုပ်လို့ပြောပေမဲ့ စာအုပ်ကိုပဲဖတ်ရမယ်လို့မဆိုလိုပါဘူး။ Blogsတွေဖတ်ပါ။ Email ထဲဝင်လာတဲ့ စာတွေဖတ်ပါ။ Tweet တွေဖတ်ပါ။ ရုပ်ရှင်ထဲက စာတန်းထိုးတွေဖတ်ပါ။ သီချင်းစာသားတွေဖတ်ပါ။ English လိုရေးထားတဲ့ ဘယ်လိုစာမျိုးကိုမဆို ကြုံရင်ကြုံသလိုဖတ်ပါ။ အဲ့ဒါဆိုရင် Language skill သိသိသာသာ တက်လာတာကို သတိထားမိပါလိမ့်မယ်။
ဒီနည်းလမ်းတွေကိုသာ စမ်းလုပ်ကြည့်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ စာဖတ်အားကောင်းလာပြီးတော့ ဘာသာစကားအခက်အခဲဆိုတာကြီးကို ကျော်လွှားလာနိုင်မှာပါ။
source: Myat (For Her Myanmar)